သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့တွေ့ခွင့်မရလို့ ကင်တားနားစိတ်ပျက်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာ တိုးမတ်စ် အိုဟေး ကင်တားနား ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရတဲ့အတွက် စိတ်ပျက်မကြောင်းနဲ့၊ ဒီနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးပြီးမှ ကျင်းပမယ့် အရိပ်အရောင် မမြင်ရဘူးလို့ သူ့ရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဒီကနေ့ ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မစ္စတာ ကင်တားနား ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့အတွက် တနင်္လာနေ့က မြန်မာနိုင်ငံကို ရောက်ရောက်ချင်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ၄ ဦးအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကြားနာစစ်ဆေးခဲ့တဲ့ တရားသူကြီး ၂ ဦးကိုပါ တွေ့ဆုံခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရခဲ့တာမို့ စိတ်ပျက်မိတယ်လို့ ဒီကနေ့ မြန်မာနိုင်ငံက မထွက်ခွာခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မစ္စတာ ကင်တားနား ရဲ့ ၅ ရက်နေ့မြောက် ခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ သတင်းနဲ့ပြန်ကြားရေးဌာနက ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

ဒီကနေ့ မစ္စတာ ကင်တားနားရဲ့ နောက်ဆုံးနေ့ပေါ့နော်။ နောက်ဆုံးနေ့ခရီးစဉ်လေး နည်းနည်း ပြောပြပါဦး။ -

"ဒီကနေ့ မစ္စတာ ကင်တားနား က အလုပ်သမားရေးရာဝန်ကြီး ဦးအောင်ကြည် နဲ့တွေ့ခဲ့တယ်။ ပြီးတော့ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး၊ ရဲချုပ် ခင်ရီနဲ့ တွေ့ခဲ့တယ်။ မြန်မာ့လူ့အခွင့်အရေး ကော်မတီနဲ့လည်း တွေ့ခဲ့ပါတယ်။ စောစောက ရန်ကုန်ပြန်ရောက်တော့ သံတမန်တွေနဲ့ တွေ့တယ်။ ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။"

မစ္စတာ ကင်တားနား အခု ခရီးစဉ်နဲ့ပတ်သက်ပြီး သူ ကျေနပ်မှုရှိရဲ့လား။ -

"ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခဲ့ရတဲ့အတွက် သူ စိတ်မကောင်းကြောင်းတော့ ထည့်ပြောပါတယ်။"

အဲဒါ သံတမန်တွေနဲ့တွေ့တဲ့အခါမှာ ပြောတာလား။ -

"ဟုတ်ကဲ့။ သံတမန်နဲ့တွေ့တဲ့အချိန်မှာရော၊ သတင်းစာဆရာတွေနဲ့ တွေ့တဲ့အချိန်မှာရော ပြောပါတယ်။"

ကုလသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်း ပြောပြခဲ့တာပါ။ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို မလာရောက်ခင်ကတည်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့အတွက် ကြိုတင်ခွင့်တောင်းခဲ့တာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အရေးပါတဲ့ ၂၁၀၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ နိုင်ငံရေး အကျဉ်းသားတွေထဲက အရေးပါဆုံး အကျဉ်းသားဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးတာမို့ စိတ်ပျက်ရကြောင်းနဲ့ ဒီရွေးကောက်ပွဲကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီးမှ ကျင်းပမယ့် အရိပ်အယောင် မတွေ့ရဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီခရီးစဉ်အတွင်း အစီအစဉ်တွေကို ကြိုတင်တင်ပြထားခဲ့ပေမဲ့ နေ့စဉ်လိုလို အပြောင်းအလဲတွေ ရှိနေတာမို့ စိတ်ပျက်မိတယ်လို့လည်း ဆိုပါတယ်။ မစ္စတာ ကင်တားနား ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က စစ်တွေနဲ့ ဘူးသီးတောင် အကျဉ်းထောင်တွေအပြင် ရန်ကုန် အင်းစိန်ထောင်ကိုပါ သွားရောက်ခဲ့ပြီး စစ်တွေထောင်က နိုင်ငံရေးအကျဉ်းသား ၄ ဦး၊ ဘူးသီးတောင် ထောင်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၅ ဦးနဲ့ အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသား ၆ ဦးတို့ကို တွေ့ဆုံနိုင်ခဲ့ပါတယ်။

ဘူးသီးတောင်မှာ မူစလင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မူစလင်ဘာသာဝင်တွေကို ခွဲခြားဆက်ဆံမှု ရှိတာနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေဘက်က ၀န်ခံခဲ့တာမို့ ရှေ့ဆက်ပြီး ဆွေးနွေးနိုင်မယ့် အနေအထားမျိုး တွေ့လာရတယ်လို့လည်း ဆိုပါတယ်။ မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ် စစ်တွေမှာ ရုံးစိုက်တဲ့ အစိုးရမဟုတ်တဲ့ ပြည်တွင်းပြည်ပ အဲန်ဂျီအို အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ရန်ကုန်မှာ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီက ဒုဥက္ကဌ ဦးတင်ဦး အပါအ၀င် စီအီးစီ ၅ ဦးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ ဥပဒေဟာ အကျုံးမ၀င်တဲ့အတွက် လွှတ်ပေးဖို့ လိုအပ်ကြောင်း မစ္စတာ ကင်တားနားကို အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မစ္စတာ ကင်တားနားရဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် အပါအ၀င် စစ်အစိုးရ တာဝန်ရှိသူတွေနဲ့သာ တွေ့ဆုံခွင့် ရခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေ ထားရှိရာ အကျဉ်းထောင်ကို သွားရောက်နိုင်ခဲ့ပေမဲ့ မူလ မျှော်မှန်းချက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရဘဲ သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG