သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးတင်ဦး လွတ်မြောက်မှု နိုင်ငံတကာ အသိုင်းအဝန်း အကန့်အသတ်ဖြင့် ကြိုဆို


အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန် (Dr. Surin Pitsuwan) က ဦးတင်ဦးကို လွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု ပထမအဆင့်သာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီနေ့ အမေရိကန် စံတော်ချိန် ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနဲ့ အရှေ့အာရှ ဒေသတွင်း ညီညွတ်ရေး၊ ASEAN and Regionalism in East Asia ဆိုတဲ့ အမေရိကန် ပြည်ထောင်စု ဆာဆာကာဝါ ငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးပွဲမှာ ဒေါက်တာ ပစ်ဆူဝန်က အဲဒီလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းကို ဦးတင်မောင်သန်းက မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဦးတင်ဦး လွှတ်ပေးလိုက်တာက ပထမအဆင့်၊ ဒါဖြင့် ဒုတိယအဆင့်ကရော ဘာတဲ့လဲဗျာ။

“ဒေါက်တာ ဆူရင် ပစ်ဆူဝန်ကတော့ ဒုတိယအဆင့်က ဘာဆိုတာကို ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ်ဆိုတဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ အခန်းကဏ္ဍ၊ အာဆီယံက အဲဒီရွေးကောက်ပွဲတွေမှာ စောင့်ကြည့် လေ့လာတဲ့အဖွဲ့၊ ဒါမှမဟုတ် ကြီးကြပ်တဲ့အဖွဲ့ စသည်အားဖြင့် အဲဒီလိုမျိုး လွှတ်ဖို့ အစီအစဉ် ရှိမရှိ မေးတဲ့အခါမှာတော့ သူက မြန်မာအစိုးရကသာ ကမ်းလှမ်းခဲ့ရင်၊ တောင်းဆိုလာခဲ့ရင် သူတို့ လွှတ်ပေးမယ်လို့ ပြောပါတယ်။

“ဒါ့အပြင် သူပြောသွားတာက အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့ကနေပြီးတော့ အဲဒီလို ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ဖို့ မြန်မာအစိုးရကို တင်ပြထားပြီးပြီ ဆိုတာမျိုးကိုလည်း ဒေါက်တာ ဆူရင် ပစ်ဆူဝန်က ပြောသွားပါတယ်။”

အဲဒီဆွေးနွေးပွဲမှာ အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ မာဆီယယ် (Scott Marciel) လည်း ပါတယ်ဆိုတော့ သူကရော မြန်မာနိုင်ငံအရေး ဘာတွေများ ပြောသေးလဲ။ စစ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှု အလားအလာရော မေးဖြစ်သေးလား။

“ဟုတ်ကဲ့၊ မေးဖြစ်ပါတယ်။ စကော့ မာဆီယယ်နဲ့ ကျနော်တို့ ဗွီအိုအေ မြန်မာပိုင်းက သီးခြား မေးမြန်းခွင့် ရခဲ့ပါတယ်။ မကြာသေးခင်က NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး လွတ်မြောက်လာတဲ့ အပေါ်မှာ အမေရိကန် ပြည်ထောင်စုက ကြိုဆိုတယ် ဆိုတာကို မစ္စတာ စကော့ မာဆီယယ်က ထပ်ပြောပါတယ်။ ဒါပေမဲ့ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကိုလည်း လွှတ်ပေးဖို့လိုတယ် ဆိုတာ သူ အလေးအနက်ထား ပြောသွားပါတယ်။

“မြန်မာစစ်အစိုးရနဲ့ကတော့ သူတို့ တောက်လျှောက် စကားပြောဆိုတာတွေတော့ ရှိနေတယ်။ ဒါပေမဲ့ နောက်ထပ် အဆင့်မြင့် အရာရှိတွေကြား ညှိနှိုင်းဆွေးနွေးမှုတွေက လောလောဆယ် သတ်မှတ်ထားတာတော့ မရှိသေးဘူး၊ အမေရိကန် ပြည်ထောင်စုက အရာရှိတဦး မြန်မာနိုင်ငံသွားဖို့၊ မြန်မာနိုင်ငံက အဆင့်မြင့် အရာရှိတဦး အမေရိကန်လာပြီး ဆွေးနွေးဖို့ အဲဒါမျိုး သတ်မှတ်ထားတာတော့ မရှိဘူး။ သို့သော် သူတို့ဘက်ကတော့ ဒါ သေချာပေါက် ဆက်လုပ်သွားမယ့် ကိစ္စဆိုပြီး ပြောသွားပါတယ်။

“နောက်တခါ မြန်မာနိုင်ငံ အရေးကိစ္စကို ဖြေရှင်းရာမှာ အာဆီယံလို ဒေသတွင်း အဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ အသိုင်းအဝန်း၊ ကျန်တဲ့ ဘယ်နိုင်ငံမဆို မြန်မာ့အရေး ရှေ့ဆက် တိုးသွားနိုင်အောင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ မြန်မာအစိုးရနဲ့ ဒီမိုကရေစီ အတိုက်အခံတွေ ကြားမှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့ကဏ္ဍ ရှိတယ်ဆိုတာကိုလည်း မစ္စတာ စကော့ မာဆီယယ်က ပြောသွားပါတယ်။

“မကြာသေးခင်က အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒ ပြောင်းလဲ ချမှတ်ပြီးတော့ အဲဒီအတိုင်း လုပ်ဆောင်နေတာရဲ့ အခြေအနေကတော့ တိုးတက်မှုတွေ ရှိလာအောင် မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုနေတာမျိုးတွေ ရှိတယ် ဆိုတာမျိုး ပြောသွားပါတယ်။ သို့သော် နောက်ထပ် မြန်မာအစိုးရနဲ့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေကြား တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့ အလားအလာကတော့ ရှိတယ်၊ သူတို့ဘက်ကလည်း အမြဲတမ်း ဒါကို ဖွင့်ထားတယ်၊ သို့သော် မကြာခင် လောလောလတ်လတ် အချိန်ပိုင်းကာလမှာ ဖြစ်ဖို့အတွက်တော့ မရှိသေးဘူးဆိုပြီး ပြောသွားပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG