အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချခံလိုက်ရတဲ့ မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို ပြန်လွှတ်ပေးဖို့ အမေရိကန် ထိပ်တန်း လွှတ်တော်အမတ် ၂ ဦးက တောင်းဆိုလိုက်ပါတယ်။
အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌ ဟောင်းဝါ့ဒ် ဘာမန် (Howard Berman) နဲ့ အောက်လွှတ်တော် လူများစုခေါင်းဆောင် စတန်နီ ဟိုယာ (Steny Hoyer) တို့က မနေ့ကပဲ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ကြတာပါ။
ကိုညီညီအောင်ကို စီရင်ချက် ချတာဟာ မတရားတဲ့ ပြစ်ဒဏ်ချမှတ်မှု ဖြစ်တယ်၊ သူ့ကို ပြန်လွှတ်ပေးပါလို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရိုးလီး (P.J. Crowley) က ပြောပါတယ်။
ကိုညီညီအောင်ကို မှတ်ပုံတင်အတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုတို့နဲ့ အင်းစိန်ထောင် တရားရုံးက မနေ့ကပဲ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာပါ။
ကိုညီညီအောင်ဟာ ကျန်းမာရေး မကောင်းတဲ့ သူ့ရဲ့မိခင်ဆီ အသွား မင်္ဂလာဒုံလေဆိပ်မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့မိခင်ဟာလည်း နိုင်ငံရေး လှုပ်ရှားမှုနဲ့ အဖမ်းအဆီး ခံနေရပါတယ်။
ကိုညီညီအောင် အဖမ်းခံခဲ့ရတုန်းက လေဆိပ်ထဲမှာရှိတဲ့ အကောက်ခွန် စစ်ဆေးရေးဂိတ် မရောက်ခင်မှာ အဖမ်းဆီးခံခဲ့ရပြီး မျှတတဲ့ တရားစစ်ဆေးမှုတွေလည်း မရှိခဲ့ဘူးလို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောပါတယ်။