သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာ အလုပ်သမားများ ဆက်လက် ဆန္ဒပြ


ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်မှာ တနင်္လာနေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ အလုပ်သမား သပိတ်တွေဟာ တခြားစက်ရုံတွေဆီကိုပါ တဖြည်းဖြည်း ကူးစက်လာနေပါပြီ။ အနည်းဆုံး စက်ရုံ ၂ ခုမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဒီကနေ့ ဆက်ပြီး ဖြစ်ပေါ်နေတာပါ။ အထည်ချုပ်စက်ရုံနဲ့ ရှူးဖိနပ်စက်ရုံက အလုပ်သမားတွေ သပိတ်မှောက်နေကြတာပါ။ လှိုင်သာယာ စက်မှုဇုန်က မျက်မြင်သက်သေ အလုပ်သမားတဦးက ဒီကနေ့ ဖြစ်နေတဲ့ ဆန္ဒပြမှုတွေအကြောင်း ဗွီအိုအေကို သူသိသလောက် ရှင်းပြပါတယ်။

“မြန်မာစန္ဒီလေ၊ ဖိနပ်စက်ရုံ၊ စက်မှုဇုန် ၂ ထဲကပါ။ ဒီနေ့စတယ်ပေါ့။ ၁၂ နာရီခွဲလောက် ရောက်တော့ အလုပ်သမားတွေက သူတို့ရဲ့ အခွင့်အရေး တောင်းဆိုတယ်။ လစာတွေ အရမ်းနည်းတာကိုး။ အဲဒီအတွက် တောင်းဆိုတယ်။ နောက် အချိန်တွေကို ပြန်ပြီး သတ်မှတ်ပေးဖို့။ သူတို့က မနက် ၆၊ ည ၉ အဲဒါမျိုး ဆင်းရတယ်။ ပိတ်ရက်မရှိဘူး။ ပိတ်ရက်တွေ ဘာတွေ သူတို့ကို ပေးဖို့။

“ပိတ်ရက်မရှိဘဲနဲ့ ပျက်လို့ရှိရင် သူက ဘောပြုတ်တယ်ပေါ့။ ဘောပြုတ်တယ်ဆိုတာ တရက်ကို ၅,၀၀၀ ပေါ့။ အဲဒါမျိုး အခွင့်အရေးတွေ ဆုံးရှုံးတဲ့အတွက်ကြောင့် တောင်းဆိုတာပေါ့၊ မြန်မာစန္ဒီမှာ။

“အိုပယ် ၂ ကတော့ မနေ့က အခြေခံလစာကို ၅,၀၀၀ တိုးပေးတယ်။ ပြီးတော့ တလကို နောက်ထပ် ၁၀,၀၀၀ ဆောင်းပေးတယ်။ အားလုံးပေါင်း ၁၅,၀၀၀ တိုးပေးလိုက်တယ်ပေါ့။ ကျန်တဲ့စက်ရုံတွေက ညှိတုန်းပဲ။ မပြေလည်သေးပါဘူး။

“အိုပယ် ၂ က အချိန်ပိုင်းဆိုင်ရာလည်း သူတို့ တောင်းဆိုထားတယ်တဲ့။ မနက် ၆ ကနေ ပြန်တဲ့အချိန်က အရမ်းနောက်ကျတယ်။ ၉ နာရီ၊ တခါတလေ ၁၁ နာရီ။ အဲဒါမျိုး အချိန်ပိုင်းဆိုင်ရာတွေကို သတ်သတ်မှတ်မှတ် ပြောင်းဖို့ တောင်းဆိုတယ်။ အဲဒါကိုတော့ သူတို့က မလုပ်ပေးဘူး၊ ညှိလို့မရဘူး။ ပြောတာကတော့ စက်ရုံက ၅၀%၊ အလုပ်သမားက ၅၀%၊ အဲလို ရလိုက်တယ်ပေါ့။”

မျက်မြင်သက်သေ အလုပ်သမားတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့ စက်ရုံတွေ တဝိုက်မှာ လုံခြုံရေးတွေလည်း အထူး တင်းကျပ်ထားပါတယ်။ လုံထိန်းရဲတွေကလည်း ရာနဲ့ချီပြီး ရှိနေပါတယ်။ အလုပ်သမားတွေ တောင်းဆိုနေတာက အလုပ်ချိန် လျှော့ပေးဖို့၊ လုပ်ခ တိုးပေးဖို့၊ လုပ်ငန်းခွင် အခြေအနေနဲ့ အလုပ်သမားတွေရဲ့ ဘဝအခြေအနေတွေ တိုးတက်လာရေး တောင်းဆိုနေကြတာပါ။

အာဏာပိုင်တွေဘက်က အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဝင်ပြီး စေ့စပ်ပေးနေတာတွေ ရှိနေတယ် ဆိုပေမဲ့လည်း အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေက ဆက်ပြီး ဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG