သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်အုန်းလှကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် စီရင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က ပြန်လွှတ်ပေးဖို့အတွက် ရွှေတိဂုံဘုရားမှာ အပတ်စဉ် အင်္ဂါနေ့တိုင်း သွားရောက် ဝတ်ပြုဆုတောင်းတဲ့ အဖွဲ့မှာ တက်ကြွစွာ ဦးဆောင် ပါဝင် လှုပ်ရှားခဲ့တဲ့ ဒေါ်နော်အုန်းလှနဲ့ တခြား ၃ ဦးတို့ကို ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်နော်အုန်းလှတို့ရဲ့ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးကို ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းရာမှာ ဦးကျော်ဟိုးက အခုလို စပြောပါတယ်။

“ဒီနေ့ ၂ နာရီနဲ့ ၂၅ မိနစ်မှာ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက တရားသူကြီး ဦးအောင်သိန်းက အမိန့်ချလိုက်ပါတယ်။ သူတို့ကို ပြစ်မှု ဥပဒေပုဒ်မ ၅၀၅(ခ) အရ ပြစ်မှုထင်ရှားတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ပေါ့၊ အများဆုံး ပြစ်ဒဏ်ကို ချလိုက်ပါတယ်။”

ဒေါ်နော်အုန်းလှနဲ့အတူ စီရင်ချက် အချခံရတဲ့အထဲမှာ ဘယ်သူတွေ ပါပါသေးလဲ။

“အားလုံးပေါင်း ၄ ယောက်၊ ဒေါ်နော်အုန်းလှရယ်၊ ချိုချိုလွင်ရယ်၊ ချိုချိုအေး ခေါ် မချိုရယ်၊ နောက် စန်းစန်းမြင့်ရယ်။”

အခု စီရင်ချက်ချတာက အင်းစိန်ထောင်ထဲမှာလား၊ အပြင်တရားရုံးမှာလား။

“အင်းစိန်ထောင်ထဲမှာပါ။”

ဒေါ်နော်အုန်းလှတို့ကို သူတို့ ဖမ်းထားတာတော့ ကြာပါပြီ။

“ဟုတ်ကဲ့၊ ၁၀ လပိုင်း ၃ ရက်နေ့ကတည်းက။”

၂၀၀၉ ခုနှစ်၊ ၁၀ လပိုင်းပေါ့နော်။

“ဟုတ်ကဲ့။”

သူတို့ကို စဖမ်းတုန်းက ဘယ်လိုဖမ်းတာလဲခင်ဗျ။ နောက်ကြောင်းလေး နည်းနည်း ပြန်ကောက်ပေးပါလား။

“ဖမ်းတဲ့နေ့က လပြည့်နေ့လေ။ လပြည့်နေ့ဆိုတော့ ဒေါ်နော်အုန်းလှတို့က တောင်ဒဂုံမြို့နယ်မှာ ရှိတဲ့ မကွေး ပရိယတ္တိ စာသင်တိုက်က ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခထံမှာ သွားပြီးတော့ ဆွမ်းချိုင့် ကပ်လှူတယ်။ ကပ်လှူပြီး ပြန်ထွက်လာတယ်။ ပြန်ထွက်လာပြီးတော့ တောင်ဒဂုံကနေ သင်္ဃန်းကျွန်းမြို့နယ်က စံပြဈေးကို ပြန်ရောက်တယ်။ စံပြဈေးကနေ ပြန်အထွက်မှာ ရဲတွေက ဖမ်းပြီး ရှာတယ်။ ရှာတဲ့အခါ ကမ္မဝါစာတွေ တွေ့တယ်ဆိုပြီး ဖမ်းသွားတယ်။

“ဖမ်းသွားပြီး တရားစွဲတဲ့ အခါကျတော့ မကွေးကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခကို ကမ္မဝါစာ ၄၂ စောင်ကို ဆွမ်းချိုင့်နဲ့အတူ ကပ်လှူခဲ့တယ်လို့ စွပ်စွဲပြီး တရားစွဲတာပေါ့။ အဲဒီလို တရားစွဲ၊ အမှုစစ်ပြီး အမိန့်ချလိုက်တာပေါ့။ အမိန့်ချတဲ့ နေရာမှာလည်း ဒီဆရာတော်ကို နိုင်ငံတော် ဆန့်ကျင်တဲ့ ကမ္မဝါစာ ကပ်လှူတယ်ဆိုတာ ပေါ်ပေါက်တယ်၊ ပြစ်မှု ထင်ရှားတယ် ဆိုပြီးတော့ ပြစ်ဒဏ် ချလိုက်တာပဲ။

“ဒီလို ချလိုက်တဲ့အပေါ်မှာ ကျနော်တို့က မကျေနပ်ဘူး။ မကျေနပ်တဲ့ အကြောင်းက တရားရုံးရဲ့ စီရင်ချက်မှာ ဒီလို ကပ်လှူ တယ် ဆိုတာ မျက်မြင်သက်သေလည်း မတင်ပြနိုင်ဘူး။ ပြီးတော့ ကပ်လှူခဲ့တယ်ဆိုတဲ့ ကမ္မဝါစာ ၄၂ စောင်ကိုလည်း တရားရုံးကို သက်သေခံအဖြစ် တင်မပြနိုင်ဘူး။ နောက် ကပ်လှူခြင်းခံရတဲ့ ဆရာတော် ဦးပါမောက္ခကိုလည်း တရားလိုပြ သက်သေအနေနဲ့ တင်ပြနိုင်ခြင်း မရှိဘူး။

“ဒါကြောင့် ဒီလို မျက်မြင်သက်သေ မရှိဘူး၊ စာရွက်စာတမ်း အထောက်အထား မရှိဘူး၊ သက်သေပြရမယ့်လူတွေ မပြဘဲနဲ့ ဒီလိုပြစ်ဒဏ်ချတာဟာ ခိုင်လုံမှု မရှိဘူး။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး အယူခံတက်ဖို့ စီစဉ်နေပါတယ်။”

ကမ္မဝါစာဆိုတာ တကယ်တော့ တရားစာ၊ ဘုရားစာ မဟုတ်ဘူးလားခင်ဗျ။

“ဟုတ်ပါတယ်။ ကျနော်တို့ အမြင်မှာလည်း ဒီလိုပါပဲ။ ကမ္မဝါစာကို ဆရာတော်ကို ကပ်တယ်ဆိုတာလည်း ဘာသာရေးအရ ပြစ်မှုမြောက်တယ်လို့ ကျနော်တို့ မယူဆပါဘူး။ ကမ္မဝါစာကလည်း ပါဠိလို ရေးထားတာ။ တော်ရုံတန်ရုံ ပါဠိနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့လူ မဟုတ်ရင်လည်း နားလည်မှာ မဟုတ်ဘူး။ သူတို့ တရားစွဲတဲ့ သတင်းတပ်ဖွဲ့ ရဲအရာရှိ ကိုယ်တိုင်ကလည်း ဒါဖတ်ပြီး သူတို့လည်း အဓိပ္ပာယ် မသိနိုင်ဘူး။

“ဒါ အများပြည်သူကို လှုံ့ဆော်တယ်၊ တဦးတယောက်ကို လှုံ့ဆော်တယ် ဆိုတာလည်း မဖြစ်နိုင်ဘူးပေါ့လေ။ ဒါ အဓိက မကျပါဘူး။ အဓိက ကျနော်တို့က ဥပဒေကြောင်းအရ စဉ်းစားတာက ဒီလို တကယ်ကပ်တယ်၊ မကပ်ဘူးဆိုတာတောင်မှ သက်သေ အခိုင်အလုံ မပြနိုင်ဘဲနဲ့ အပြစ်ပေးထားတာ ကျနော်တို့အနေနဲ့တော့ လက်မခံနိုင်ဘူးပေါ့လေ။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG