သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြည်ထောင်စုနေ့မှာ အန်အဲယ်လ်ဒီ တိုက်တွန်း


ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ အမျှော်အမြင် ကြီးမားစွာနဲ့ တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုကြီးဟာ အခုလက်ရှိ စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ပြည်ထောင်စု စိတ်ဓါတ်တွေ ပျက်ပြားနေတယ်လို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ အဲန်အယ်လ်ဒီပါတီက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေဖြစ်ပေါ်လာဖို့ အတွက် လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ဒီအခမ်းအနား တင်သွင်းခဲ့တဲ့ NLD ပါတီရဲ့ စာတမ်းထဲမှာ ဖော်ပြထားတဲ့အကြောင်း အခမ်းအနား တက်ရောက်ခဲ့တဲ့ NLD ပါတီရဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

"တမျိုးသားလုံးပြန်လည်သင့်မြတ်ရေး၊ အခြေခံအခွင့်အရေးတွေ ရရှိရေး အတွက်က အမျိုးသား ပြန်လည်သင့်မြတ်ရေးက မဖြစ်မနေ တည်ဆောက်ရမယ့် အချိန်ရောက်နေတယ်။ ဒါနဲ့ပတ်သက်လို့လည်း ဒီ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးကို အကောင်အထည် ဖော်တဲ့နေရာမှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီမှာ အဓိက တာဝန်ရှိတယ်လို့ ကျနော်တို့က ဒီစာတမ်းမှာ ဖော်ပြထားတယ်။ ဒါကြောင့်မိုလို့ အဲဒီလို တည်ဆောက်နိုင်ဖို့အတွက်ကို နိုင်ငံရေး အခြေအနေကောင်းတွေ ဖန်တီးပေးရမယ်။"

အဲဒီနိုင်ငံရေး အခြေအနေကောင်းတွေဆိုတာကတော့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားကြရတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဥက္ကဌ ဦးတင်ဦးတို့ အပါအဝင် အဖမ်းခံထားရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဆရာတော် သံဃာတော်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ပိတ်ထားတဲ့ အမျိုးသားဒီမိုကရေစီရုံးတွေ ပြန်ဖွင့်ခွင့်ပေးဖို့နဲ့ လွတ်လွတ်လပ်လပ် စည်းရုံးလှုပ်ရှားခွင့်ပြုဖို့၊ ဖျက်သိမ်းခံထားရတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို ပြန်လည် မှတ်ပုံတင်ခွင့်ပေးပြီး စည်းရုံးလုပ်ရှားခွင့်ပေးဖို့တို့ ဖြစ်တယ်လို့ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အသက်ပေး တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စု စိတ်ဓါတ်ဟာလည်း စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ပျက်ပြားနေတယ်လို့ ဒေါက်တာဝင်းနိုင်က ဆက်ပြောပါတယ်။

"လွတ်လပ်ရေး ရရှိဖို့အတွက်ကို တိုင်းရင်းသားတွေ ပင်လုံမှာ သွေးစည်းညီညွတ်တဲ့ ပင်လုံစိတ်ဓါတ်ကို တည်ဆောက် နိုင်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ပင်လုံစိတ်ဓါတ် အခြေခံတွေဟာ ပျက်ပြားနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေက အမြော်အမြင် ကြီးမားစွာနဲ့ တိုင်းပြည်အပေါ် တကယ် ချစ်မြတ်နိုးတယ်။ တဦးကိုတဦး အပြန်အလှန် ယုံကြည်လေးစားတဲ့ စိတ်ဓါတွေနဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံမှာ ပြည်ထောင်စု စိတ်ဓါတ်ကို မွေးဖွားခဲ့တယ်၊ သန္ဓေတည်ခဲ့တယ်။ အဲဒီစိတ်ဓါတ်အတိုင်းပဲ ဆောင်ရွက်ခဲ့ကြလို့ လွတ်လပ်တဲ့ မြန်မာနိုင်ငံကို တည်ဆောက်နိုင်ခဲ့ကြတယ်ပေါ့။"

စစ်အစိုးရရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထဲမှာတော့ အရင် မဆလ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတုန်းကလို တပြည်ထောင်စနစ်နဲ့ မဟုတ်တော့ဘဲ တိုင်းနဲ့ပြည်နယ် ၁၄ ခုအနေနဲ့ ကိုယ်ပိုင်အစိုးရအဖွဲ့တွေ သီးသန့်ဖွဲ့စည်းခွင့် ပေးမယ်ဆိုတဲ့ အချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။ ဒီအထဲမှာ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တချို့ရကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြည်နယ်နဲ့တိုင်းတွေမှာ ဖွဲ့စည်းမယ့်အစိုးရတွေထဲမှာ စစ်တပ်က လေးပုံတပုံ ပါရမယ်ဆိုတဲ့ အချက်ပါနေတာကြောင့် တိုင်းရင်းသားတွေအနေနဲ့ တကယ့်စစ်မှန်တဲ့ လွတ်လပ်ခွင့်တွေ ရရှိမှာမဟုတ်ဘူးလို့ ဝေဖန် ပြောဆိုနေကြတာပါ။

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက သံတမန်တွေ၊ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ သတင်းထောက်တွေ စုစုပေါင်း ၁,၀၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG