သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်း စစ်ဌာနချုပ်မွေးမြူရေးခြံ ကြက်တုပ်ကွေးဖြစ်ပွား


ရန်ကုန်တိုင်း စစ်ဌာနချုပ်ပိုင် ကြက်မွေးမြူရေး ခြံတခြံမှာ ဖေဖော်ဝါရီလဆန်းကတည်းက ကြက်ကောင်ရေ အစုလိုက် အပြုံလိုက် သေဆုံးပြီးတော့ ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိရတဲ့အတွက် မရမ်းကုန်းမြို့နယ် နဲ့ အနီးတဝိုက်မှာ ကြက်ဘဲတွေကို မရောင်းဖို့ အာဏာပိုင်တွေက တားမြစ်ထားပါတယ်။ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမှာ AH1N1 ဝက်တုပ်ကွေးပိုးရှိသူ ၁၀ ယောက်ကျော်ကို တွေ့ရှိတဲ့အကြောင်းကိုလည်း ကျန်းမာရေးဌာနအရာရှိတွေက ကြေညာခဲ့ ပေမဲ့ ဒီကြက်ငှက်တုပ်ကွေးရောဂါ သတိပေးချက်တွေကိုတော့ ဖေဖော်ဝါရီလလယ်ပိုင်းအထိ မြန်မာစစ်အစိုးရ သတင်းစာတွေမှာ ထုတ်ပြန်ကြေညာတာ မတွေ့ရပါဘူး။ အကြောင်းစုံကို ဦးသန်းလွင်ထွန်းက တင်ပြထားပါတယ်။

ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်မှာရှိတဲ့ စစ်ဌာနချုပ်ပိုင် ကြက်မွေးမြူရေး ခြံတခြံမှာ HDAI လို့ခေါ်တဲ့ အပြင်းစား ကြက် ငှက်တုပ်ကွေး ရောဂါပိုး ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ရတဲ့အတွက် အဲဒီကြက်ခြံနဲ့ ၃ ကီလိုမီတာအတွင်းမှာရှိတဲ့ ဈေး၊ ကုန်တိုက်နဲ့ စားသောက်ဆိုင်တွေမှာ ကြက်ဥ၊ ကြက်သား မရောင်းဖို့ သီတင်း သုံးပတ် ယာယီ တားမြစ်ထားကြောင်း မွေးမြူရေး သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

မရမ်းကုန်းမြို့နယ် နဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေအတွင်း ဈေးတွေမှာ ကြက်သား၊ ကြက်ဥ၊ ဘဲသား၊ ဘဲဥ တွေ ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ရောင်းချခြင်းမပြုဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။ အရင်က ပြည်နယ်နဲ့တိုင်း တခုခုမှာ ကြက်ငှက်တုပ်ကွေး ရောဂါတခုခု ဖြစ်ပွားတာနဲ့ အဲဒီပြည်နယ်နဲ့တိုင်း တခုလုံးအတွင်း ကြက် ဘဲ ရောင်းချမှုတွေကို ပိတ်ပင်လေ့ရှိပေမဲ့ အခုတခေါက်တော့ ရန်ကုန်တိုင်း တတိုင်းလုံး မဟုတ်ဘဲ ရောဂါဖြစ်ပွားရာ မြို့နယ်နဲ့ နီးစပ်တဲ့နေရာတွေမှာပဲ ပိတ်ပင်ထားတဲ့အတွက် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပျံ့နှံ့မှာကို စိုးရိမ်နေကြောင်း ရန်ကုန်မြို့ခံ တွေက ဆိုပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက် စွယ်တော်မြတ်စေတီအနီးမှာရှိတဲ့ ကြက်ခြံ ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေအိမ်နဲ့ တခြား စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ နေအိမ်တွေကို လုံခြုံရေးယူပေးရတဲ့ စစ်တပ်ပိုင် ကြက်ခြံဖြစ်ပြီး အဲဒီခြံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကြက်တွေ ရာနဲ့ချီ သေဆုံးခဲ့တာဟာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကြောင့် ဖြစ်တယ်လို့ မွေးမြူရေး ဦးစီးဌာနက အတည်ပြုပြောကြားပါတယ်။

မူလက ကြက်သားဈေးဟာ တပိဿာ ကျပ် ၄,၀၀၀ ကနေ ၅,၀၀၀ အထိ ရှိခဲ့ရာက ကြက်ငှက်တုပ်ကွေး ဖြစ်ပွားပြီး နောက်ပိုင်း အဲဒီမြို့နယ်တွေအတွင်း ကြက်သားဈေး တပိဿာ ကျပ် ၃,၀၀၀ ဈေးအထိ ကျဆင်းသွားတဲ့အတွက် ဆင်းရဲ နွမ်းပါးသူတွေ ကြက်သားကို ပုံမှန်စားသုံးနေတာကို တွေ့ရပါတယ်။

"ငါတို့ ရောင်းနေတာပဲ။ ဘာမှမဖြစ်ပါဘူး အလကားပါ။ ကြက်တွေကို တို့တွေလည်း စားနေတာပဲ။"

ရန်ကုန်တိုင်းအတွင်း တခြားမြို့နယ်တွေမှာလည်း ကြက်ဥ၊ ကြက်သားတွေကို ပုံမှန်ရောင်းချနေကြပြီး အကင်ဆိုင်၊ ကြက်သားသုတ်ဆိုင်တွေလည်း ပုံမှန်အတိုင်း ရောင်းချခွင့်ပြုထားတာကို တွေ့ရပါတယ်။ မြို့နယ်တွေမှာရှိတဲ့ ကြက်မွေးမြူရေး ခြံတွေကို သတိပေးစာတွေ ပေးပို့ခဲ့ပေမဲ့ ကြက်ငှက်တုပ်ကွေး ရောဂါနဲ့ပတ်သက်ပြီး လူထုကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးခြင်း မရှိသေးကြောင်း ကြက်မွေးမြူရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"ဘာမှမရှိဘူး။ အခုဈေးက ပထမတုန်းက မရမ်းကုန်းမှာ ၈ မိုင်မှာ အဲဒီလို အော်တယ်ဆိုတော့ ပထမ ဒီမှာတောင်မှ တန့်သွားတာ။ ဘယ်သူမှ မဝယ်ကြဘူး။ နောက်တော့မှ ဘာမှအသံမကြားတော့မှ အခု ပြန်ရောင်းနေတာ။"

မြန်မာနိုင်ငံမှာ ကြက်မွေးမြူရေးလုပ်ငန်းကို စစ်ဌာနချုပ် လုပ်ငန်းတွေက အကြီးအကျယ် လုပ်ကိုင်နေကြသလို ဒေသခံ တွေကလည်း တနိုင်တပိုင် မွေးမြူရေးတွေ လုပ်ကိုင်နေတဲ့အတွက် ကြက်ငှက်တုပ်ကွေးရောဂါ ကို ထိန်းချုပ်ဖို့ ခက်ခဲ ကြောင်း၊ ဒါ့အပြင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ရှိခြင်းသတင်းကို အစိုးရပိုင် သတင်းစာတွေမှာ ထုတ်ပြန်ခြင်း မရှိတာဟာ စစ်ဌာနချုပ်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်မှာစိုးလို့ ဖြစ်နိုင်ကြောင်း မွေးမြူရေးနဲ့ ကုသရေး ပညာရှင်တချို့က ဝေဖန်ပြောဆိုပါတယ်။ အခုတကြိမ် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုဟာ မြန်မာနိုင်ငံအတွက် လေးကြိမ်မြောက်ဖြစ်ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် ရှမ်းပြည်နယ်မှာ လူတဦး ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက်ခံခဲ့ရပေမယ့် သေဆုံးခြင်းမရှိခဲ့ကြောင်း အစိုးရက တရားဝင်သတင်း ထုတ်ပြန် ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG