သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား NLD ခေါင်းဆောင်များနဲ့ တွေ့


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူ တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ ၅ ရက်ကြာ ခရီးစဉ်အတွင်း ဒီကနေ့ ၄ ရက်မြောက် နေ့မှာတော့ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကမှ ဖမ်းဆီးရာက ပြန်လည် လွတ်မြောက်လာတဲ့ ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်တို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ တခုမှာ တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ ဆွေးနွေးမှု အသေးစိတ်တော့ မသိရသေးဘူးလို့ NLD က ဆိုပါတယ်။

အထူးကိုယ်စားလှယ် မြန်မာစစ်အစိုးရကို တောင်းဆိုထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက် ခွင့်ပြုချက် ရမရ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ အထူးကိုယ်စားလှယ်ဟာ ရန်ကုန်မြို့က အင်းစိန်ထောင်ကို သွားရောက်ပြီး အကျဉ်းသားတချို့နဲ့ တွေ့ဆုံမှု ရှိခဲ့ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် အစပိုင်းမှာတော့ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတော ထောင်တွေကို သွားရောက်ပြီး ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတချို့နဲ့ တွေ့ဆုံမှုတွေလည်း ရှိခဲ့တာပါ။

မနေ့တုန်းကတော့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး ရန်ကုန် အင်းစိန်ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေက ထောင်တွင်း အကျဉ်းသားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ရရှိရေး တောင်းဆိုတဲ့ စာတစောင်ကို ထုတ်ပြန်လိုက်တဲ့အကြောင်း ပြည်ပမှာ အခြေစိုက်ထားတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အခု ခရီးစဉ်အတွင်း ရိုဟင်ဂျာ အရေးပြဿနာတွေကို လေ့လာသွားဖို့နဲ့ အာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG