သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် ထိပ်တန်းတပ်မှူး ဖမ်းဆီးရမိ၊ ပါကစ္စတန် အတည်ပြု


တာလီဘန် ထိပ်တန်းတပ်မှူး မူလာ အဗ္ဗဒူ ဂါနီ ဘာရာဒါ (Mullah Abdul Ghani Baradar) ကို ဖမ်းဆီးထားတာ သေချာတယ်လို့ ပါကစ္စတန် စစ်တပ်ဘက်က အတည်ပြုချက် ပေးပါတယ်။ မကြာခင်က ဖမ်းဆီးရမိတဲ့လူ တော်တော်များများထဲမှာ ဘာရာဒါလည်း တယောက်အပါအ၀င် ဖြစ်တယ်ဆိုတာကို အသေးစိတ် စစ်ဆေးမှု လုပ်ဆောင်ချက်တွေအရ သိလာရတာလို့ ဒီကနေ့ ထုတ်ပြန်တဲ့ ပါကစ္စတန် စစ်တပ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ ပါကစ္စတန်တို့ ၂ နိုင်ငံ ပူးတွဲစစ်ဆင်ရေးအတွင်း ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ ဘာရာဒါကို ဖမ်းဆီးရမိခဲ့တာလို့ ၂ နိုင်ငံ အရာရှိတွေက ပြောပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ပါကစ္စတန်နဲ့ အမေရိကန် ၂ နိုင်ငံလုံးက ထောက်လှန်းရေးတွေပါ ပူးတွဲ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

မူလာ အဗ္ဗဒူ ဂါနီ ဘာရာဒါဟာ အာဖဂန်နစ္စတန် နိုင်ငံသား ဖြစ်ပါတယ်။ တာလီဘန်အုပ်စုကို ထူထောင်သူ မူလာ မိုဟာမက် အိုမာ (Mullah Muhammad Omar) ပြီးရင် ဘာရာဒါဟာ ဒုတိယ အရေးအကြီးဆုံး ရာထူးမှာ တာဝန်ယူထားသူပါ။ ၂၀၀၁ ခုနှစ် အာဖဂန်စစ်ပွဲ စတင်ခဲ့ကတည်းက ဖမ်းဆီးရမိတဲ့ တာလီဘန် ခေါင်းဆောင်တွေထဲမှာ သူဟာ အရေးအကြီးဆုံး ပုဂ္ဂိုလ်ပဲလို့ အရာရှိတွေက ပြောပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း အာဖဂန်နစ္စတန်အကြောင်း ဆွေးနွေးဖို့အတွက် အမေရိကန် ထိပ်တန်း အရာရှိတွေနဲ့ ဒီကနေ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အဲဒီအစည်းအဝေးမှာ ဒု-သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ အမေရိကန် စစ်ရေးခေါင်းဆောင်တွေလည်း ပါဝင်ကြမှာဖြစ်ပြီး ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ ရှိတဲ့ အမေရိကန်ဆိုင်ရာ သံအမတ်ကြီးတွေကတော့ ဗွီဒီယိုကနေတဆင့် တိုက်ရိုက်ပါဝင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG