သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တတိယနိုင်ငံတွေအကြား တိုးပွားလာတဲ့ ရင်သားကင်ဆာ


ဖေဖဝါရီလ ၁၀၊ ၂၀၁၀။ ပြီးခဲ့တဲ့နှစ်တုန်းက ရင်သားကင်ဆာကြောင့် သေဆုံးရတဲ့ အမျိုးသမီး တဝက်ကျော်ဟာ ဖွံဖြိုးဆဲနိုင်ငံတွေကဖြစ်ကြပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကိန်းဂဏန်းအရဆိုရင် တနှစ်ကို ကင်ဆာကြောင့် သေဆုံးသူဟာ ၈သန်းနီးပါး ရှိပါတယ်။ အဲဒီအထဲ သေဆုံးသူ ၇၂ ရာခိုင်နှုန်းဟာ ဝင်ငွေနည်းပါတဲ့။ ဝင်ငွေ အသင့်အတင့်ပဲရှိတဲ့ တိုင်းပြည်တွေက ဖြစ်ကြပါတယ်။ ကင်ဆာရောဂါတွေထဲမှာ တကမ္ဘာလုံး အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာကတော့ ရင်သားကင်ဆာပါ။ ကင်ဆာရောဂါရတဲ့ အမျိုးသမီး ၁၆ရာခိုင်နှုန်းဟာ ရင်သားကင်ဆာရောဂါပါ။

ဖွံဖြိုးဆဲတိုင်းပြည်တွေမှာ ရင်သားကင်ဆာကြောင့် သေဆုံးတဲ့ အမျိုးသမီးဦးရည် ပုံမှန်မဟုတ်ပဲ များပြားလာတာကို ဟားဗက်တက္ကသိုလ်က သုတေသီတွေ ဂရုပြုခဲ့ကြပါတယ်။ ဒါကြောင့် ဒီကိစ္စကို စုံစမ်းလေ့လာပြီး စတင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လုံလောက်တဲ့အချက်အလက်တွေ စုဆောင်းရေးနဲ့ သုတေသနလုပ်ငန်းတွေ နိုင်ငံတကာမှာ ပိုပြီး လုပ်ဆောင်ဖို့ အဲဒီ သုတေသီတွေက ဦးစီး ဦးဆောင်လုပ်လာကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဆိုရင်တော့ ရင်သားကင်ဆာသုတေသနလုပ်ငန်းတွေအတွက် ရံပုံငွေ ကောက်ခံမှုတွေ အကြီးအကျယ်လုပ်နေပါတယ်။ ရင်သားကင်ဆာသုတေသနရံပုံငွေအတွက် အနုပညာရှင်အကျော်အမော်တွေတောင် ပါဝင်လှုပ်ရှားနေကြပါတယ်။ ရင်သားကင်ဆာရောဂါ ရရှိထားတဲ့ ဝေဒနာရှင် အမျိုးသမီးတွေကိုယ်တိုင် ဒီရောဂါနဲ့ပတ်သက်လို့ အများပြည်သူ သတိထားမိလာအောင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောခဲ့ကြပါတယ်။ ဒီအထဲမှာ အမေရိကန်သမ္မတဇနီး နှစ်ဦးတောင် ပါဝင်ပါတယ်။ တဦးကတော့ ၁၉၇၂ ခုနှစ်မှာ သမတ ဂျရယ် ဖိုဒ် ဇနီး Betty Ford နဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတော့ သမ္မတရေဂင်ဇနီး နန်စီ ရေဂင်တို့ဖြစ်ကြပါတယ်။

Felicia Knaul ဟာ ဟားဗက်တက္ကသိုလ်က သုတေသနမှုးတဦးဖြစ်ပါတယ်။ သူလတ်တလော ရည်မှန်း ဆောင်ရွက်မှုကတော့ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ရင်သာကင်းဆာအပါအဝင် ကင်ဆာရောဂါသည်တွေကို ပြုစုစောင့်ရှောက်မှု ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ပါ။

“ ဒီရောဂါမျိုးဟာ ချမ်းသာတဲ့တိုင်းပြည်တွေမှာဖြစ်တဲ့.. ချမ်းသာတဲ့ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ရောဂါဆိုပြီး နောက်ဆုံးအချိန်အထိ အတော်များများက ယူဆခဲ့ကြတာပါ။”

ဟာဗက်တက္ကသိုလ်ရဲ့ သုတေသနပြုလေ့လာချက်ထဲမှာတော့ ပြီးခဲ့တဲ့ နှစ်က ရင်သားကင်ဆာနဲ့သေဆုံးခဲ့ကြသူ လေးသိန်းငါးသောင်းထဲမှာ တဝက်ကျော်ကျော်ဟာ ဖွံဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်သူတွေဖြစ်ကြတယ်ဆိုတာ တွေ့ရပါတယ်။

“ ဖွံဖြိုးပြီးနိုင်ငံတွေမှာ အမျိုးသမီးတဦး ရင်သားကင်ဆာရောဂါ ရတာထက်.ဖွံဖြိုးဆဲနိုင်ငံ တနိုင်ငံမှာ အမျိုးသမီးတဦး ရင်သားကင်ဆာရောဂါ ရထားပြီးဆိုရင်တော့၊ သူမက ပိုပြီး အသေအပျောက်ဖြစ်နိုင်ချေ များပါတယ်။”

ဝါရှင်တန်ဆေးရုံက Dr. Elmer Huerta ဟာ ရင်သာကင်ဆာဖြစ်တဲ့ လက်တင်အမေရိကတိုက်နွယ် လူနာတွေ အတော်များများကို တွေ့ခဲ့ရပါတယ်တဲ့။ ရင်သားကင်ဆာနဲ့ပတ်သက်လို့ ပြဿနာအစိတ်အပိုင်းတခုကတော့ အဲဒီ ရောဂါကိုယ်တိုင်ပဲဖြစ်တယ်လို့ သူက ပြောပါတယ်။

“ရင်သားကင်ဆာဟာ တကယ့်ကို လုံးဝမရိပ်မိပဲ တိတ်တိတ်လေး ဖြစ်လာတတ်ပါတယ်။ ရောဂါ ကြီးရင့်နေချိန်မှာကို နာကျင်ခံစားရတာမျိုးမရှိပါဘူး။”

လက်တင်အမေရိကန်နဲ့တောင်ပိုင်း အမေရိကန်တိုက် နိုင်ငံတွေမှာ ရင်သားကင်ဆာစစ်ဆေးနိုင်တဲ့ Mammography စက်ပစ္စည်းမရှိတဲ့အပြင်၊ ရင်သားကင်ဆာနဲ့ပတ်သက်လို့လည်း အထွေထွေဗဟုသုတ နည်းပါးတယ်လို့ Dr.Elmer Huerta က ပြောပါတယ်။

“ ရောဂါဖြစ်တယ်ဆိုတာ ကြိုတင်အရိပ်လက္ခဏာလည်းမသိရ၊ ခပ်စောစောပိုင်းကတည်းက ရောဂါရှိမရှိ စစ်ဆေးစမ်းသပ်မှုလည်း လုပ်ခွင့်မရလိုက်တဲ့ အမျိုးသမီးတွေအဖို့ ကင်ဆာကျိတ်က ကြီးရင့်လာပြီး အခြားပျံနှံတော့မှပဲ သူတို့မှာ ကင်ဆာဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်။ ဒီတော့ ဆေးဝါးကုသဖို့ လုပ်ဖို့ အချိန် အတော့်ကို နောက်ကျနေပါပြီ။”

အလားတူအခြေအနေတွေကို Dr.Shawna ဟာ နိုင်ဂျီးရီယားနိုင်ငံမှာ တွေ့ခဲ့ရပါတယ်။

“အဓိက အဟန့်အတားကတော့ စီးပွားရေးပြဿနာပါပဲ။ အဲဒီမှာ လူဦးရည်အများစုက အတော့်ကို ဆင်းရဲကြပါတယ်။”

ရောဂါ ကြိုတင်ကုသဖို့ ရှာဖွေဖို့အတွက်ဆိုရင် အဲဒီမှာ ငွေ လက်ထဲမှာ ရှိမှ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ခင်ဗျား ဆေးရုံသွားတာနဲ့ အားလုံးကို ရှင်းရတာပါ။ Biopsy ကင်ဆာဆဲလ်တွေ စစ်ဆေးကြည့်ဖို့ဆိုရင် ဆေးရုံသွားရင် လက်ထဲမှာ ငွေ ဆောင်သွားရပါတယ်။ ရင်သားကင်ဆာစစ်ဆေးဖို့ Mammogram လုပ်မယ်ဆိုလည်း အလားတူလိုပါပဲ။”

Mammogram လုပ်ဖို့ဆိုတာ အကုန်အကျများသလို၊ အချို့ဆင်းရဲတဲ့တိုင်းပြည်တွေမှာဆိုရင်တော့ အလွယ်တကူ မရနိုင်ပါဘူး။ ဒါကြောင့် ဒေသခံ စစ်ဆေးကုသသူတွေကို သင်တန်းပေးပြီး စရိတ်စကတွေ လျော့ချလိုတယ်လို့ Dr.Knaul က ပြောပါတယ်။

“ရင်သားကင်ဆာစစ်ဆေးနိုင်မယ့် ဆေးခန်းကောင်းတခုလုပ်ဖို့ဆိုရင် တကယ့်ကင်ဆာရောဂါကျွမ်းကျင်သူ မလိုပါဘူး။ အတော်အသင့် လေ့ကျင့်သင်တန်းပေးထားတဲ့ လူ ပဲ လိုပါတယ်။ ဒီလို သင်တန်းပေးဖို့ဆိုတာလည်း သိပ်ခက်ခဲလှတာမဟုတ်ပါဘူး။”

ကုသရာမှာတော့ တနိုင်ငံနဲ့ တနိုင်ငံ အခက်အခဲပုံစံကတော့ တူမှာမဟုတ်ပါဘူး။ အချို့တိုင်းပြည်တွေမှာ ဒီရောဂါကို ကဲ့ရဲ အပြစ်တင်တတ်ပါတယ်။ ရင်သားကင်ဆာရထားတဲ့ အမျိုးသမီးတဦးနဲ့ ဆရာဝန်တွေကတောင် ဒီကိစ္စ ဆွေးနွေးတာမျိုး လုပ်ချင်မှ လုပ်ပါလိမ့်မယ်။

ဆင်းရဲတဲ့တိုင်းပြည်တွေမှာ ကြိုတင်ကုသမှုနဲ့ ရောဂါရှာဖွေရေး အခက်အခဲတွေရှိသလို၊ အစဉ်အလာယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာအကြောင်းရပ်တွေကလည်း ကုသရေးမှာ ကန့်သတ်ချက်တွေလို ဖြစ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွန်ကြားရေးမှုးချုပ် ဒေါက်တာ မာဂရက်ချန်းက ပြောပါတယ်။

“ရင်သားကင်ဆာဖြစ်ပွားမှု ဖွံဖြိုးဆဲတိုင်းပြည်တွေမှာ တဖြေးဖြေးများလာနေတယ်ဆိုတာ ကျမတို့ သိထားပါတယ်။ ဒါပေမယ့် ဘာကြောင့် အဲလိုဖြစ်သလဲဆိုတာတော့ ပြည့်ပြည့်စုံစုံ မသိရသေးပါဘူး။ အချက်အလက်အားနည်းတာ၊ ဆရာဝန် ရှားပါးတာ၊ ရောဂါရှာဖွေရေးဌာနတွေ အလုံအလောက်မထားနိုင်တာ၊ ရောဂါကုသရေးပစ္စည်းပစ္စယမရှိတာ. ဒါတွေအပြင် ရောဂါနဲ့ပတ်သက်လို့ အသိအားနည်းတာတွေကြောင့် ရင်သားကင်ဆာလိုမျိုး ရောဂါတွေကို ကြိုတင်ရောဂါရှာဖွေ ကုသဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။ ရင်သားကင်ဆာဖြစ်နေတဲ့ အမျိုးသမီးတွေမှာ စိတ်ပျက်ဖွယ်ကောင်းအောင် မကြာမကြာ ကြုံရတတ်တဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာအတားအဆီးတွေအရ သူ့တို့ကို စက်ဆုပ်ရွံရှာပြီး လူ့အဖွဲ့အစည်းကနေ ကျဉ်ထားတာမျိုးတွေကို ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုပါတယ်။”

ရင်ဆိုင်နေရတဲ့ အတားအဆီးတွေကို ဖော်ထုတ်ဖို့အတွက် ကမ္ဘာနေရာအတော်များများက တာဝန်ရှိသူတွေ ဆေးဖက်ကျွမ်းကျင်သူတွေနဲ့ ဟားဗက်တက္ကသိုလ် သုတေသီတွေ ပးပေါင်းဆောင်ရွက်နေကြပါတယ်။ ရင်သားကင်ဆာဖြစ်တဲ့ အစောပိုင်းအချိန်ကာလမှာကို ရောဂါရပြီဆိုတာ သိနိုင်ဖို့အတွက် အဲဒီ ရင်ဆိုင်နေရတဲ့ အတားအဆီးတွေကို ဖယ်ရှားရေး တိုင်းပြည်တွေကို ကူညီသွားနိုင်ဖို့ပါ။ တကယ်တော့ ရင်သားကင်ဆာဆိုတာ စောစောစီးစီး သိနိုင်ရင် ကုသလို့ရတဲ့ ရောဂါဖြစ်ကြောင်းပါ။ ဒါကြောင့်လည်းပဲ ရင်သားကင်ဆာရှိမရှိ အစောတလျှင် ရှာဖွေစစ်ဆေးတာမျိုး၊ ပုံမှန် စစ်ဆေးတာမျိုးဟာ ရင်သားကင်ဆာရောဂါ ထိန်းချုပ်ရေးအတွက် အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG