သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်တော်လှန်ရေးနေ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွား


အီရန်နိုင်ငံမှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ၁၉၇၉ ခုနှစ် အစ္စလမ်မစ် တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားအတွင်း နိုင်ငံတဝန်းမှာ အတိုက်အခံ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့တွေ အကြား အကြမ်းဖက်တာတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကို အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကနေ ဗွီအိုအေသတင်းထောက် အက်ဒ်ဝါ့ဒ် ယေရာနီယန် (Edward Yeranian) က သတင်းပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

တီဟီရန်မြို့တော်ရဲ့ ရပ်ကွက်တခုမှာ အတိုက်အခံ ဆန္ဒပြသူတွေက အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ အော်ဟစ်နေကြပါတယ်။ တပြိုင်နက်တည်းမှာပဲ အစိုးရကို ထောက်ခံသူတွေကလည်း ၃၁ ကြိမ်မြောက် အီရန် တော်လှန်ရေးနေ့ အထိမ်းအမှတ် လူထု စုဝေးပွဲကြီးကို ကျင်းပခဲ့ကြပါတယ်။ တီဟီရန်မြို့တော်ရဲ့ ရပ်ကွက် အတော်များများမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပြီး အဓိက မြို့တော်ရဲ့ ရင်ပြင်တွေက လူအုပ်ကြီးတွေကို လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့တယ်လို့ ပြောကြပါတယ်။

တော်လှန်ရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတခုမှာ ပါဝင်ဆင်နွှဲကြဖို့ အတိုက်အခံ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) နဲ့ မက်ဒီ ကာရူဘီ (Mehdi Karroubi) တို့က သူတို့ရဲ့ အင်တာနက် စာမျက်နှာတွေကနေရော၊ နှုတ်အားဖြင့်ရော သူတို့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။ အစိုးရ ထောက်ခံသူတွေက ကာရူဘီကို တိုက်ခိုက်လို့ ဒဏ်ရာရသွားတဲ့အတွက် ပြန်လှည့်ခဲ့ရတယ်လို့ သူ့ရဲ့သားဖြစ်သူက ပြောပါတယ်။ အကိုဖြစ်သူ အဖမ်းခံလိုက်ရတယ်လို့လည်း ကာရူဘီရဲ့သားက ပြောပါတယ်။

တီဟီရန်မြို့တော်က အာဇာဒီ (Azadi) ခေါ် လွတ်လပ်ရေးရင်ပြင်မှာ ကျင်းပတဲ့ အစိုးရရဲ့ အခမ်းအနားကို လူအုပ်ကြီး စုဝေးတက်ရောက်လာတဲ့ ပုံတွေကို အီရန် ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသပါတယ်။ သမ္မတ မာ့ခ်မုဒ် အမာဒနီးဂျက် (Mahmoud Ahmadinejad) နဲ့ တခြား ခေါင်းဆောင်တွေက တော်လှန်ရေးကို ချီးကျူးဂုဏ်ပြု ပြောဆိုကြပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံ အပါအဝင် အီရန်ရဲ့ ရန်သူနိုင်ငံတွေကို ပြစ်တင်ရှုတ်ချတဲ့ စကားတွေ ပြောခဲ့ကြပါတယ်။

တီဟီရန်မြို့တော်က နောက်ရင်ပြင်တခုမှာတော့ တရားဝင် အခမ်းအနားတခု လုပ်နေတဲ့ အချိန်အတွင်းမှာပဲ ဆန္ဒပြ လူအုပ်စုတစုက အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံတွေ အော်ဟစ် ကြွေးကြော်ခဲ့ကြတဲ့အတွက် စင်ပေါ်မှာ စကားပြောနေတဲ့ ဘာသာရေး ခေါင်းဆောင်တယောက်ရဲ့ အသံကိုတောင် ဖုံးလွှမ်းသွားတာမို့ မိန့်ခွန်းပြောတာကို ရပ်လိုက်ရပါတယ်။

တီဟီရန်ရဲ့ တခြားနေရာတွေက ဆန္ဒပြပွဲတွေမှာတော့ လုံခြုံရေး တပ်ဖွဲ့တွေက လူအုပ်ထဲကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး ထွက်ပြေးတဲ့ ဆန္ဒပြသူတွေ နောက်ကို မော်တော်ဆိုင်ကယ်တွေ စီးပြီးတော့ လိုက်ဖမ်းတဲ့အတွက် ရုန်းရင်းဆန်ခတ်တွေ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေဟာ မျက်ရည်ယိုဗုံးတွေ တသီတတန်းကြီး ပစ်ခတ်ခဲ့တယ်လို့ လူငယ်တဦးက သူတွေ့ခဲ့တဲ့ မြင်ကွင်းတခုကို ပုံဖော်ပြီး ပြန်ပြောပြပါတယ်။

“အာ့ရှ်ရက်ဖ် အက်စ်ဖာဟာနီ (Ashraf Esfahani) နဲ့ ဆာဒီကီအဲ (Sadeqieh) တို့ကို သူဖြတ်သွားတဲ့အချိန် သူ့ပတ်ပတ်လည်မှာ မီးခိုးလုံးတွေ မည်းမှောင်နေပြီး သူနဲ့ သူ့သူငယ်ချင်းတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အတွက် ပုန်းနေခဲ့ကြရတယ်။” လို့ လူငယ်က ပြောသွားပါတယ်။

လမ်းကြိုလမ်းကြားတွေကနေ ပြေးလွှားပြီး ပုန်းဖို့နေရာ ရှာခဲ့ရတဲ့ အကြောင်း၊ နောက်ဆုံးမှာ သူနဲ့ သူ့သူငယ်ချင်းတွေကို လူတယောက်က သူ့အိမ်ထဲမှာ ဝင်ပုန်းခွင့် ပေးခဲ့ကြောင်း ပြောပါတယ်။ အဲဒီလို သူပြောနေတဲ့ အချိန်မှာ သူ့မျက်လုံးတွေဟာ မျက်ရည်ယိုဗုံးဒဏ်ကြောင့် နီရဲနေပါတယ်။ အိမ်အပြင်ဘက်မှာတော့ လူအုပ်ကြီး ရှိနေပြီး အဲဒီနေရာကို ပိတ်လိုက်တဲ့အတွက် ကားတွေ ဖြတ်သွားလို့ မရတော့ဘူး ဆိုတာကိုလည်း ပြောပါတယ်။

ဆန္ဒပြ လူအုပ်စုတခုရဲ့ အော်ဟစ် ကြွေးကြော်သံတွေ၊ အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ရဲ့ ရုပ်ပုံကို ဆုတ်ဖြဲ ဖြုတ်ချပြီး လူငယ်တွေက တက်နင်းတဲ့အခါ ကားတွေက ဟွန်းတီးသွားသံတွေကို ဗွီအိုအေကို ပေးပို့ခဲ့တဲ့ ဗွီဒီယိုတခုထဲမှာ တွေ့ကြရပါတယ်။ ကျောင်းသားတွေ အများစု ပါဝင်တဲ့ လူအုပ်ကြီးနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ နောက်ဆုံး ထိပ်တိုက်တွေ့ကြတဲ့ မြင်ကွင်းကို လူငယ်တယောက်က ပြန်ပြောပြပါတယ်။

“အခြေအနေတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ တီဟီရန်မြို့တော် ရှရက်ခ် ဂါ့ဘ် (Shrak Gharb) နေရာကနေ အခုပဲ သူပြန်လာခဲ့တယ်။” လို့ လူငယ်က ပြောပါတယ်။ ဆန္ဒပြသူတွေဟာ မော်တော်ဆိုင်ကယ် တစင်းကို မီးတင်ရှို့ပစ်လိုက်ပြီး ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီရဲ့ ရုပ်ပုံကို ဆုတ်ဖြဲ ဖြုတ်ချလိုက်ကြတယ်လို့ သူက ပြောပါတယ်။ အဲဒီ ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်တာဟာ အတော်လေး ပြင်းထန်တယ်လို့လည်း ဆိုပါတယ်။

အီရန်နိုင်ငံ ပြည်နယ်အသီးသီးက မြို့တော်တွေမှာလည်း လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အတိုက်အခံ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ ရှိရတ်ဇ် (Shiraz) မှာ ကျောင်းသားတွေက ဆန္ဒပြဖို့ အဓိကရင်ပြင်တခုမှာ စုဝေးလာကြတာနဲ့အမျှ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အပြင်းအထန် ပဋိပက္ခ ဖြစ်ခဲ့ကြတယ်လို့ လူငယ်တယောက်က ရေဒီယို ဖာဒါ (Farda) ကို ပြောပါတယ်။

နာမာဇီရင်ပြင်ကို သူနဲ့ တခြားလူတွေ မနက် ၁၀ နာရီမှာ ရောက်သွားပြီး သိပ်မကြာခင်မှာပဲ အရပ်ဝတ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေး အစောင့်တပ်တွေ လူအုပ်ထဲကို ဝင်လာပြီး လူစုခွဲဖို့ ပြောတယ်လို့ လူငယ်က ပြောပါတယ်။ အစိုးရလူတွေက ဆန္ဒပြသူတွေကို အနီးအနားက လမ်းကြားလေးတွေဆီ အုပ်စုလေးတွေ ခွဲခွဲ ခေါ်သွားပြီးတော့ ဘယ်လို တိုက်ခိုက်တယ်၊ ဘယ်လို ဖမ်းဆီးသွားတယ် ဆိုတာတွေကို သူက ပုံဖော်ပြောပြပါတယ်။ အဲဒီနောက်မှာ သူ့လူတွေဟာ ဆီတတ်ဒ် (Setad) ရင်ပြင်ကို သွားကြပါတယ်။ အဲဒီမှာ စက်ဘီးစီးပြီး နံပါတ်တုတ်တွေ ကိုင်ထားတဲ့ လူငယ်အများစုပါတဲ့ အရပ်ဝတ်ရဲတွေနဲ့ တော်လှန်ရေး အစောင့်တပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

သောင်းနဲ့သိန်းနဲ့ချီများတဲ့ အတိုက်အခံ ဆန္ဒပြသူတွေဟာ နိုင်ငံတဝန်းက မြို့တွေမှာ ဆန္ဒပြခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တာတွေ၊ ရုန်းရင်းဆန်ခတ် ဖြစ်တာတွေ အများအပြား ရှိခဲ့တယ်လို့ အီရန် အတိုက်အခံ အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG