အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးဟာ ဒီကနေ့ နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ်ပြည့်တဲ့နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါပြီ။ မကြာခင်တုန်းလေးကပဲ ပြန်လည် လွတ်မြောက်လာတဲ့ ဦးတင်ဦး ကို ဗွီအိုအေက ကိုကျော်အောင်လွင်က တိုက်ရိုက် ဆက်သွယ် မေးမြန်းထားပါတယ်။
အခု ကျန်းမာရေး ကောင်းပါသလားခင်ဗျ။ -
"လူကြီးကောင်းပေါ့ဗျာ။ လူကြီးကောင်းပေါ့။"
ဟိုတလောတုန်းက ခွဲစိပ်ရတယ် ကြားပါတယ်ခင်ဗျ။ အခု အခြေအနေ ကောင်းပါသလား။ -
"ဟုတ်ကဲ့။ အဲဒီတုန်းက ဒီလိုပါ။ မျက်စိနဲ့ပတ်သက်လို့ နည်းနည်း အမြင်မကြည်တာနဲ့ ခွဲစိပ်တာ မဟုတ်ဘူးခင်ဗျ။ လေဆာပစ်တာပေါ့လေ။ အဲတော့ ကောင်းသွားပါလိမ့်မယ်။"
အခု နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံထားရတာ ၆ နှစ်ပြည့်တဲ့နေ့မှာ ပြန်လွတ်လာတယ်ဆိုတော့ ဒီ ၆ နှစ်အတွင်း မြန်မာပြည် နိုင်ငံရေး အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ အဖမ်းခံထားရတဲ့ အချိန်အတွင်းမှာ ဘယ်လို သိထားပါသလဲခင်ဗျ။ -
"အပြင်မှာ ခင်ဗျားတို့ ပြောတာဆိုတာတွေ အားလုံး၊ အွန်လိုင်း ဆွေးနွေးတာတွေရော အဲဒါတွေ သိပါတယ်။"
ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲတကြိမ် ပြန်ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားပါပြီခင်ဗျ။ -
"အဲဒါက ကျနော်တို့ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာစာတမ်းကိုပဲ ကျနော်တို့ကတော့ အကောင်အထည် ဖော်ရမှာပေါ့ဗျာ။ ရွှေဂုံတိုင် ကြေညာချက်အတိုင်းပဲ ကျနော်တို့ လိုက်နာရမှာပေါ့။"
ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီပဲယင်း အရေးအခင်းမှာ အဖမ်းခံထားရတာ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခုချိန်ထိ ပြန်မလွတ်သေးပါဘူး။ အဲန်အယ်လ်ဒီ ပါတီမှာ ခေါင်းဆောင်ပိုင်းမှာ အခုလိုမျိုး ပြန်လွတ်လာတဲ့အတွက် အဲန်အယ်လ်ဒီပါတီအတွက်တော့ ဝမ်းသာစရာ သတင်းပေါ့လေ။ အဲတော့ ဘယ်လို ခေါင်းဆောင်မှုမျိုးနဲ့ ဆက်သွားမယ်လို့ စိတ်ကူးထားပါသလဲခင်ဗျ။ -
"ဒီအတိုင်းပဲဗျာ။ ဥက္ကဌလည်း ရှိနေတာပဲ။ အတွင်းရေးမှူးလည်း ရှိနေတာပဲ။ အဖွဲ့အစည်းလည်း ရှိနေတာပဲဗျာ။ အဖွဲ့အစည်းအတိုင်းပဲ သွားရမှာပေါ့။"
အခုနောက်ဆုံး ပြန်လွတ်လာတဲ့ အခြေအနေမှာ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေများ ပြောစရာ ရှိပါသလဲခင်ဗျ။ -
"အဖွဲ့ချုပ်မှာ ကြေညာထားတဲ့ကိစ္စတွေ ရှိပြီးသားပဲလေ။ အဲတော့ အဖွဲ့ချုပ် ကြေညာထားတဲ့အတိုင်းပဲ ကျနော်တို့က အကောင်အထည်ဖော်ပြီး သွားကြရမှာပေါ့။ နောင် ဆွေးနွေးစရာ ရှိတာတွေအားလုံးလည်း ဆွေးနွေးသွားမှာပေါ့။"
ဦးတင်ဦးဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အဖမ်းခံခဲ့ရတာပါ။ သူ့ရဲ့အသက်ဟာ အခုဆိုရင် ၈၃ နှစ်ရှိပြီဖြစ်ပါတယ်။