ရန်ကုန်မြို့မှာ မကြာသေးခင်ကစလို့ လစာဝင်ငွေ နည်းပါးကြတဲ့ စက်ရုံအလုပ်သမားတွေ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာ အခု နောက်ထပ် စက်ရုံတချို့မှာပါ ဆက်လက်ဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။ မကြာသေးခင် လပိုင်းကစပြီး ရန်ကုန် လှိုင်သာယာ စက်မှုဇုန်တွေက အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ အခွင့်အရေး တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့မှာတော့ အင်းစိန်မြို့နယ်က Lion City အထည်ချုပ်စက်ရုံက အလုပ်သမားတွေ အလုပ်မလုပ်ဘဲ ဆန္ဒပြ တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက် ဖန်ချက်လမ်းက Lion City အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ အခွင့်အရေးတွေ တိုးမြှင့်ရဖို့ တောင်းဆိုနေကြပါတယ်။
အလုပ်သမားတွေနဲ့ နီးစပ်သူ တယောက်က အခြေအနေကို အခုလို ပြောပြပါတယ်။
“မနေ့ညနေ ၄ နာရီလောက်က စပြီးတော့ အလုပ်သမားတွေက လုပ်ခတိုးပေးဖို့၊ OT ကြေး တိုးပေးဖို့၊ အများပြည်သူ ရုံးပိတ်ရက်ကို ပိတ်ပေးဖို့ တောင်းဆိုကြတာပေါ့နော်။ ဒီနေ့မနက်မှာလည်း ဆက်ဖြစ်နေတာပေါ့။ လက်ရှိအခြေအနေထိ အပြင်ဘက် ၀န်းကျင်ကနေ သိရသလောက်ကတော့ အဲဒီစက်ရုံရဲ့ လမ်းထိပ်မှာ လုံထိန်းကား ၁၀ စီး၊ မီးသတ်ကား ၁ စီး၊ အချုပ်ကား ၁ စီးကို အာဏာပိုင်တွေက လုံခြုံရေး ချထားတာပေါ့နော်။
“အတွင်းဘက်မှာ ကျနော်တို့ ကြားသိရသလောက်က စက်ရုံထဲမှာထိုင်ပြီး အလုပ်မလုပ်ဘဲ ဒီအခွင့်အရေးတွေ တောင်းဆိုနေတယ်။ အဲဒီထဲက အလုပ်သမလေး တယောက်က အခု အိမ်ပြန်မရောက်သေးဘူးလေ။ မရောက်သေးတဲ့အတွက် ကျနော်တို့ ဒီမှာ ဘာမှ မေးစမ်းလို့တော့ မရသေးဘူးပေါ့နော်။ သူလည်း အဲဒီထဲမှာ ရောက်ရှိနေလိမ့်မယ်။”
ကွက်သစ်ရပ်ကွက်သူ တယောက်ကလည်း ဆန္ဒပြမှု ဖြစ်ပွားနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“မနက်တုန်းကတော့ ရှုပ်ရှက်ခတ်နေတာပဲ။ သူများပြောတာပေါ့နော်၊ စက်မချုပ်ဘဲ ဆန္ဒပြတယ်၊ ဒါပဲ။”
အခြေအနေကို သိနိုင်ဖို့ အင်းစိန်ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေ ဆန္ဒပြမှုတွေ ဖြစ်ပွားလာတဲ့ လှိုင်သာယာ စက်မှုဇုန်မှာလည်း အခုလဆန်းပိုင်းထိ ဆက်တိုက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ အရင်က ဆန္ဒပြမှုတွေကိုတော့ အာဏာပိုင်တွေ ကြားဝင်ညှိနှိုင်းပေးလို့ အဆင်ပြေမှုတွေ ရှိခဲ့ပါတယ်။