သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးချစ်တပ်မတော်သားတဦးရဲ့ ရင်ဖွင့်စကား (အပိုင်း နှစ်)


မြန်မာတပ်မတော်ဟာ လူအင်အားတိုးချဲ့ဖို့ ကြိုးစားနေပေမဲ့ လက်တွေ့မှာ ပြည်သူလူထုအကြား စစ်တပ်ထဲကို ဝင်လိုနေသူ အလွန်နည်းပါးနေကြောင်း အနုမြူနည်းပညာ၊ စစ်လက်နက်အင်အား တိုးချဲ့မှု တွေကလည်း တိုင်းပြည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးမဖြစ်နိုင်ကြောင်း ကိုယ်တွေ့ကြုံ ခံစားမိတယ်လို့ မြန်မာ့ တပ်မတော် အရာရှိတဦးက ဗွီအိုအေ ကို ပြောဆိုပါတယ်။ မကြာသေးခင်ကပဲ တပ်မတော်ကို စွန့်ခွာပြီး ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ အမြောက်တပ်အရာရှိတဦးဖြစ်တဲ့ ဗိုလ်ရဲထက် ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဗိုလ်ကြီးရဲထက် ။ ။ လက်ရှိအနေအထားမှာ တပ်မတော်ရဲ့ လုပ်ရပ်တွေ၊ တပ်မတော်ကို အစိုးရက အမိန့်ပေး စေခိုင်းလို့ လုပ်ရတဲ့ အနေအထားတွေမှာ လက်ရှိပြည်သူတွေ မြင်တဲ့အနေအထားအရ တပ်မတော်ရဲ့ လုပ်ရပ် တွေကို အမြင်မကြည်ကြတော့တဲ့အခါမှာ ဘယ်သူမှလည်း တပ်ထဲကို ဝင်ချင်စိတ် မရှိကြတော့ဘူး။ မရှိကြ တော့ တက်နိုင်သမျှ ရှောင်တိမ်းကြတဲ့ အနေအထားတွေ ဖြစ်လာတယ်။ နောက်ဆုံး ဘယ်လိုလူမျိုးတွေ ဝင်လာကြသလဲဆိုရင် အပြင်မှာ လူသတ်မှုဖြစ်ခဲ့တယ်၊ ပြစ်မှုတစုံတရာ ဖြစ်လာခဲ့ပြီး တပ်ထဲကို ဝင်လာတဲ့ အနေအထားမျိုးတွေ ရှိကြတယ်။ အဲဒီလို အနေအထားတွေနဲ့ဆိုတော့ ကျနော်တို့ လေးလပတ်တခုမှာ စစ်သည်တွေ စုဆောင်းရမှုနဲ့ အင်အားပြုန်းတီးမှုတွေကို ပြန်ကြည့်ရင် အနည်းဆုံး level ကျနေတဲ့ အနေအထားမျိုးမှာ ရှိနေတာကို တွေ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဗိုလ်ကြီးရဲထက် တို့ တာဝန်ကျခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ လူအင်အားက ဖွဲ့စည်းပုံ အင်အားအရ ပြည့်မီမှုတွေ ရှိခဲ့လား။

ဗိုလ်ကြီးရဲထက် ။ ။ ဖွဲ့စည်းပုံ အင်အားကတော့ မပြည့်ဘူးခင်များ။ ကျနော်တို့ ဖွဲ့စည်းပုံ အင်အားအရ တပ်ရင်း တရင်းမှာ ၇၈၀ လောက်ရှိပါတယ်။ အရာရှိအင်အားက ၄၀ သတ်မှတ်ထားပေမဲ့ အရာရှိအင်အားမှာပဲ ကျနော် ထွက်လာတဲ့အချိန်အထိကို အရာရှိအင်အားက ၁၆ ယောက်၊ ၁၇ ယောက်လောက်ပဲ ရှိတယ်။ တခြားအဆင့် အင်အားကလည်း ၇၀၀ ကျော်ရှိရမယ့် အနေအထားမှာ ဘယ်လောက်ပဲရှိသလဲဆိုရင် ၉၀ ကျော်ပဲရှိတယ်။ ဒီအနေအထားမှာ တပ်ပြင်ပလုပ်ငန်း တာဝန်ခံတွေ သူဟာနဲ့သူ ပြန်ထွက်ထွက်သွားတာ တကယ့်တကယ် တပ်မှာ ကျနော်တို့ တန်းစီးတော့ လူ ၃၀ လောက်ပဲ ရှိတဲ့အနေအထားပဲရှိတယ်။ နောက်ချန်အင်အားပေါ့။ တပ်ရင်းရဲ့ အမည်ပေါက်မှာတော့ ၁၀၀ ကျော်ရှိတယ်။ ခြေလျှင်တွေမှာတော့ အများဆုံးတပ်ရင်းက ၃၅၀ က အများဆုံးပါပဲ။

ဦးသန်းလွင်ထွန်း ။ ။ အခုလို တပ်ရင်းတပ်ဖွဲ့တွေမှာ ဖွဲ့စည်းပုံမပြည့်တာရယ်၊ တပ်မတော်မှာ ထမ်းဆောင်လို စိတ် နည်းလာတဲ့ အခြေအနေတွေနဲ့ဆိုရင် တပ်မတော်ခေါင်းဆောင်ကြီးတွေ ပြောနေကျ မြန်မာ့တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတာက တကယ် ဖြစ်လာနိုင်ပါမလား။

ဗိုလ်ကြီးရဲထက် ။ ။ ဒီလို ဖြစ်လာဖို့ဆိုရင်တော့ သူတို့တွေ တကယ်ချမှတ်ထားတဲ့ မူအတိုင်း ကျင့်ဆောင်နိုင်မှ ဖြစ်လာဖို့ အလားအလာရှိပါတယ်။ လက်ရှိအနေအထားအတိုင်း သွားနေမယ်ဆိုရင်တော့ ပြည်သူနဲ့ တပ်မတော် နှစ်ခြမ်းကွဲ နေရုံတင်မဟုတ်ဘဲနဲ့ တပ်မတော်အတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ကွဲဖို့ရာ အလားအလာတွေ အများကြီးရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တပ်မတော် အင်အားချဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ထပ်ပြောချင်တဲ့ အကြောင်းအရာကဘာလဲဆိုတော့ ဒီတပ်မတော်အောက်ကို လူအင်အားတင်မက နည်းပညာပိုင်းဆိုင်ရာ၊ လက်နက်အင်အားပိုင်ဆိုင်ရာတွေမှာ တိုးချဲ့နေတဲ့ကိစ္စတွေပါ။ အထူးသဖြင့် ဗိုလ်ကြီးရဲထက်တို့ဆိုရင် မဟာသိပ္ပံတန်းတွေမှာ အနုမြူနည်းပညာရပ်ဆိုင်ရာ၊ ဓတုဗေဒ နည်းပညာပိုင်ဆိုင်ရာတွေမှာ ပညာဆည်းပူးခဲ့ ရတယ်လို့ ကြားသိရတယ်။ အဲဒီ သင်ကြားမှုတွေရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။

ဗိုလ်ကြီးရဲထက် ။ ။ အဓိက သင်ကြားမှုကတော့ ကျနော်တို့ ပြည်တွင်းပေါ့ ပြည်ပပညာတော်သင် အဖွဲ့တွေ ကတော့ နည်းပညာပိုင်းပေါ့။ နည်းပညာပိုင်းကတော့ စက်ပစ္စည်းပိုင်းဆိုင်ရာတွေနဲ့ အဓိက သင်ကြားခဲ့ကြ ပြီးတော့ ကျနော်တို့ ပြည်တွင်းပိုင်းကျတော့ သီအိုရီအပိုင်းကို အဓိက သင်ကြားပါတယ်။ သီအိုရီပိုင်းဆိုင်ရာကို အဓိကသင်ကြားရာမှာ ကျနော်တို့က ဘယ်လိုပုံစံနဲ့သွားသလဲဆိုရင် သင်ကြားတဲ့အထဲကနေ မဟာတန်း နေရာကိုပဲ သူတို့က ပြန်ရွေးချယ်ပါတယ်။ ရွေးချယ်ပြီးတော့ ဒီကျောင်းတွေမှာ နည်းပြပြန်ဖြစ်တဲ့ လူတွေလည်း ရှိတယ်။ ကိုယ့်ရဲ့ တိုင်း ခြေလျှင် တပ်ရင်းတပ်မတွေကို ပြန်သွားပြီးတော့ စစ်တာဝန်တွေ ပြန်ထမ်းဆောင်တဲ့ လူတွေလည်းရှိတယ်။ ဒီအထဲကနေမှ တချို့ သင့်တော်မယ်ထင်တဲ့လူတွေကို နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်း တွေမှာ ပြန်လည်အသုံးပြုတဲ့ အနေအထားတွေလည်း ရှိပါတယ်။ အဲဒီပုံစံမျိုးနဲ့ ခွဲထုတ်ထားတာပေါ့။ ခွဲထုတ် ပြီးတော့ လိုအပ်သလို ပြန်ပြီးတော့ ကျနော်တို့ရဲ့ ပညာအရည်အချင်းရတဲ့အဆင့်ပေါ်မှာ မူတည်ပြီး ပြန် သတ်မှတ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဗိုလ်ကြီးတို့အနေနဲ့ ဒီပညာရပ်တွေကို စစ်တက္ကသိုလ်မှာ သီးသန့် မဟာတန်း အနေနဲ့ သွားရောက်ဆည်းပူးကြတဲ့အခါမှာ အထူးသဖြင့် အနုမြူနည်းပညာ၊ ဓာတုဗေဒ နည်းပညာတွေနဲ့ ပတ်သက်လို့ သင်ကြားယူရတဲ့ ရည်ရွယ်ချက်က ဘာလို့ နားလည်ထားသလဲ။

ဗိုလ်ကြီးရဲထက် ။ ။ ကျနော်တို့ အဓိကနားလည်ထားတဲ့ ရည်ရွယ်ချက်က ကျနော်တို့အနေနဲ့ ကျနော်တို့ နိုင်ငံ အနေနဲ့ နည်းပညာပိုင်ဆိုင်ရာမှာ အနောက်နိုင်ငံတွေနဲ့ဆရင် အများကြီးခေတ်နောက်ကျနေတဲ့ အနေအထား မျိုးမှာ ကျနော်တို့ကို ချပေးတဲ့ မူအရတော့ ကျနော်တို့နိုင်ငံရဲ့ နည်းပညာပိုင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူဘက်ကနေပြီးတော့၊ အရပ်ဘက်ကနေလုပ်ဖို့ မလုံလောက်ဘဲနဲ့ တပ်ဘက်ကလည်း ဒီနည်းပညာပိုင်း ဆိုင်ရာတွေကို ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ သူတို့ချပေးတဲ့ မူအရတော့ ဒီရည်ရွယ်ချက်နဲ့ သင်ကြားကြတယ်။ နောက်ပြီးတော့ ကမ္ဘာ့တပ်မတော်အသီးသီးကို ကြည့်မယ်ဆိုရင် ခေါင်းဆောင်နေတဲ့ အရာရှိတွေက သာမန်ဘွဲ့အပြင် အခုလိုမျိုး အဆင့်မြင့်ဘွဲ့တွေ ရထားပြီးတဲ့လူတွေ ပုဂ္ဂိုလ် မျိုးတွေက ဦးဆောင်နေကြတဲ့ အနေအထားမှာ ကျနော်တို့ မြန်မာ့တပ်မတော်အနေနဲ့လည်း နိုင်ငံတကာ တပ်မတော်တွေကို ပုခုံးချင်းယှဉ် ရင်ပေါင်တန်းနိုင်ဖို့ အနေအထားတွေ။ နောက်ပြီးတော့ နောက်ပိုင်း တိုးတက် လာတဲ့ နည်းပညာအနေအထားတွေကို လိုက်မီနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ အဓိကထား သင်ကြားရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အပြင်ဘက်က စွပ်စွဲမှုတွေနဲ့ သံသယရှိနေကြတယ်။ မြန်မာစစ်တပ်အနေနဲ့ အဏုမြူလက်နက် ထုတ်ဖို့အဆင့်အထိ ရည်မှန်းချက်တွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဗိုလ်ကြီးရဲထက်အနေနဲ့ ကျောင်းတွေမှာ ဒါမှမဟုတ် မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းမှာ ဒီလို ထုတ်ဖော်ပြောကြားခဲ့တာတွေကို ကြားခဲ့ရဖူးသလား။ ဒါမှမဟုတ် သိခဲ့ရတာတွေရှိလား။

ဗိုလ်ကြီးရဲထက် ။ ။ အဲဒီလိုမျိုး တရားဝင်ကြီး ထုတ်ဖော်ပြောကြားတာတွေတော့ မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ ယူဆချက်အရတော့ အခု ကျနော်စောစောကပြောတဲ့ လုပ်ငန်းထဲမှာ သုံးတာရှိတယ်၊ နည်းပြပိုင်းအနေနဲ့ တာဝန်ထမ်းဆောင်လို့ တပ်ရင်းတပ်မတွေကို တာဝန်ထမ်းဆောင်တဲ့ဟာတွေလည်း ရှိတယ်။ ဒီတော့ လုပ်ငန်း ပိုင်းမှာ ထမ်းဆောင်တဲ့ အနေအထားမျိုးမှာဆိုလို့ရှိရင် အခု နိုင်ငံတကာက ပြောနေတဲ့ လက်နက်ထုတ်လုပ်ဖို့ အနေအထားမျိုးဘက်ကို ရောက်ဖို့က များပါတယ်။ ကျနော်တို့ကတော့ ဒီလုပ်ငန်းခွင်ထဲကို မဝင်သေးဘူး ဆိုပေမဲ့ ကျနော်ရှေ့ကနေ ဝင်သွားတဲ့ အသိမိတ်ဆွေတွေ၊ ကျနော်တို့ရဲ့ နောင်တော်တွေ ရှိတဲ့အခါကျတော့ သူတို့နဲ့ တခါတလေ ပြန်လည်တွေ့ဆုံတဲ့အခါကျတော့ သတင်းတော့ သဲ့သဲ့ကြားတာပေါ့။ ဒီလို သတင်းသဲ့သဲ့ ပြန်ကြားတဲ့အခါမျိုးမှာ ဒီဟာ လုပ်ဆောင်နေတဲ့ဟာ အမှန်ဆိုတာကိုတော့ သိရတယ်။ ကျနော်တို့ သင်ကြားတဲ့ အခါမှာလည်း သူတို့ရဲ့ သင်ကြားမှုအနေအထားကို ကြည့်လိုက်တာနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ လူတယောက် အနေနဲ့ ဘယ်အပိုင်းကို ရည်ညွှန်းနေတယ်ဆိုတာကိုတော့ ခန့်မှန်းလို့ရတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လက်ရှိပညာတွေ ဆည်းပူးနေရင်နဲ့ ကိုယ်ဆည်းပူးနေတဲ့ ပညာတွေဟာ နောက်ပိုင်းမှာ အမိန့်အရ ဥပမာအားဖြင့် ဒီလို အဏုမြူဆိုင်ရာ၊ လက်နက်ဆိုင်ရာ တိုးချဲ့ထုတ်လုပ်ရေးတွေ ဘက်မှာ ဝင်ထမ်းဆောင်ရမယ်ဆိုတဲ့ အနေအထားမျိုးကို သိလာရတဲ့အခါကျတော့ ဗိုလ်ကြီးရဲထက် အနေနဲ့ ဘယ်လိုစဉ်းစားမိသလဲ၊ ဘယ်လိုခံစားရသလဲ။

ဗိုလ်ကြီးရဲထက် ။ ။ ကျနော်အနေနဲ့ကတော့ စဉ်းစားမိတာကတော့ ကျနော်စောစောကပြောသလိုပဲ နိုင်ငံရေး အရရော၊ တပ်မတော်ပိုင်းအရရော ကျနော်က နဂိုကတည်းက မဖြစ်သင့်ဘူးလို့ အနေအထားမျိုးမှာ အခုလိုမျိုး ကျနော်တို့ ဒီပညာနဲ့သင်ပြီးတော့ နေလာတဲ့အခါကျတော့ ပြန်စဉ်းစားကြည့်တာပေါ့။ လက်ရှိအနေအထား တောင် တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတွေက ထမင်းတလုပ်စားဖို့ကို တော်တော်ကြီးကို ရုန်းကန်နေရတဲ့ အနေအထားမျိုးမှာ ကျနော်တို့ရဲ့ စစ်ဘက်ဆိုင်ရာ၊ စစ်လက်နက်တွေကို တိုးချဲ့မယ် ဒီလိုတွေ ဆက်ပြီး လုပ် နေမယ် ဆိုရင် ဒီအပေါ်မှာ ကျနော်တို့ရဲ့ ငွေကုန်ကြေးကျမှုတွေက တိုင်းပြည်ဘဏ္ဍာ တော်တော်လေး ဆုံးရှုံးနေတဲ့ အနေအထားတွေ ဖြစ်နေတယ်။ ဒီအနေအထားမျိုးမှာ ကျနော်တို့က ကိုယ့်ရဲ့ တိုင်းပြည်ဖွံ့ဖြိုးမှု ရည်ရွယ်ချက်နဲ့ လုပ်ပေးမယ့် ကိုယ့်ရဲ့လုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှုက ကိုယ့်ရဲ့ တိုင်းပြည်သူပြည်သား တွေပဲ ငတ်ပြတ်မှုတွေ၊ ဆင်းရဲဒုက္ခကြုံတွေ့မှုတွေနဲ့ ကြုံတွေ့သွားရမယ့် အနေအထားမှာပေါ့၊ ကျနော်ရဲ့ လုပ်ရပ်တခုက မှားယွင်းသွားမယ်ဆိုတဲ့ အခြေအနေမျိုးကို ကြုံလာတဲ့အခါမှာ အဲဒီလို အဖြစ်မခံချင်ဘူး။ သမိုင်းမှာ နံမည်ဆိုး ကျန်သွားမှာကို ကြောက်တယ်။ ဒီလိုတွေ လုပ်ခဲ့လို့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးက ဆိုးဝါး ခဲ့တယ်ဆိုတဲ့ အနေအထားမှာ ကျနော်ကိုယ်တိုင် ဒီလိုလုပ်ခဲ့တဲ့ထဲမှာ ပါသွားခဲ့လို့ရှိရင် ကျန်ရစ်သွားမယ့် ကျနော့်ရဲ့ အမှားကို ကြောက်တဲ့အတွက်၊ ကျနော့်မိသားစုဘဝနဲ့ ကျနော့်ဘဝကို စတေးခံခဲ့တာပါ။

ဦးသန်းလွင်ထွန်း ။ ။ တပ်မတော်မှာ အရာရှိငယ်တယောက်အနေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ပြောနေတဲ့ မြန်မာတပ်မတော်အနေနဲ့ ပြည်ပနိုင်ငံတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်၊ ပြည်ပအန္တရာယ်တွေကို ကာကွယ်ဖို့ အမြဲအဆင်သင့်ရှိနေရမယ်ဆိုတဲ့ အနေအထားမှာ ဗမာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ ပြည်ပနိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ ယူဆသလား။

ဗိုလ်ကြီးရဲထက် ။ ။ ကျနော်တို့ကို ချမှတ်ပေးတဲ့ လမ်းညွှန်းချက်တွေ (၄) ရပ်အပေါ် ကြည့်လို့ရှိရင်တော့ သူတို့ ပြောပုံအရဆိုရင် ဒီဘက်မှာ နိုင်ငံတကာကနေ ဒုက္ခသည်စခန်းတွေ ဖွင့်ပေးတယ်ဆိုတဲ့ အနေအထားမျိုးတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေထားတယ်၊ ကျနော်တို့နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ်၊ နိုင်ငံရေး အရ ဝင်ရောက်နောက်ယှက်တယ်ဆိုတဲ့ အနေအထားမျိုးတွေပေါ့။ ဒါက သူတို့ပြောတဲ့မူ။ ကျနော်တို့လည်း အရင်တုန်းက ဒီမူတွေကို လက်ခံခဲ့တယ်။ တကယ့်တကယ် ပြန်လေ့လာကြည့်တဲ့အခါ ဒါတွေက ပြောမယ် ဆိုလို့ရှိရင် လူ့အခွင့်အရေးအရ လုပ်ပေးရမယ့် အနေအထားမျိုးတွေလည်း ရှိတာပေါ့။ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု လုပ်တယ်ဆိုတာ အရင်တုန်းကတော့ ကျနော်တို့ တိုင်းသူပြည်သားတွေကို ငတ်စေချင်လို့ ထင်ခဲ့တယ်။ အခုအချိန်မှာ ပြန်တွေးကြည့်တော့မှ တကယ့်တကယ် တိုင်းပြည်က ရရှိတဲ့ဘဏ္ဍာတွေဟာ ဘယ်ကို ရောက်သွားသလဲဆိုရင် ကဏ္ဍအလိုက် ကျန်းမာရေး၊ ပညာရေး၊ စစ်ရေး အစရှိတဲ့ ကဏ္ဍအလိုက် တွေ မှာ အဓိက အသုံးများတာက စစ်ရေးကဏ္ဍမှာ သုံးပြီးတော့ ကျန်တဲ့ကဏ္ဍတွေမှာ အလွန်ဆုံးသုံးရင် ၅ ရာခိုင်နှုန်းလောက်ပဲ သုံးစွဲတယ်။ ဒီလို ၅% သုံးတဲ့အနေအထားတောင် မရှိပါဘူး။ ၂% ပေါ့ - ပြီးခဲ့တဲ့တခေါက် တိုင်းပြည်ဘဏ္ဍာရေးဝင်ငွေမှာဆိုရင် ပညာရေးကဏ္ဍ နဲ့ ကျန်းမာရေးကဏ္ဍမှာ ၂% ဆိုပြီး သုံးခဲ့တယ်။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးဖို့အတွက်ကို ကျန်းမာရေး၊ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံ တိုးတက်မှ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုက level လိုက်မှာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျန်တဲ့ကဏ္ဍတွေမှာ ကျဆင်းနေပြီးတော့ စစ် လက်နက်ပစ္စည်းကဏ္ဍမှာပဲ တိုးတက်လာလို့ရှိရင် အဲဒီနိုင်ငံက စစ်ကိုအားကိုးပြီးတော့ စစ်ဖြစ်ဖို့ အဓိက ရည်ညွှန်းနေတဲ့ပုံစံမျိုး ဖြစ်သွားဖို့ များသွားပြီ။ မဖြစ်သင့်ဘူးပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဗိုလ်ကြီးအနေနဲ့ ဒီဘက်ကို ရောက်လာပြီးနောက် ဒီဘက်မှာ နွေးနွေးထွေးထွေး ကြိုဆိုမှုတွေ ရရဲ့လား။

ဗိုလ်ကြီးရဲထက် ။ ။ ဟုတ်ကဲ့၊ ဒီဘက်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက ရောက်လာတဲ့အခါမှာ ကျနော်အပေါ်မှာ အများကြီး သူတို့ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ အားလုံး ဝိုင်းဝန်း ပံ့ပိုးပေးကြတာတွေ ရှိပါတယ်။ အားလုံးလည်း နွေးနွေးထွေးထွေး၊ လိုအပ်တဲ့အနေအထားတွေ အကုန် ကူညီပေးပါတယ်။ ဒီကို ရောက်လာတဲ့အခါကျမှ ဘာကိုခံစားမိသလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်မှာ အရင်တုန်းက တပ်မတော်သားတယောက်က ဘယ်ကိုပဲ ခရီးသွားသွား ရောက်တဲ့နေရာမှာ စားဖို့နေဖို့အတွက်ကို ပြည်သူလူထုက ဝမ်းပန်းတသာနဲ့ ကြိုဆိုတယ်ဆိုတဲ့ ခံစားမှုမျိုး ပုံစံလေး သွားတွေ့ရတယ်။ ဒါပေမဲ့ လက်ရှိ ကျနော်တို့ ဟိုမှာတုန်းက နေခဲ့တဲ့အနေအထားမျိုးမှာတော့ ဒီလို မရဘူးပေါ့။ အဲဒီအနေအထားမျိုးကို သွားပြီးတော့ ခံစားမိပါတယ်။ ပြောင်းပြန်ဖြစ်နေတဲ့ပုံစံမျိုးပေါ့။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာတပ်မတော်ထဲမှာ ကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တချို့က ဗိုလ်ကြီးရဲထက် ကို သစ္စာဖောက်တဦးအဖြစ် စွပ်စွဲလာခဲ့ရင် ဘယ်လိုတုံ့ပြန်လိုသလဲ။

ဗိုလ်ကြီးရဲထက် ။ ။ ဒါကတော့ လက်ရှိအမြင်အားဖြင့်တော့ ကျနော်က တပ်မတော်ကနေ အခုလို ထွက်ပြေး လာတယ်၊ တိုင်းပြည်အပေါ် သစ္စာဖောက်တယ်လို့ သူတို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်မှာ တကယ် သစ္စာဖောက်တယ်၊ မဖောက်ဘူး။ ထားလိုက်တော့ ကျနော် တပ်မတော်က သစ္စာဖောက်တယ် ဆိုရင်ပေါ့၊ ကျနော်သစ္စာဖောက်တာက ကျနော့်ကိုယ်ကျိုးအတွက်လား၊ ပြည်သူလူထုအကျိုးအတွက်လားဆိုတဲ့ အနေအထားပေါ့။ တပ်မတော်သားဆိုတာက မိမိရဲ့ ကိုယ်ကျိုးစီးပွားကို မကြည့်ဘဲနဲ့ ပြည်သူလူထုရဲ့ အကျိုး စီးပွား ကိုပဲ ကြည့်ပြီးတော့ လုပ်ပေးရမယ်၊ စွန့်လွှတ်အနစ်နာ ခံရမယ်။ ဒီလို စွန့်လွှတ်အနစ်နာခံမှ တပ်မတော် သားကောင်းတယောက်ဆိုတဲ့ ခံယူချက်မျိုးလေး သူတို့ရင်ထဲမှာ တကယ်ရှိနေတယ်ဆိုရင်တော့ သစ္စာဖောက် လို့ မြင်မှာ မဟုတ်ဘူး။ ဒီလိုမှ မဟုတ်ဘဲနဲ့ အခုလက်ရှိ စစ်အာဏာရှင်အစိုးရရဲ့ ရိုက်သွင်းထားတဲ့ဟာတွေကို ကြည့်ပြီးတော့ ကျန်တဲ့ကဏ္ဍတွေကို လေ့လာဆည်းပူးမှု မရှိတဲ့လူတွေဆိုရင်တော့ ကျနော်ကို သစ္စာဖောက်လို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော် အဲဒါတွေကို ဂရုမစိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းကနေ ဘယ်သူတွေဟာ တိုင်းပြည်အပေါ် သစ္စာဖောက်သွားတယ်ဆိုတာကို သက်သေပြမယ်လို့ ယုံကြည်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG