မြန်မာပြည်ထဲမှာ အခြေအနေ မကောင်းလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာလည်း အကြမ်းဖက် နှိမ်နင်းမှုတွေကို ခံနေရလို့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုများလာနေတယ်လို့ နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
နိုင်ငံမဲ့ ဖြစ်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှုတွေ ခံနေရပြီး မြန်မာပြည်ကို အတင်းပြန်ပို့မယ်ဆိုပြီး ဖိအားပေး လုပ်ဆောင်တာတွေ ကြုံနေကြရတယ်လို့ MSF နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ပြောပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် ၆,၀၀၀ ဟာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရမှုတွေနဲ့ ရိုက်နှက်ခံရမှုတွေက လွတ်အောင်ဆိုပြီး မြန်မာနယ်စပ်နဲ့ နီးတဲ့ ကူတူးပါလောင် ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက ရွှေ့ပြောင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။
နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့ဟာ ဒုက္ခသည်စခန်းမှာ ဆေးခန်းဖွင့်ထားပြီး သူတို့ရဲ့ ၀န်ထမ်းတွေ ပြောတာက ရိုဟင်ဂျာတွေဟာ ရဲတွေ အပါအ၀င် ဘင်္ဂလားဒေ့ရှ် လူမျိုးတွေက ရိုက်နှက်တာကို ခံကြရတယ်လို့ ဆိုပါတယ်။ ပေါလ် ခရစ်ခ်ျလီ (Paul Critchley) ဟာ နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တဦး ဖြစ်ပါတယ်။
“ကျနော်တို့လူနာတွေ ပြန်ပြောပြတာက တချို့ဆိုရင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တွေဆီကို လွှဲပြောင်းပေးတာ ခံကြရပြီး အဲဒီတပ်ဖွဲ့တွေက သူတို့ကို မြစ်တဖက်ကမ်းမှာရှိတဲ့ မြန်မာပြည်ကို ရေကူးပြီး အတင်းပြန်ခိုင်းတာကိုလည်း ခံကြရတယ်။” လို့ ပြောသွားပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်း တရားဝင် မှတ်ပုံတင်မထားတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ ရာနဲ့ချီ အဖမ်းခံခဲ့ရတာ ဒါမှမဟုတ် မြန်မာပြည်ကို အတင်းပြန်ပို့တာကို ခံခဲ့ရတယ်လို့ The Arakan Project လို့ခေါ်တဲ့ ရိုဟင်ဂျာ လူ့အခွင့်အရေး အုပ်စုက ပြောပါတယ်။ အကြမ်းဖက်မှုတွေရန်က ဝေးအောင် ကူတူးပါလောင် ဒုက္ခသည်စခန်းကို ပြောင်းရွှေ့လာကြတဲ့ လူတွေက စခန်းထဲမှာ ပြည့်ကျပ်ပြီး ကျန်းမာရေးနဲ့လည်း မညီညွတ်တဲ့ အခြေအနေတွေမှာ နေထိုင်နေရတယ်လို့ နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ပလတ်စတစ်စကို တုတ်တွေနဲ့ထောက်ပြီး နေထိုင်နေရတယ်၊ သူတို့မှာ အလုပ်လုပ်ခွင့် မရှိဘူး၊ သူတို့အတွက် အကူအညီတွေ အရေးတကြီးကို လိုအပ်နေတယ်လို့ နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့က ပေါလ် ခရစ်ခ်ျလီ ဘန်ကောက်မှာရှိတဲ့ သတင်းသမားတွေကို ရှင်းပြပါတယ်။
“သူတို့ကို အကြမ်းဖက် နှိမ်နင်းနေတာတွေကို ရပ်ပစ်ရပါလိမ့်မယ်။ ဒီလူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အကာအကွယ် ပေးမှုတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပေးဖို့ လိုနေပါတယ်။ UNHCR လို့ခေါ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖွဲ့ကလည်း ဒီလူတွေကို အကာအကွယ်တွေ ပိုပြီး ပေးရမှာပါ။” လို့ ပြောသွားခဲ့ပါတယ်။
ကူတူးပါလောင် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေ ၂၉,၀၀၀ လောက် ရှိနေပြီး လူဦးရေ တိုးလာတာကလည်း မြန်နေတယ်၊ အခြေအနေတွေက ပိုပြီး ဆိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ တလတည်းမှာတင် ရိုဟင်ဂျာ ဒုက္ခသည် ၂,၀၀၀ လောက် ကူတူးပါလောင် ဒုက္ခသည်စခန်းကို ရောက်လာခဲ့ပြီး အကူအညီတွေကို ရဖို့ စောင့်နေကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာတွေ ၂၀၀,၀၀၀ လောက် ရှိပါတယ်။ အဲဒီအထဲက ၂၈,၀၀၀ ကို UNHCR အဖွဲ့က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး ဒုက္ခသည် စခန်းတွေမှာ အကူအညီတွေ ပေးထားတယ် ဆိုပေမဲ့လည်း အခက်အခဲတွေက များပြီး အကူအညီတွေနဲ့ မမျှနိုင်ဘဲ ဖြစ်နေတယ်လို့ နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ပြောပါတယ်။