သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်စုရှေ့နေ ၄ ဦးနဲ့ ရန်ကုန်မှာ တွေ့ဆုံ


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီနေ့မနက် ၉ နာရီမှာ မင်္ဂလာဒုံ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ၅ ရက်ကြာခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုပြောပါတယ်။

“မစ္စတာ ကင်တားနား ရောက်ကတည်းက ကုလသမဂ္ဂ ဒီမှာရှိတဲ့ အဖွဲ့တွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ စောစောက ရှေ့နေ ဦးကြည်ဝင်းရယ်၊ ဦးဉာဏ်ဝင်းရယ် အဖွဲ့ အားလုံး ၄ ယောက်၊ သူတို့နဲ့ တွေ့တယ်။ နောက် တရားသူကြီး ဦးသောင်းညွန့်၊ ဦးညီညီစိုးတို့နဲ့ပါ တခါတည်း တွေ့သွားတယ်။”

မစ္စတာ ကင်တားနားဟာ ဒီနေ့ ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေက သံတမန်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ကို မနက်ဖြန် အင်္ဂါနေ့ မနက်စောစောမှာ သွားရောက်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဘူးသီးတောင်မြို့ကို သွားရောက်မယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ကို ကြာသပတေးနေ့မှာ ပြန်လည်ရောက်ရှိဖို့ ရှိတယ်လို့ ဦးအေးဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံနိုင်ဖို့အတွက် နေပြည်တော်ကို သွားရောက်ဖို့လည်း စီစဉ်ထားတဲ့အကြောင်း၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စစ်အစိုးရကို မေတ္တာရပ်ခံထားကြောင်း၊ တွေ့ခွင့်ရမရ မသိရသေးတဲ့အကြောင်း၊ သောကြာနေ့မှာ ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားကြောင်းနဲ့ မပြန်ခင် သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် အဖွဲ့ကနေ မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေး စနစ်ရယ်၊ ရွေးကောက်ပွဲအပေါ် ဥပဒေကြောင်းအရ သုံးသပ်ချက်တွေကို မစ္စတာ ကင်တားနားကို ဒီနေ့ ရှင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့ထဲက တဦးလည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ် တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။

“ဒီနေ့ ညနေ ၃ နာရီကနေ ၄ နာရီအထိ မြရိပ်ညိုဟိုတယ်မှာ တွေ့ပါတယ်။ မစ္စတာ ကင်တားနားနဲ့ သူ့ရဲ့ လက်ထောက် ၂ ယောက်၊ ဒီဘက်က ဦးကြည်ဝင်း၊ ကျနော်၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်ပါ။ ကျနော်တို့ အဓိက ဒီနေ့ပြောခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု၊ မပြီးပြတ်သေးတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေ အယူအဆတွေကို ကျနော်တို့ ပြောခဲ့တယ်။

“နောက်တခုက မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ တရားစီရင်ရေး စနစ်က ကောင်းတယ်။ သို့သော်လည်း လက်တွေ့ ကျင့်သုံးတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်။ ဥပမာအားဖြင့် ကျနော်တို့ ပြောခဲ့တာက Open Court မဟုတ်ဘူး၊ အများပြည်သူ ကြားနာခွင့် မရတဲ့ တရားရုံးတွေ ဖြစ်နေတယ်။ ဆွေမျိုး၊ မိသားစုတောင် လုံး၀ နားထောင်ခွင့် မရဘူး။ အဲဒီအခြေအနေကို ကျနော် ပြောပြခဲ့တယ်။

“နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲလက်မအပ်မီမှာ တချို့ ရက်နဲ့၊ တချို့က လနဲ့ကို ကြာတယ်။ အဲဒီကာလတွေကို အချုပ်အဖြစ် မသတ်မှတ်ဘူး။ အဲဒီလို မသတ်မှတ်တဲ့ ကာလတွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ အဲဒီလို ခေါ်ယူ ဖမ်းဆီးထားခွင့်ကလည်း ဘယ်ဥပဒေမှာမှ မပေးဘဲနဲ့ ဒါဟာ အလေ့အကျင့်လို ဖြစ်နေတယ်ဆိုတာ ပြောခဲ့တယ်။ အဲဒါတွေပါပဲ၊ ဒီနေ့က။”

ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီးတော့ရော မစ္စတာ ကင်တားနား ဘက်က ဘာတွေ တင်ပြသွားတာမျိုး ရှိပါသလဲ။

“မစ္စတာ ကင်တားနားက ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရေးယူခဲ့တဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့ မကိုက်ညီဘူးတဲ့။ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့လည်း မညီညွတ်ဘူးတဲ့။ အဓိက အကြောင်းကတော့ တရားရုံးရဲ့ အမိန့်၊ တရားရုံးရဲ့ စစ်ဆေးမှု မပါဘဲနဲ့ လူတွေကို ချုပ်နှောင်ထားခွင့်ကို အဲဒီ ဥပဒေက ပေးလို့ပါလို့ သူ အဲဒီလို ပြောပြသွားပါတယ်။”

အခု နောက်ဆုံး နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်ချထားတဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ရော။

“သီးခြားတော့ အဲဒီလို မပြောဘူး။ ဒီ ၁၈ လ ဆိုတာလည်း အဲဒီအမှုက ပေါက်ဖွားလာတာပဲလေ။ အဲဒီဥပဒေအရ အရေးယူလို့ ပေါက်ဖွားလာတာပဲ။ အဲဒီဥပဒေကိုက နိုင်ငံတကာ အဆင့်အတန်း မရှိဘူး၊ နိုင်ငံတကာ ဥပဒေနဲ့လည်း မကိုက်ညီဘူး။ နောက် Without Trial တရားရုံးရဲ့ စစ်ဆေး စီရင်မှု မရှိဘဲနဲ့ လူတွေကို ချုပ်နှောင်တာ လုံး၀ မှန်ကန်မှု မရှိဘူးလို့ အဲဒီလို ပြောတာပါ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကင်တားနားက တွေ့ဆုံမယ်လို့ အန်ကယ်တို့ကို ပြောသွားပါလား။

“ဟုတ်ကဲ့၊ ပြောပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ သူ့အစီအစဉ်ထဲမှာ ပါပါတယ်တဲ့။ ခွင့်ပြုချက် ရရင်တော့ သူ တွေ့ရမှာပဲတဲ့။ အဲတော့ သူ့အစီအစဉ်ကတော့ ၁၈ ရက်နေ့မှာတွေ့ဖို့ အစီအစဉ် ဆွဲထားပါတယ်လို့ ပြောသွားပါတယ်။”

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်ကယ်တို့နဲ့ တွေ့တဲ့အချိန်မှာ ဘာတွေများ ပြောသွားတာ ရှိပါသလဲ။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ မေးခွန်းတခု မေးပါတယ်။ ရွေးကောက်ပွဲပေါ်မှာ ဘယ်လိုသဘောထားလဲတဲ့။ ဆိုတော့ ကျနော် သူ့ကိုပြောပြတယ်။ ၂၀၁၀၊ ၂ လပိုင်းရောက်ပြီ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အစီအစဉ်၊ ဥပဒေ ဘာညာ အခုထိ မသိဘူး၊ ဘယ်သူမှလည်း မသိဘူး။ အကယ်၍ ၂၀၁၀ နှစ်ထဲမှာပဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု၊ လုံး၀ မရှိနိုင်ဘူးလို့ ယူဆတယ်လို့ ကျနော် အဲလိုပြောခဲ့တယ်။”

ရွေးကောက်ပွဲအပြင် အန်ကယ်တို့ တခြား ဆွေးနွေးတာမျိုးရော ရှိပါသလား။

“မရှိပါဘူး။ ကျန်တာကတော့ ကျနော်တို့ တရားရုံးဆိုင်ရာ ကိစ္စတွေကိုပဲ ဆွေးနွေးပါတယ်။”

အခု မစ္စတာ ကင်တားနားနဲ့ အန်ကယ်တို့ ရှေ့နေ ၄ ဦးနဲ့ တွေ့ခွင့်ပေးတဲ့ အပေါ်မှာ အန်ကယ့်အနေနဲ့ ဘယ်လိုအမြင် ရှိပါသလဲ။

“မစ္စတာ ကင်တားနား အနေနဲ့ ကျနော်တို့ ရှေ့နေများဟာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို နီးနီးစပ်စပ် တွေ့နိုင်တယ် ဆိုတဲ့ အယူအဆနဲ့ ကျနော်တို့ကို တွေ့တာလို့ပဲ မှတ်ယူပါတယ်။”

XS
SM
MD
LG