သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေပြည်သာ အထည်စက်ရုံ ဝက်တုပ်ကွေး တွေ့ရှိ


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲမှာ ရှိတဲ့ APT အထည်ချုပ်စက်ရုံမှာ H1N1 ဝက်တုပ်ကွေးရောဂါ ဖြစ်သူတွေ ရှိတဲ့အတွက် သူတို့ကို ဆေးရုံတင်ပြီး ကုသပေးနေရသလို ရောဂါပိုး ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ တခြား အလုပ်သမား တချို့ကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အခု H1N1 ဝက်တုပ်ကွေးရောဂါရှင် တွေ့တယ်ဆိုတဲ့ APT စက်ရုံက ရွှေပြည်သာမြို့နယ်၊ ကနောင်မင်းသားကြီးလမ်း၊ မြေကွက်အမှတ် ၅၃(က) မှာ ရှိတာပါ။ အလုပ်သမား ၃၀၀ လောက်ရှိတဲ့ အဲဒီစက်ရုံမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရောဂါရှင် အလုပ်သမား ၃ ဦးနဲ့ သံသယရှိသူ ၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး မနေ့က ၁၈ ရက်နေ့မှာလည်း နောက်ထပ် ဝက်တုပ်ကွေးဗိုင်းရပ်စ် ရှိသူလို့ သံသယရှိဖွယ်ရာ အလုပ်သမား ၇ ဦးကို တွေ့ခဲ့တယ်လို့ ရွှေပြည်သာ စက်မှုဇုန် စီမံခန့်ခွဲရေးရုံးက တာဝန်ကျ ဝန်ထမ်းတဦးက အခုလို ပြောပြပါတယ်။

“၁၇ ရက်နေ့က ၇ ယောက် နေမကောင်းဖြစ်တယ်။ ဖြစ်တော့ ဆေးရုံကို ဆရာဝန်ကြီးအဖွဲ့ရော မယကရော အကုန်လုံး လာကြတယ်။ လာပြီးတော့ ဆေးစစ်တဲ့အခါ ၃ ယောက်က စိုးရိမ်ရတယ်ဆိုပြီး အင်းစိန်ဆေးရုံကို ပို့တယ်။ နောက်တနေ့မှာလည်း ၇ ယောက် တွေ့ပါတယ်။ နောက်နေ့တွေမှာ တွေ့တဲ့ဟာကတော့ သိပ်ပြီးတော့ စိုးရိမ်လောက်တဲ့အဆင့် မရှိဘူးပေါ့လေ။ ဒီနေ့ခေါ်သွားတဲ့ ၄ ယောက်ကတော့ ဘယ်ကိုပို့လဲမသိဘူး။”

ဆေးရုံထဲမှာ ဆေးခန်းသဘောမျိုး ဖွင့်ပြီးတော့ ရောဂါဖြစ်ပွားမှု အခြေအနေကို ဆက်ကြည့်နေတယ် ဆိုပေမဲ့ စက်ရုံကို ပိတ်ပစ်လိုက်တဲ့ အဆင့်မျိုးထိတော့ မရှိသေးဘူးလို့ သူက ဆက်ပြောပြပါတယ်။

“မပိတ်ပါဘူးခင်ဗျ၊ ဆေးခန်း နေ့စဉ်ဖွင့်ပေးပြီးတော့ အဲဒီမှာ ကုသပေးနေပါတယ်။ ကျန်တဲ့အလုပ်သမားတွေတော့ အဲဒီမှာ ဆေးပေး၊ ဆေးတိုက် လုပ်နေကြတာ၊ နှာခေါင်းစည်းတွေ ဘာတွေနဲ့။ အခြားစက်ရုံတွေကတော့ သူ့လုပ်ငန်း သူလုပ်နေကြတာပဲ။ ဘာမှ ပြောသံမကြားဘူး။”

ရွှေပြည်သာက APT စက်ရုံမှာ H1N1 ဝက်တုပ်ကွေးရောဂါ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီလပိုင်းတွေအတွင်း H1N1 ဝက်တုပ်ကွေး ဖြစ်ပွားမှုတွေကို ရန်ကုန်နဲ့အတူ နယ်မြို့တချို့မှာ ရှိတာ တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာအာဏာပိုင်တွေနဲ့ ကျန်းမာရေး ဌာနတွေက ဒီရောဂါ အခြေအနေတွေကို အချိန်မီ ဟန့်တားနိုင်တယ်လို့လည်း မြန်မာအစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြတာမျိုး ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG