သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးတင်ဦးလွတ်မြောက်မှု ကုလသမဂ္ဂကြိုဆို


မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး ဟာ နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်၊ မနေ့က ပြန်လွတ်မြောက်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး ဒီဖြစ်ရပ်ကနေ ပိုပြီးတော့ ယုံကြည်ရတဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ပေါ်လာဖို့ မျှော်လင့်ပါတယ်လို့ ပြောသွားပါတယ်။

အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဦးတင်ဦးဟာ စနေနေ့က ၇ နှစ်နီးပါး နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်မြောက်လာတာပါ။ အဲန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင် ကြေညာချက်စာတမ်းပါ အချက်တွေနဲ့ မကိုက်ညီဘူးဆိုရင်တော့ ဒီနှစ်ရွေးကောက်ပွဲမှာ သူ့ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ဦးတင်ဦးက ဗွီအိုအေ မြန်မာဌာနကို ပြောသွားပါတယ်။

ဒီလို ဦးတင်ဦး လွတ်မြောက်လာမှုကို ဗြိတိသျှ အစိုးရကလည်း ကြိုဆိုပါကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး ဝန်ကြီး အိုင်ဗင်လူးဝစ်က ပြောကြားသွားကြောင်း အေဖက်ပီသတင်းမှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံး ပါဝင်ခွင့်ပေးဖို့လည်း စစ်အစိုးရကို တောင်းဆိုသွားပါတယ်။

စစ်အစိုးရဟာ ရက်အတိအကျ မကြေညာဘဲ ဒီနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောခဲ့တာပါ။ ဦးတင်ဦးက နိုင်ငံရေးတာဝန်တွေကို ပြန်ထမ်းဆောင်မှာဖြစ်ပြီး မြန်မာလူထုအတွက် ဆက်ပြီး ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG