သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO ကို တိုင်ကြားတဲ့ ကလေးစစ်သားအမှု ၂၀၁၀ မှာ ၇ မှုရှိပြီ


ပြီးခဲ့တဲ့ လပိုင်းကပဲ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် နဘဲပင်ကျေးရွာမှာ နေထိုင်နေတဲ့ အဘ ဦးအောင်ကိုဦး၊ အမိ ဒေါ်မြင့်မြင့်ရီတို့ရဲ့ သား မောင်သူဇင်ဦး၊ အသက် ၁၇ နှစ်ဟာ ရန်ကုန်မှာ အလုပ်လုပ်ရင်းကနေ ပျောက်ဆုံးသွားခဲ့ရာ နောက်ပိုင်းမှာ ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရေနီက စစ်လေ့ကျင့်ရေးစခန်း ၅ ကို ရောက်နေတာ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သိရှိခဲ့ရကြောင်း၊ ဒီအတွက် မိသားစုက ILO ကို တိုင်ကြားပြီး ရေနီစခန်းမှာ သွားခေါ်ခဲ့ပေမဲ့ ပြန်လည်မရရှိသေးကြောင်း မိသားစုက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးကို စစ်ထဲကနေ ပြန်ထုတ်နိုင်ဖို့အတွက် ဖခင်ဖြစ်သူနဲ့ ဦးလေးတွေ သွားရောက်ခေါ်တဲ့ အခါမှာ လေ့ကျင့်ရေးစခန်း ၅ မှာ အရာရှိ အဆင့်ဆင့်ကို စောင့်နေရတာကြောင့် ညနေထိ ကလေးနဲ့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ၁၃ ရက်နေ့က ရောက်သွားခဲ့ပုံကို မိသားစုဝင်တဦးက အခုလို ပြောပြပါတယ်။

“သူ့ရဲ့အရာရှိ၊ ဗိုလ်ကြီးပေါ့၊ ဒီဘက်မှာ မိဘပေါ့၊ အဲဒီနှစ်ဘက်ကြားမှာ သူ့ခမျာ ကျောက်ရုပ်ကြီးလို၊ ဟေ့ကောင် မင်းသဘောနဲ့ မင်း စစ်ထဲဝင်တာလားလို့ လှမ်းမေးတော့ ဟုတ်ပါတယ်တဲ့၊ ကျနော့်သဘောနဲ့ ကျနော် ဝင်တာပါတဲ့။ ကျနော်တို့ဘက်ကိုလည်း ကြည့်တယ်။ ဒါပေမဲ့ တကယ့် ကျောက်ရုပ်ကြီးလို၊ အသက်မရှိတဲ့ ပုံစံကြီးလို အဲဒီအချိန်မှာ သူက သတိထားနေရတဲ့ အနေအထားမျိုးပေါ့။

“အဲဒီအချိန်မှာ ကျနော့်ကလေးကို အသက်မပြည့်သေးလို့ ပြန်ခေါ်မယ်ဆိုတော့ အဲဒါဆိုရင် သူ့အသက်က ဘယ်လောက်လဲတဲ့။ ခင်ဗျားမှာ အထောက်အထားပါလားတဲ့။ ကျနော်ကလည်း ပါတယ်လို့။ ပါတယ်ဆို ပြဆိုတော့ ကျနော်က ချက်ချင်း ထုတ်ပြလိုက်တယ်။ ပြလိုက်တော့ သူ ငိုင်သွားရော။ အေးပါဗျာတဲ့၊ အဲဒါဆိုရင် စိတ်ချပါတဲ့။ ရက်ပိုင်းအတွင်း နည်းနည်းတော့ ကြာမှာပေါ့ဗျာတဲ့။”

ဗိုလ်ကြီးရာဇာမိုးက ကလေးကို ခြိမ်းခြောက်တဲ့ အပြုအမူတွေနဲ့ မေးမြန်းခဲ့တာကြောင့် သူတို့အနေနဲ့ စိုးရိမ်ပူပန်ရတယ်ဆိုပြီး နောက်ထပ် ဦးလေးတော်စပ်သူ တဦးကလည်း အခုလို ပြောပြပါတယ်။

“ကျနော်တို့ရှေ့မှာတောင်မှာ ကလေးကို မေးတာ၊ ဟေ့ကောင်၊ မင်းသဘောနဲ့ မင်း ဝင်တာလား၊ တို့က သွင်းတာလားဆိုတော့ သားသဘောနဲ့ သားဝင်တာပါတဲ့၊ ကလေးက အဲဒီလောက်ထိ ပြောသွားတယ်။ သူတို့က ဘယ်လောက် ခြိမ်းခြောက်ထားလဲ ဆိုတာတော့ ကျနော် မသိဘူး။ ကလေးက ကျောက်ရုပ်ကြီးလို ဖြစ်ပြီးတော့ စကားလည်း မပြောဘဲနဲ့ တောင့်တောင့်ကြီး ဖြစ်ပြီးတော့ မျက်ရည်တွေပဲ တွေတွေကျနေတယ်။ သူ့အမေကလည်း ဒီကလေးမှ မရရင် သေမှာပဲ။ ဖြစ်နိုင်ရင် ကျနော်တို့ကို ကူညီပေးပါဗျာ၊ ဝိုင်းပြီးတော့။ ကလေးပြန်ရရင် ကျနော်တို့က တော်ပါပြီ၊ ကျေနပ်ပါတယ်။”

ညပိုင်းမှာ ကလေးကို ခဏတာတွေ့ရပြီး နောက်နေ့မနက် ရောက်တဲ့အခါ သားဖြစ်သူကို ပြန်မထည့်ပေးလိုက်တဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ဖခင်ဖြစ်သူကလည်း အခုလို ပြောပါတယ်။

“လွတ်လွတ်လပ်လပ် မတွေ့ရဘူး။ သူတို့လည်း ဘေးမှာ လေးငါး ဆယ်ယောက်လောက် ဝိုင်းနေပါတယ်။ ဝိုင်းနေတော့ ကျနော် မတ်တပ်ရပ် ပြောပြီး၊ နှုတ်ဆက်ပြီးပဲ အဖေတယောက်အနေနဲ့ ငိုပြီး ပြန်လာခဲ့ရပါတယ်။”

ILO နဲ့ ဆက်သွယ် ဆောင်ရွက်ပေးနေတဲ့ ပဲခူးမြို့က ရှေ့နေကြီး ဦးအေးမြင့်ကတော့ မကြာခင်မှာ မိဘထံကို ကလေး ပြန်လည်ရောက်ရှိလာဖို့အတွက် မျှော်လင့်ထားကြောင်း၊ ကလေးကို နှိပ်စက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ လုပ်မှာကိုတော့ စိုးရိမ်ကြောင်းတွေကို ဆက်ပြောပါတယ်။

“မိဘက အသက် အထောက်အထားနဲ့ ပေးလိုက်ပြီ ဖြစ်တဲ့အတွက် သူတို့က ပြန်ထည့်ပေးလိုက်ဖို့ တာဝန်ရှိတယ်။ သို့သော် ဗမာပြည်ရဲ့ စနစ်အရ ကျနော်တို့တိုင်တာ ILO ရုံးကို ၁၁ ရက်နေ့ကမှ တရားဝင် စာရောက်တယ်။ ဒီနေ့မှ ၁၄ ရက်၊ ဆိုတဲ့အတွက် ကျနော်တို့က ဒါတော့ ခွင့်လွှတ်ပါတယ်။ ဘာခွင့်လွှတ်လဲဆိုတော့ ILO ကနေ လူကြီးဆီပို့၊ ဗမာပြည် စာသွားတဲ့စနစ်က တမြို့တည်း စာထည့်တာတောင် တလလောက် ကြာတဲ့ခေတ်။ အဲဒါကို ကျနော်တို့က မြန်အောင် ILO ကို အကျိုးအကြောင်းပြောရ။”

မောင်သူဇင်ဦးဟာ ၂၀၁၀ ခုနှစ်အတွင်းမှာ ILO ကို တိုင်ကြားတဲ့ ၇ ယောက်မြောက် ကလေးစစ်သားဖြစ်ပြီး ကလေးတချို့ကတော့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တဲ့အတွက် သူ့ကိုလည်း ပြန်လည် လွှတ်ပေးလိမ့်မယ်လို့ မိသားစုက မျှော်လင့်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG