သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြမှု နဲ့ ဦးဝင်းတင် အမြင်သုံးသပ်ချက်


လှိုင်သာယာ စက်မှုဇုံမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမား ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းသတင်း ထုတ်ဖေါ်မှုတွေ မရှိလို့ အသေးစိတ် မသိရသေးပေမဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါကြောင်း ရသင့်ရထိုက်တဲ့ မျှတတဲ့ အခွင့်အရေးတွေကို တောင်းဆိုတဲ့ အလုပ်သမားထုအပေါ် စစ်အစိုးရက နိုင်ငံရေးအရ တဖက်သတ် စွပ်စွဲမှုတွေလုပ်ပြီး ဖိနှိပ်လာမှာကိုလည်း စိုးရိမ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှူဆောင် ဦးဝင်းတင် က VOA ကို ပြောခဲ့ပါတယ်။ လှိုင်သာယာ စက်မှုဇုံမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမား ဆန္ဒပြမှုတွေနဲ့ အခြေအနေအကြောင်းအရာ၊ NLD သဘောထားများကို သိရှိနိုင်ဖို့ ဦးဝင်းတင်, ကို ဦးသန်းလွင်ထွန်း, က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဦးဝင်းတင် ။ ။ မြန်မာအသံတို့ ဘာတို့မှာ လုံးဝမပါဘူးဗျာ။ နောက်ပြီးတော့ အဲဒီနယ်တွေလည်း အဲဒီဘက်တွေက သတင်းက လူချင်းဆက်သွယ်မှု ရှိတဲ့လူလောက်ဘဲ သိတယ်။ အဲဒီနယ်တွေလည်း သွားလို့မရပြုလို့မရ။ ဘာဖြစ်လို့လည်းဆိုတော့ လုံခြုံရေးကားတွေ ရပ်ထားတာကို။ တခုဘဲရှိတယ် ဒီအပေါ်မှာ ကျနော်ရဲ့ မှတ်ချက်ပေးပါဆိုရင် အလုပ်သမားတွေရဲ့ တောင်းဆိုချက်က တရားတယ်။ တောင်းကိုတောင်းဆိုရမယ်ဟာ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီရှိသမျှ တနိုင်ငံလုံးမှာရှိတဲ့ ဝန်ထမ်းတွေအားလုံးကို လစာငွေ နှစ်သောင်း တိုးပေးနေမှတော့ ဒီအလုပ်သမားတွေကလည်း လိုက်တိုးတောင်းရမှာပေါ့။ ဝန်ထမ်းတွေအားလုံးကို လစာတိုးပေးလိုက်တဲ့အခါကြတော့ ကုန်ဈေးနှုန်းတွေကလည်း သိသိသာသာ တက်သွားတယ်။ အဲဒီတော့ ဒီအလုပ်သမားတွေက တောင်းရမှာဘဲ။ တောင်းတာတောင်မှ ဒီအစိုးရကနေ နှစ်သောင်းပေးနိုင်ပေမယ်လို့ စက်ရုံအလုပ်ရုံတွေက တိုးပေးနိုင်တဲ့ အလားအလာမရှိဘူး။ နောက်တခုက ကျနော်ပြောချင်တာက ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေကြားနေတာက ဒီစက်ရုံအလုပ်ရုံတွေက သူတို့ ဒီအလုပ်သမားတွေကို တိုးမပေးနိုင်ခြင်းအကြောင်းက sanction တို့ဘာညာတို့ကြောင့်။ ဆိုတော့ ဒါ ကျနော်ထင်တယ် ဘာမှသိပ်ဆိုင်လှတဲ့ကိစ္စ မဟုတ်ဘူး။ ဒါ သူတို့ရဲ့ လုပ်ငန်းသဘောလုပ်ရမယ့်ဟာ။ ဆိုလိုတာက ဒီဟာက တမင်ကို ဗမာပြည်ရဲ့ နိုင်ငံရေးကိစ္စကို သူတို့က ဒီအထဲကို ဆွဲသွင်းလာတယ်။ အဲဒီလိုဘဲ ယူဆလို့ရတယ်။ ဒီကိစ္စက နိုင်ငံရေးကိစ္စမို့လို့ သီးခြားဘဲ။ ဒီအလုပ်သမားတွေကို တန်ရာတန်ကြေးပေးဖို့။ သို့မဟုတ်လည်း လိုအပ်တဲ့အလျှောက်ပေးဖို့ဆိုတာကတော့ ဒီစက်ရုံအလုပ်ရုံတွေရဲ့ တာဝန်ဘဲ။ ဒီစက်ရုံအလုပ်ရုံတွေကို ပိုင်တဲ့လူတွေဆိုတာကလည်း နိုင်ငံခြားသားတွေလည်းပါတယ်၊ မြန်မာနိုင်ငံအတွင်းက စစ်အစိုးရနဲ့ နှီးနွှယ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတဲ့အခါကြတော့ ဒီပြဿနာမျိုးကိုတော့ ရှင်းပေး၊ ဖြစ်အောင်ရှင်းရမှာလို့ ထင်တယ်။ အလုပ်သမားတွေ တောင်းဆိုချက်တွေကလည်း တရားမျှတတယ်လို့ ထင်တယ်။ အဲဒီလို တောင်းဆိုချက်တွေ၊ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ဒီလို စစ်အစိုးရကနေ တပ်တွေ၊ ရဲတပ်တွေ တသီးကြီးနဲ့ ထုနဲ့ထည်နဲ့ ဝိုင်းဝန်ပိတ်ဆို့ တားဆီးဟန့်တား ခြိမ်းခြောက်တာကတော့ မသင့်ဘူးလို့ ကျနော်ထင်တယ်။ အဲဒီလိုဘဲ ကျနော်ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့်တော့ အာဏာပိုင်တွေက စေ့စပ်ညှိနှိုင်းပေးနေတဲ့ အနေအထား။ နောက်ပြီးတော့ ပြင်ပကို မပြန့်သွားအောင်ဆိုတဲ့ သဘောနဲ့ လုံထိန်းတပ်ဖွဲ့တွေနဲ့ ပိတ်ဆို့ထားတဲ့ အနေအထားမှာဘဲ ရှိပါတယ်။ ဒီထက်ပိုပြီးတော့ အကြမ်းဖက်ဖြိုခွဲမယ်ဆိုတဲ့ သတင်းမျိုးတွေ မကြားမိသေးပါဘူး။ ဒါတွေနဲ့ ပတ်သက်လို့ ဆရာတို့အနေနဲ့ ဘယ်လောက်ထိ စိုရိမ်မှုရှိပါသလဲ။


ဦးဝင်းတင် ။ ။ ကျနော် အခုနပြောခဲ့တဲ့အတိုင်းဘဲ ဒီဟာက အလုပ်သမားတွေကို ခြိမ်းခြောက်ရာ ရောက်နေပါတယ်။ ဖြေရှင်းပေးချင်တယ်ဆိုရင် ဒီစက်ရုံအလုပ်ရုံ ပိုင်ရှင်တွေက စောစောကပြောသလို သူတို့နဲ့ အစိုးရ နှီးနွှယ်ရင်းနီးနေတဲ့ ပိုင်ရှင်တွေဖြစ်တယ်။ နောက်တခုက နိုင်ငံခြားသားတွေဖြစ်တဲ့အခါကြတော့ နိုင်ငံခြားသားတွေနဲ့ ညှိနှိုင်းပေးရင် ပေးလို့ရတဲ့ဟာဘဲ။ အဲဒီတော့ ဒီဟာတွေ ညှိနှိုင်းပေးတယ်ဆိုရင် ကျနော်တို့က ဖြစ်စေချင်တာက အလုပ်သမားဝန်ကြီးဌာနကလူတွေ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တို့ ပုဂ္ဂိုလ်မျိုးတွေကိုယ်တိုင် ဆင်းလာပြီးတော့ ဖြေရှင်းပေးသင့်တာပေါ့။ ဒီရဲချုပ်ကနေ လာပြီးတော့ ဒီလောက်အထိ ထုနဲ့ထည်နဲ့ လုပ်တယ်ဆိုတာ ရှင်းရှင်းပြောရရင် အလုပ်သမားတွေကို ခြိမ်းခြောက်နေတာဘဲ။ ဖြေရှင်းတာမဟုတ်ဘူး ခြိမ်းခြောက်တာလို့ ယူဆတယ်။ အဲဒါဟာ မှားယွင်းတယ်။ အဲဒါအတွက် ကျနော်မှာ စိုရိမ်စရာ အခြေအနေတွေ အများကြီးပေါ်ပေါက်နေတယ်လို့ အဲဒီလိုဘဲ ကျနော်ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်များ အခုပြောသွားတာ ဆရာရဲ့ ကိုယ်ပိုင်ယူဆချက်ပေါ့။ ဒါပေမယ့်လည်း အခုမြန်မာနိုင်ငံမှာ အခြေခံစားဝတ်နေရေး ကြပ်တည်းမှုနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အဓိကပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီကိစ္စတွေကို ဘယ်လိုရပ်တည်ပြီးတော့ ဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါသလဲ။

ဦးဝင်းတင် ။ ။ ဒီလိုရှိတဲ့ခင်များ။ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ ဒီလိုကိစ္စတွေကို ဆောင်ရွက်လိုကို မရနိုင်အောင် လုပ်ထားတယ်။ ဘာဖြစ်လို့လည်းဆိုရင် ဥပမာ ကျနော်တို့နဲ့ ILO (International Labor Organization) ဆက်သွယ်လို့ မရအောင်လုပ်ထားတယ်။ ILO ကလည်း အခုနပြောသလို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်လာရင် သူတို့ကလည်း ဆက်သွယ်ချင်တဲ့၊ ဆက်ဆံချင်တဲ့ အနေအထားသိပ်မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ လုပ်ငန်းတွေမှာ အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ နေရာတွေမှာ အဟန့်အတားတွေ ဖြစ်မှာစိုလို့။ နောက်တချက်ကလည်း ကျနော်က ဒီအလုပ်သမားအရေးတွေ သွားပြီးလုပ်တဲ့အခါကြရင် ကျနော်တို့ အန်အယ်လ်ဒီ တို့ ပတ်သက်တယ်ဆိုရင် အလုပ်သမားအရေးအရာတွေမှာ ဆွေးနွေးဖြေရှင်းတဲ့နေရာမှာ အများကြီး အနှောက်အယှက်ဖြစ်သွားပြီ။ သူတို့က ကျန်တဲ့လူတွေကို စွပ်စွဲတာက ဒါ မင်းတို့ နိုင်ငံရေး မြှောက်ပေးတာ၊ နိုင်ငံရေးသွေးထိုးတာ ဘာညာဆိုပြီးတော့ ပျက်ပြားတယ်။ အဲဒီအပေါ်မှာ တည်ပြီးတော့ အန်အယ်လ်ဒီ က ဘယ်လိုဖြစ်နေသလည်းဆိုတော့ မလှုပ်နိုင် မယှက်နိုင် ဖြစ်နေတယ်။ သို့သော် ကျနော်တို့ ပြောချင်တာက ဘာလည်းဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မျက်ခြေမပျက် လေ့လာပါတယ်။ နောက်တချက်ကလည်း ဒီဟာတွေကို ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ရှာပါတယ်။ အဲဒီလို နည်းလမ်းတွေရှာတယ်ဆိုတဲ့ နေရာမှာ ကျနော်တို့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ မျက်ခြေမပျက် ကြည့်ပါ၊ တင်ပြတောင်းဆိုနိုင်တာတွေကို အောက်ခြေကနေလုပ်ပါဆိုတဲ့ သဘောထားတွေ ပေးထားတာရှိပါတယ်။ ဘာဖြစ်လို့ ဒီစကားကို ကျနော်က ပြောရသလည်းဆိုတဲ့အခါကြတော့ ကျနော်တို့ဟာ တိုင်းပြည်မှာ နိုင်ငံရေးအဖွဲ့အစည်းဆိုပြီးရှိနေတာ ကျနော်တို့ နိုင်ငံရေးကိစ္စသက်သက်ပဲ လုပ်နေလို့မရဘူး။ လူတွေရဲ့ ကိစ္စကိုကြည့်ရမယ်။ လူတွေမှာ ခံစားနေရတဲ့ပြဿနာတွေ အများကြီးရှိတယ်။ ဒီပြဿနာမျိုးတွေနဲ့ ပတ်သက်လာလို့ရှိရင် ကျနော်တို့ အန်အယ်လ်ဒီတို့ ဘာတို့ဟာ လက်ပိုက်လည်းကြည့်မနေဘူး၊ ကြည့်နေရတဲ့ အနေအထားမျိုးရောက်နေတာကိုလည်း ကျေနပ်ခြင်းမရှိဘူးလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ အလွန်ကို အရေးကြီးပါတယ်။ လူထုကိစ္စကိုမှ ကျနော်တို့ ဝင်ပါနိုင်ခွင့်မရှိလို့ မပါရတဲ့ အနေအထားမျိုးရောက်နေတာ စိတ်ကျေနပ်ဖွယ်မရှိတာ တပိုင်းပေါ့။ နောက်တခုက ကျနော်က ဒီလိုဟာမျိုးတွေ ကိစ္စတွေမှာ ကျနော်တို့ မေ့လျော့နေတယ်ဆိုတဲ့ အနေအထားမျိုး အချိန်မျိုးရောက်နေတာကိုက အတော်မကောင်းတာပါ။ အဲဒါကို ဖြေရှင်းဖို့၊ ဒီအခြေအနေကို ရှင်းလင်းဖို့က ကျနော်တို့ကိုယ်တိုင်က ဒီလိုကိစ္စတွေမှာ ကျနော်တို့က အသံထွက်အောင်လုပ်ရမှာဘဲလို့ ကျနော်ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ ဆရာတို့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီအခြေအနေအပေါ်ကို တစုံတရာ ထုတ်ပြန်ကြေညာချက် လုပ်ဖို့ရှိပါသလား။

ဦးဝင်းတင် ။ ။ အဲဒီလောက်အထိတော့ ရှိမယ်မထင်ဘူး။ ဘာဖြစ်လို့ မရှိဘူးလည်းဆိုရင် အခုနပြောသလို သူတို့ဖြေရှင်းနေတဲ့နေရာတွေမှာ အန်အယ်လ်ဒီ ပါဝင်ခြင်းအားဖြင့် အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းတွေ့တယ် ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့က အကျိုးဆောင်ချင်တဲ့ဟာမျိုးနဲ့ လုပ်ပေးပေမယ့် သူတို့အလုပ်သမားတွေကိစ္စမှာ ခက်ခဲမှာစိုတယ်။ အလုပ်သမားတွေကိစ္စက အခုအတိုင်းဆိုရင် ဝန်ထမ်းတွေ နှစ်သောင်း တိုးနေတဲ့အချိန်မှာ သူတို့က တစ်သောင်းလောက်ဘဲ တိုးတဲ့အနေအထားမျိုး ဖြစ်နေတယ်။ တချို့ ငါးထောင် လောက်ဘဲ တိုးတဲ့ဟာတွေ ဖြစ်နေတဲ့အခါကြတော့ ကျနော်တို့က ဒီအခက်အခဲတွေကို ပိုပြီးတော့ ရှုပ်ထွေခက်ခဲတဲ့ အနေအထားမျိုး မရောက်စေချင်တဲ့အတွက်ကြောင့် ကျနော်တို့က လေ့လာနေတယ်၊ ကြည့်ရှု့နေတယ်။ တဖက်ကနေ ကျနော်တို့ ILO တို့ဘာတို့နဲ့ ညှိနှိုင်းဆက်ဆံရတဲ့အခါမှာ ကျနော်တို့ သဘောထားတွေကို ပြောပြီးတော့ တနည်းနည်းနဲ့ ဖိအားပေးတဲ့ပုံစံမျိုးတွေနဲ့ လုပ်ဖို့ ရည်ရွယ်ချက်လောက်ပဲ ရှိတယ်။ ဒီအထဲမှာတော့ တိုက်ရိုက်ဝင်ပြီးတော့ ပါဝင်ပတ်သက်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ပြင်ပကနေ ရှုမြင်သုံးသပ်ချက်တချို့ကို ကျနော်ပြောပြပါမယ်။ ဥပမာအားဖြင့် ၁၉၉၆ ခုနှစ်တုန်းကဆိုရင် ကျောင်းသားတွေ ဆန္ဒပြပွဲဖြစ်ခဲ့တဲ့အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တစုံတရာကြေညာချက် ထုတ်ပြန်ပြီး ရပ်တည်ချက် ကြေညာခဲ့ခြင်းမရှိခဲ့ဘူး။ အလားတူပဲ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ဘုန်းတော်ကြီးတွေ အရေးအခင်းတွေ ဖြစ်တဲ့ကိစ္စမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိတိကျကျ သဘောထားထုတ်ပြန်ပြီး ပါဝင်ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိတဲ့အတွက်ကြောင့် အမျိုးမျိုးဝေဖန်ခံခဲ့ရတဲ့ဟာတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီလို ဒီကိစ္စမျိုးတွေကို သင်ခန်းစာယူပြီးတော့ အခုလို အခြေအနေမျိုးမှာ အလုပ်သမားတွေဖက်ကနေ တစုံတရာပြတ်သားတဲ့ ရပ်တည်ချက်ထုတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရည်ရွယ်ချက် မရှိဘူးလား။

ဦးဝင်းတင် ။ ။ လောလောဆယ်တော့ ကျနော်တယောက်တည်းတော့ မပြောနိုင်ဘူးပေါ့။ သို့သော် ကျနော် အခုပြောဆိုချက်တွေ သို့မဟုတ် ပြင်ပက ရိုက်ခတ်လာတဲ့ ဝေဖန်ချက်တွေဆိုတာတွေကို နားထောင်ရမယ်လို့ ကျနော်သဘောရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း နားထောင်ပါတယ်လို့ ကျနော် ပြောနိုင်ပါတယ်။ အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် ဘယ်လိုလုပ်ရမလဲဆိုတာလည်း အခု ခင်များတို့ဆီက ကြားတဲ့သတင်းတွေအရ ကျနော်တို့ ဆောင်ရွက်သွားပါမယ်။ ကျနော်တို့လည်း မပြတ်လေ့လာနေပါတယ်။ အခုနပြောတဲ့ အနေအထားတွေနဲ့တော့ သိပ်တော့မတူလှဘူး။ ဒီဟာတွေကတော့ ရိုးရိုးအလုပ်သမားတွေရဲ့ ကိစ္စ၊ ဟိုဟာတွေကတော့ နိုင်ငံရေးကိစ္စတွေနဲ့ နွှယ်နေတဲ့ကိစ္စတွေဆိုတော့ တမျိုးစီတော့ တမျိုးစီပေါ့။ ဘယ်လိုဘဲပြောပြော ဒီလိုဟာမျိုးက ကျနော်တို့ ပြောပြောနေတဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးမျိုးဖြစ်ရမယ်ဆိုတဲ့ဟာကို ကျနော်တို့ ရပ်တည်ပြီးတော့ ပြောနိုင်တာကတော့ ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တတ်နိုင်သမျှ ကြည့်ရှုနေပါတယ်၊ လေ့လာနေပါတယ်။ ကျနော်တို့ လုပ်နိုင်တာ လုပ်ပါမယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ အခြေအနေကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့အနေအထားပေါ့။ ဒီအခြေအနေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့ အနေအထားမျိုးဘဲ ဖြစ်သွားအောင် အလုပ်သမားတွေနဲ့ ပြည်သူလူထုရဲ့ လိုလားတဲ့အခြေအနေတွေကို ဖြည့်ဆည်းအောင် ဆိုလိုရှိရင် ဆရာတဦးတည်းအနေနဲ့ ဘာတွေများ အကြံပေးချင်ပါသလဲ။

ဦးဝင်းတင် ။ ။ ကျနော် အကြံပေးချင်တာကတော့ အကောင်းဆုံးကတော့ ဒီဟာတွေ ပြဿနာတွေက ရှိနေပါတယ်။ အလုပ်သမားတွေရဲ့ ပြဿနာတွေက တကယ်ခံစားနေရတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ အစိုးရအနေနဲ့ ဖြေရှင်းဖို့ ကောင်းတာကတော့ စနစ်တကျ ညှိနှိုင်းပြီးတော့ ပါဝင်ညှိနှိုင်းခြင်းပုံစံနဲ့ ဖြေရှင်းပါ။ ဒီလို စစ်တပ်၊ တပ်တွေခေါ် လုံခြုံရေးတွေခေါ် လိုအပ်တာထက် ပိုပြီးတော့များ - လုံထိန်းတပ်တွေ ဘာတွေဆိုတာ ကားအစင်းပေါင်း (၆၀) လောက် လုပ်တယ်ဆိုရင် ဖြေရှင်းမှာ မဟုတ်ဘူး။ ဒီဟာတွေက ထပြီးတော့ ပေါက်ကွဲနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ အဲဒီတော့ အလုပ်သမားတွေရဲ့ တရားတဲ့ တောင်းဆိုချက်တွေဘက်က ရပ်တည်ပြီးတော့ မှန်မှန်ကန်ကန် ဖြေရှင်းပါလို့။ အလုပ်သမားဝန်ကြီးဌာနတို့ ဘာတို့နဲ့ ဒူးတိုက်ဆွေးနွေးပြီးတော့ ပိုင်ရှင်တွေကိုလည်း သေချာဆွေးနွေးပြီးတော့ ညှိနှိုင်းပါ။ ဒီလိုမလုပ်ဘဲနဲ့ ပိုင်ရှင်တွေဘက်ကဘဲ လိုက်ပြီးတော့ အလုပ်သမားကို ခြိမ်းခြောက်တယ်ဆိုရင် ဒီပြဿနာက အေးချမ်းသွားရင်လည်း ခဏပဲ အေးချမ်းမယ်။ ရေရှည်တော့ အေးချမ်းမယ်လို့ မဟုတ်ဘူးလို့ ကျနော်အဲဒီလိုဘဲ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အလုပ်သမားဆန္ဒပြပွဲတွေကို ခေါင်းဆောင်တဲ့လူတွေ နောက်ပိုင်းမှာ အဖမ်းအဆီးခံရမယ့် အလားအလာတွေ ရှိနိုင်သလား။ ဗမာပြည်မှာ ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေရှိခဲ့ဘူးတယ်။

ဦးဝင်းတင် ။ ။ သေချာတာပေါ့။ ဒါက ဘယ်လိုဘဲပြောပြော ဒီလူတွေကို တနည်းနည်းနဲ့ နိုင်ငံရေးနဲ့ ပေးစားလို့ ဖြစ်ဖြစ် သို့မဟုတ် ဆူပူရေးကို ဖြစ်စေတယ်ဆိုတာနဲ့ဘဲဖြစ်ဖြစ် အရေးယူမှာကတော့ မြေကြီးလက်ခတ်မလွဲ သူတို့ လုပ်မှာပါ။ တခုရှိတာက အဲဒီလို လုပ်မယ်ဆိုလို့ရှိရင် ဒီအလုပ်သမား ပြဿနာတွေကို ရှိနေတဲ့ပြဿနာတွေကို ပြေလည်စေမှာ မဟုတ်တဲ့အပြင် ပိုပြီးတော့ ဆိုးဝါးလာမယ့် အနေအထားဖြစ်နိုင်တယ။ ဒါမျိုးလုပ်တယ်ဆိုတာ တစ်လ၊ နှစ်လ၊ သုံးလ စသည်ဆိုတာမျိုးတာထက် အလုပ်သမားတွေက သူတို့ကို ခေါင်းဆောင်မှုပေးတဲ့ ပုဂ္ဂိုလ်များရဲ့ အရည်းအချင်းကိုလည်း မေ့မှာမဟုတ်ဘူး။ ဒီ ပုဂ္ဂိုလ်မျိုးတွေကို ဖိနှိပ်တယ်၊ ချုပ်ချယ်တယ်၊ သူတို့ကို အရေးယူတာမျိုး လုပ်လာရင် အလုပ်သမားတွေရဲ့ တုံ့ပြန်မှုကလည်း လာမယ့် လအတန်ကြာအထိ ရှိနေမှာဘဲလို့ ကျနော်အဲဒီလိုဘဲ ယူဆပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG