သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး မျှော်လင့်


မြန်မာနိုင်ငံက အဓိက နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ဖမ်းဆီးခံထားရာက လွတ်မြောက်လာပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့မှောက် ထွက်လာခဲ့ပါတယ်။ ရန်ကုန်မြို့က ရွှေတိဂုံဘုရားကို သွားရောက်ပြီး ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆုတောင်းမှုတွေ လုပ်ခဲ့သလို ပါတီအကြီးတန်း ခေါင်းဆောင်တွေကိုပါ သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဦးတင်ဦးနဲ့အတူ လိုက်ပါသွားခဲ့ကြတဲ့ NLD ပါတီ လူငယ်တွေထဲက ကိုရာဇာကို ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ ဒီကနေ့ ခရီးစဉ်ကို သူက အခုလို စပြောပြခဲ့ပါတယ်။

“ဒီနေ့ ကျနော်တို့ အဘအိမ်ကို မနက် ၅ နာရီခွဲ ၆ နာရီလောက် ကတည်းက ရောက်ပါတယ်။ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အကုန်လုံးနီးပါး လာတယ်။ တိုက်ဆိုင်သွားတာက ဒီနေ့ ဦးနု ၁၃ နှစ်ပြည့် ဆွမ်းကျွေးကနေဆိုတော့ ပိုပြီး ဆုံသွားတာပေါ့။ ရန်ကုန်ရောက်နေတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ နယ်အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ် အသီးသီးက အကုန်လာတယ်။ အဲဒီမှာ အဘကို စကားပြောတယ်၊ နှုတ်ဆက်တယ်၊ ကန်တော့ကြတယ်။

“ကန်တော့ပြီး ၉ နာရီခွဲ ကျော်ကျော်မှာ ကျနော်တို့ အိမ်က စထွက်တယ်။ အဘက ရှေ့ကထွက်တယ်။ ကျနော်တို့ လူငယ်တွေက ကားနဲ့ နောက်ကလိုက်တယ်။ အာဏာပိုင်ဘက်ကလည်း မော်တော်ဆိုင်ကယ် ၃ စီးနဲ့ မော်တော်ကားနဲ့ သပ်သပ်လိုက်တာတော့ ရှိတယ်။

“ကျနော်တို့ ဘုရားကိုရောက်ပြီး တက်တော့ အဲဒီမှာရှိတဲ့ လူငယ်တွေက အဘအတွက် လုံခြုံရေးအနေနဲ့ လိုက်လာပေးတယ်၊ အယောက် ၃၀ လောက်ရှိတယ်။ ပြီးတော့ ကျနော်တို့ ဘုရားပေါ်တက်တယ်။ ဘုရားပေါ်တက်ပြီး ပထမဦးဆုံး အဘက သောကြာထောင့်မှာ ပန်းကပ်ပြီး မေတ္တာပို့တယ်။ ပြီးတော့ ဒုတိယမြောက် အနေနဲ့ အင်္ဂါထောင့်ကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးအတွက်ရော၊ ဗမာပြည်က ၇ ရက်သားသမီးများ အတွက်ရော သူ မေတ္တာပို့တယ်၊ အမျှအတန်း ဝေတယ်။

“ကျနော်တို့ စသွားတော့ လူတွေက သိပ်မသိဘူးဗျ။ ဒါပေမဲ့ အဘ ဦးတင်ဦးဆိုတဲ့ အသံလေးတွေ ကြားတယ်။ ကျနော်တို့ အင်္ဂါထောင့်ကို ရောက်တဲ့အခါကျတော့ အဘွားကြီးတယောက်က ကျနော်တို့ အဖွဲ့ဝင် လူငယ်တယောက်ကို မေးတယ်၊ ဘယ်သူလဲ၊ ဘာညာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကင်မရာတွေက တဖျပ်ဖျပ် ရိုက်နေတာကိုး။ အဲဒီတော့ ကျနော်တို့က ဒါ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးပါလို့ ပြောလိုက်တော့ အဘွားကြီးတယောက်က ထအော်တယ်။ အောင်မယ်လေး၊ သူတော်စင်၊ သူတော်စင်တဲ့၊ ထိုင်ကန်တော့ကြ၊ ထိုင်ကန်တော့ကြဆိုတော့ အဲဒီမှာ ဘုမသိ ဘမသိနဲ့ လူ ၅၀၊ ၁၀၀ လောက် အဘကို ဝိုင်းကန်တော့ကြတယ်။

“ပြီးတော့မှ အဘရဲ့ မွေးနံဖြစ်တဲ့ စနေထောင့်ကို သွားတယ်။ စနေထောင့်မှာ ပန်းလှူတယ်၊ ရွှေသင်္ကန်းကပ်တယ်။ ပြီးတော့မှ အောင်မြေမှာ မေတ္တာပို့၊ ဝတ်ပြု ဆုတောင်းပြီး ကျနော်တို့ ပြန်ဆင်းလာတယ်။ ပြန်ဆင်းလာတော့ ၁၀ နာရီခွဲ ကျော်ကျော် ဖြစ်နေပြီ။ အားလုံးပေါင်း ရွှေတိဂုံဘုရားမှာ ကြာချိန် ၄၅ မိနစ် ရှိပါတယ်။”

တခြားရော ဘယ်တွေ သွားဖြစ်သေးလဲခင်ဗျ။

“ရွှေတိဂုံဘုရားပြီးတော့ အဘအိမ် ပြန်လာတယ်။ အိမ်မှာစောင့်နေတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို နှုတ်ဆက် စကား ပြော တယ်။ ပြီးတော့ ခဏနားတယ်၊ ထမင်းစားတယ်။ ထမင်းစားပြီး ၁ နာရီလောက်မှာ အဘက ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးအောင်ရွှေအိမ်ကို သွားတယ်၊ ဂါရဝဖြစ်တယ်။ ဦးအောင်ရွှေအိမ်မှာပဲ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးမြင့်တို့ ဦးသန်းထွန်းတို့ တွေ့တယ်။ ပြီးတော့ အဲဒီကနေ ဦးလွင်အိမ်ကို သွားတယ်၊ ဂါရဝပြုတယ်။ အဖွဲ့ချုပ် CEC ဦးလွန်းတင်အိမ်ကို သွားတယ်၊ ဂါရဝပြုတယ်။ ပြီးတော့ မကျန်းမမာဖြစ်နေတဲ့ ရန်ကင်းက သူ့ညီအိမ်ဝင်ပြီး ပြန်လာတယ်။ ၃ နာရီခွဲလောက်မှာ ပြန်ရောက်တယ်။”

အာဏာပိုင်တွေဘက်က အနှောင့်အယှက် တစုံတရာ ပေးတဲ့ လက္ခဏာမျိုးတွေရော တွေ့ရပါသလား။

“အဲလိုမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ ထုံးစံအတိုင်း အနောက်ကနေ ဆိုင်ကယ်မီးထိုး လိုက်နေတာတို့၊ ဓာတ်ပုံ တဖျပ်ဖျပ် ရိုက်နေတာတို့၊ ဒါကတော့ ရှိတာပေါ့ဗျာ။ အဲဒါကိုတော့ ကျနော်တို့ကလည်း ဒီနိုင်ငံရဲ့စံနဲ့ အနှောင့်အယှက်ပေးတာ မရှိဘူး လို့ပဲ ပြောရမှာပေါ့လေ။”

NLD ပါတီ လူငယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုရာဇာကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG