သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှု ရပ်တန့်ဖို့ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း


လာမယ့် ရွေးကောက်ပွဲ မတိုင်မီ ကာလမှာ မြန်မာစစ်အစိုးရ အနေနဲ့ တိုင်းရင်းသား နိုင်ငံရေး လှုပ်ရှားသူတွေအပေါ် ဖိနှိပ် တာတွေ ရပ်တန့်ဖို့အတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုမှုကို မြန်မာ့နိုင်ငံရေး အင်အားစုတွေက ကြိုဆိုလိုက်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပြီး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အမေရိကန် အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဒီလို အစီရင်ခံစာ ထုတ်ပြန်ချိန်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) ရခိုင်ပြည်နယ်ဘက်ကို သွားရောက်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

AI အဖွဲ့ရဲ့ တောင်းဆိုချက်ကိုတော့ သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ အသံနဲ့ ဖတ်ကြားထားပါတယ်။

သူတို့ရဲ့ ကြေညာချက်ကတော့ လာမယ့် ရွေးကောက်ပွဲမတိုင်မီ ကာလမှာ မြန်မာစစ်အစိုးရ အနေနဲ့ တိုင်းရင်းသား နိုင်ငံရေး လှုပ်ရှားသူတွေအပေါ် ဖိနှိပ်တာတွေ ရပ်တန့်ရမယ်လို့ ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ပြီး တောင်းဆိုကြောင်း ဖတ်ကြားထား တာ ဖြစ်ပါတယ်။

AI အဖွဲ့က ထုတ်ပြန်တဲ့ စာမျက်နှာ ၅၈ မျက်နှာရှိတဲ့ အစီရင်ခံစာကို ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသား လူမျိုးစု ၇ စုက နိုင်ငံရေး လှုပ်ရှားသူ ၇၀၀ ကို အခြေပြုပြီး ထုတ်ပြန်ထားတာ ဖြစ်ကြောင်းနဲ့ ဒီအစီရင်ခံစာကို ၂၀၀၇ ခုနှစ် သြဂုတ်လ ကနေ ၂ နှစ်ကြာ ကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ဖော်ပြထားကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က AI အဖွဲ့ရဲ့ ကြေညာချက်ဟာ မြန်မာပြည်မှာ လက်တွေ့ဖော်ဆောင်ရမယ့် အရာတွေကို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“အခုကြေညာတဲ့ ကြေညာချက်ဟာ တကယ်တော့ မြန်မာနိုင်ငံမှာ လက်တွေ့အားဖြင့် ဖော်ဆောင်ပေးရမယ့် ဖော်ဆောင်ချက်တွေကို တနည်းတလမ်းနဲ့ ဖော်ပြတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မတည်ဆောက်ဘဲနဲ့ ပြီးပြည့်စုံတဲ့ အမျိုးသား သွေးစည်း ညီညွတ်ရေးကို တည်ဆောက်လို့ မရပါဘူး။ အဲတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်တဲ့ နေရာမှာလည်း အပြောသက်သက်နဲ့ မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ဖို့ လိုပါတယ်။”

ဒီလို အကောင်အထည် ဖော်ရာမှာ လိုအပ်မယ့် အချက်တွေကို ဦးအေးသာအောင်က အခုလို ဆက်ပြောပါတယ်။

“အဲဒီလို အကောင်အထည်ဖော်တဲ့ နေရာမှာ အဓိကကတော့ ပင်လုံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ လိုသလို အခုအခါမှာ တိုင်းရင်းသား ခေါင်းဆောင်များဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဗိုလ်ချုပ်ဆေထင်တို့ အပါအဝင် တိုင်းရင်းသား ရာပေါင်းများစွာတွေကို ဖမ်းဆီး ထောင်ချထားတဲ့ ဟာတွေကို လွှတ်ပေးဖို့ လိုပါတယ်။ နောက်တခုက တိုင်းရင်းသား နယ်မြေတွေမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ရပ်စဲပြီးတော့ ပြည်တွင်းစစ်ကိုလည်းပဲ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးရအောင် တည်ဆောက်ဖို့ လိုပါတယ်။”

AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အာဏာပိုင်တွေက တိုင်းရင်းသား နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတာ၊ ထောင်ချတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ လုပ်နေကြောင်းနဲ့ သူတို့ရဲ့ တရားဝင် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ကြိုးစားရာမှာ မျက်ခြည်မပြတ် စောင့်ကြည့်ခံရတာ၊ နှောင့်ယှက် ဟန့်တားတာနဲ့ ခွဲခြားဆက်ဆံ ခံရတာတွေ ရှိနေတယ်လို့ ဖော်ပြပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့-မြန်မာနိုင်ငံက ကိုဘိုကြည်က ဖမ်းဆီးခံထားရတဲ့ တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်လောက် ရှိတယ်လို့ ပြောပါတယ်။

“၂၀၀ ကျော် ရှိပါတယ်၊ ကျနော်တို့ စာရင်းတွေ အရတော့။ ရှမ်းရှိတယ်၊ မွန်ရှိတယ်၊ ကရင်ရှိတယ်၊ ရခိုင်ရှိတယ်။ ဥပမာ ဦးကျော်မင်းဆိုတာ မြင်းခြံထောင်မှာရှိတယ်၊ သူက ရခိုင်ကပဲ။ သူလည်း MP ပဲ။ သူတို့ တမိသားစုလုံး အဖမ်းခံရတာ။ နောက် ဦးညီပု ရှိမယ်၊ ဦးခွန်ထွန်းဦး ရှိမယ်၊ စိုင်းထွန်းညိုတို့ရှိမယ်။ နောက် ရခိုင်ဘက်မှာ အဖမ်းခံရတဲ့ ဘုန်းကြီးတွေတော့ ရှိတယ်။

“တိုင်းရင်းသားတွေ တော်တော်များများ ဖြစ်တယ်ဆိုတာ တချို့တွေက ထောင်ဝင်စာတောင် မလာနိုင်တဲ့ အနေအထားမျိုး တွေ ရှိတယ်။ စောစောပိုင်းကဆိုရင် အထူးသဖြင့် ကရင်တွေဆိုရင် ထောင်ပြောင်းလာပြီးတဲ့ အချိန်မှာ တော်တော်လေး ညှဉ်းပန်းနှိပ်စက်၊ အရိုက်ခံရတာမျိုးတွေ ရှိပါတယ်။

“အခု ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေထဲမှာ ဆိုရင်လည်း ရှမ်းက ဦးခွန်ထွန်းဦးတို့ ဆိုရင်လည်း နယ်ဝေး ထောင်တွေ အပို့ခံရတယ်။ ပြီးတော့ ကျန်းမာရေး အခြေအနေတွေ မကောင်းဘူး။ မကောင်းတဲ့ကြားထဲ ဆေးဝါးကုသခွင့် လုံလုံလောက်လောက် မပေးတာတွေကလည်း နိုင်ငံရေး အကျဉ်းသားတွေရော၊ တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသားတွေ ရော ခံစားနေရတဲ့ ကိစ္စတွေပါ။”

အမျိုးသား ပြန်လည်သွေးစည်းရေးအတွက် ဆိုရင် ထောင်ကျခံနေရတဲ့ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ လက်တွဲလုပ်ဖို့ လိုအပ်တယ်လို့ ကိုဘိုကြည်က ဆက်ပြောပါတယ်။

“တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသားတွေထဲမှာ တချို့ အရေးကြီးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ပါဝင်နေတာ တွေ့ရတယ်။ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အင်မတန် အရေးကြီးတဲ့ သူတွေ ဖြစ်တယ်။ ဒီလူတွေကို အကျဉ်းထောင်ထဲမှာ အသက်ဆုံးရှုံးသွားတဲ့ အဖြစ်မျိုးတော့ မဖြစ်သင့်ဘူး။ ဒီလူတွေနဲ့ အတူတွဲပြီး တိုင်းပြည်အတွက် လက်တွဲလုပ်ရမှာ ဖြစ်တယ်။ အဲဒီအတွက် ဒီလူတွေကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးသင့် တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ရွေးကောက်ပွဲ မတိုင်မီမှာ တိုင်းရင်းသား လူမျိုးစုတွေကို ဖိနှိပ်တာတွေ ရပ်တန့်ဖို့ တောင်းဆိုနေတဲ့ တပြိုင်တည်းမှာတော့ မြန်မာ့နိုင်ငံရေး အင်အားစုတွေက ရွေးကောက်ပွဲထက် အမျိုးသား ပြန်လည်သွေးစည်း ညီညွတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ကို အလေးထား တင်ပြနေကြပါတယ်။

မြန်မာစစ်အစိုးရကတော့ ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပမယ်လို့ ကတိပေးထားပေမဲ့ ဘယ်နေ့ ဘယ်လမှာ ကျင်းပ မယ် ဆိုတာတော့ အခုချိန်ထိ မကြေညာသေးပါဘူး။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ရွေးကောက်ပွဲကို ဦးတည်နေတဲ့ အခုလိုကာလမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်၊ စုဝေးခွင့်နဲ့ ကိုးကွယ်ခွင့်တွေအပေါ် ကန့်သတ်ချုပ်ချယ် မထားဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းထားသလို နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေကို လွတ်လပ်စွာ ရေးသားဖော်ပြခွင့် ပြုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG