ရန်ကုန်လှိုင်သာယာ စက်မှုဇုံမှာ ဖြစ်ပွါးခဲ့တဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေရဲ့  အခွင့်တောင်းဆို ဆန္ဒပြမှုတွေဟာ ကြာသပတေးနေ့ က အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုသလို လခအနည်းငယ် တိုးမြင့်ပေးလိုက်တဲ့အတွက် ပြေလည်သွားတဲ့သဘောရှိတယ်လို့ ကြားသိရပါတယ်။ မြန်မာစစ်တပ် လုံခြုံရေးတပ်ဖွဲ့တွေကိုတော့ တိုးမြှင့်ချထားဆဲ ရှိပါတယ်။ အစိုးရဝန်ထမ်းတွေကို ဒီနှစ် နှစ်ဆန်းပိုင်မှာ လစာတိုးပေးခဲ့ပေမဲ့ ပုဂ္ဂလိကဏ္ဍ၊ စက်ရုံအလုပ်ရုံတွေမှာတော့ တိုးမြှင့်ပေးနိုင်ခြင်း မရှိတဲ့အပြင် အလုပ်ချိန်ပြဿနာတွေလည်း ရှိခဲ့လို့ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ ပြည်ပရောက် မြန်မာအလုပ်သမဂ္ဂအဖွဲ့ချုပ် (Federation of Trade Unions Burma) နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (National Council of the Union of Burma) ရဲ့  ခေါင်းဆောင် တဦးဖြစ်သူ ဦးမောင်မောင်, ကို ဗွီအိုအေမြန်မာ ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြ ထားပါတယ်။
ဦးမောင်မောင် ။ ။ ကျနော်တို့ ကြားရသလောက်တော့ အင်းစိန်မြို့နယ်က Lion City အထည်ချုပ်စက်ရုံမှာ တောင်းဆိုမှုလုပ် တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ကိစ္စ ကြားရတယ်။ ဒီကိစ္စကိုလည်း မီးသတ်တွေက ရေနဲ့ဖြန်းပြီးတော့ လုပ်တယ်ဆိုတာကို ကြားသိရတယ်။ ဒီအပြင် လှိုင်သာယာမှာ ဖြစ်ခဲ့တဲ့ တောင်းဆိုမှုတိုက်ပွဲမှာ အလုပ်ရှင်တွေအနေနဲ့က ဖြည့်ဆည်းပေးမယ်လို့ ပြောပေမယ့် အခုထက်ထိ ဖြည့်ဆည်းမပေးသေးတဲ့ကိစ္စတွေ ရှိနေတယ်။ နောက်ထပ်တခါ စက်ရုံလေးရုံပဲ ရပြီးတော့ ကျန်တဲ့စက်ရုံတွေမှာတော့ ပစ္စည်းပေးမယ်ဆိုတဲ့ အနေအထား မရှိသေးတဲ့အတွက် ဆက်လက်ပြီး တောင်းဆိုလုပ်ကြမယ်လို့ ကျနော်တို့ သိထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ မီးသတ်ကနေ ရေနဲ့ဖြန်းတယ်ဆိုတဲ့အကြောင်းက ဘယ်လိုဖြစ်တာလဲ။ ကျနော်တို့လည်း အဲဒီကိစ္စကို အသေးစိတ်တော့ မသိဘူး။ ဘာတွေများ အသေးစိတ်သိရသလဲ။ ဒါက ဆန္ဒပြမှုကို ဖြိုခွဲတဲ့သဘောလား။
ဦးမောင်မောင် ။ ။ ဟုတ်ပါတယ်ခင်များ။ ကျနော်တို့ ကြားရတာက စုဝေးနေတဲ့ အစုအဖွဲ့ကို ရေနဲ့ဖြန်းပြီးတော့ ခွဲဖို့ လုပ်တယ်။ အပြင်ကနေ ကြံဖွံ့က ၀ိုင်းထားတဲ့ကိစ္စတွေရှိတော့ အဲဒီကိစ္စက လူစုလူဝေးကို ခွဲဖို့ကြိုးစားနေတယ်ဆိုတာကို သိရတယ်။ ဒါနဲ့ တပြိုင်တည်းမှာလည်း ကျနော်တို့အနေနဲ့ အပြည်ပြည်ဆိုင်ရာ က တောင်းဆိုနေတာကတော့ နအဖအနေနဲ့ အကြမ်းဖက်မှု မလုပ်ပါနဲ့၊ ပိတ်စို့မှု မလုပ်ပါနဲ့ အနေအထားလောက်တော့ ကျနော်တို့ ရှိနေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီကိစ္စရဲ့  အဓိက ပြဿနာက ဘာလဲ။ ကျနော်တို့ နားလည်းထားတာကတော့ အစိုးရ၀န်ထမ်းတွေ လစာတိုးတဲ့ကိစ္စမှာ ပုဂ္ဂလိကပိုင် စက်ရုံတွေမှာတော့ လိုက်ပြီး တိုးမြှင့်မပေးတဲ့အတွက်ကြောင့် အခြေခံအားဖြင့် ဒီ အလုပ်သမားတွေက သူတို့လစာကိစ္စကို ပြောကြတာလို့ပဲ ကြားသိရတယ်။ ဒီအပြင် တခြားဘာအကြောင်းတွေ ရှိသေးသလဲ။
ဦးမောင်မောင် ။ ။ ကျနော်တို့ ကြေညာချက်ထုတ်တုန်းက ကျနော်တို့ ထည့်ရေးထားပါတယ်။ အစိုးရ၀န်ထမ်းတွေက လစာတိုးပေးလိုက်ခြင်းသည် အဖြေမဟုတ်ပါ။ နောက်ဆက်တွဲမှာ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်ရှင် နဲ့ အလုပ်သမားတွေ အခက်အခဲတွေ တွေ့ကြပါလိမ့်မယ်လို့ ကျနော်တို့ ရေးသားခဲ့ပါတယ်။ အခု ဒါက လက်တွေ့ ပကတိဖြစ်နေပါပြီ။ နောက်ပြီးတော့ တောင်းဆိုမှုဆိုတာကလည်း ဒီလို ရိုက်နှက်ဖြေရှင်းလို့၊ ရေနဲ့ဖြန်းဖြေရှင်းလို့ မရဘူး။ တနိုင်ငံလုံးရဲ့  ပြဿနာ ဖြစ်နေတယ်။ တနိုင်လုံးမှာ စားဝတ်နေရေး ပြဿနာ ဖြစ်နေတယ်။ အဲဒါကို အခြေခံလစာ၊ အခြေခံဝင်ငွေနဲ့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စီးပွားရေးအခြေအနေအားလုံးကို ဖြေရှင်းပေးမှ ပြေလည်သွားမှာဖြစ်တယ်။ ဒါကလည်း တောင်းဆိုမှုက ငြိမ်းချမ်းစွာ စုပေါင်းတောင်းဆိုမှု - collective bargaining ဆိုတဲ့ကိစ္စက အပြည်ပြည်ဆိုင်ရာမှာ ဗမာပြည် အနေနဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူထားတဲ့ ကမ္ဘာ့အလုပ်သမားရေးရားအဖွဲ့ချုပ်နဲ့ သဘောတူထားတဲ့ သဘောတူညီမှု ပေါ်မှာ မူတည်ပြီတော့ တောင်းဆိုခြင်းဖြစ်တယ်။ ဒါကတော့ တောင်းဆိုမယ့်ကိစ္စတွေ ဖြစ်တယ်။ တောင်းဆိုဖို့က အခြေအနေက လစာကို ရုတ်တရက် တိုးမြှင့်လာတဲ့အပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အလုပ်သမားတွေအနေနဲ့ အခုလို စုဝေးလှုပ်ရှားပြီးတော့ တောင်းဆိုခွင့်နဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရက အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့ချုပ်မှာ သဘောတူစာချုပ် ချုပ်ဆိုထားတယ်ဆိုပေမဲ့လည်း မြန်မာပြည်မှာ ဒီစက်ရုံအလုပ်ရုံ အလုပ်သမားသမဂ္ဂတွေ၊ အစည်းအရုံးတွေ လွတ်လပ်တဲအဖွဲ့အစည်းတွေ ရှိတယ်လို့ မကြားသိရပါဘူး။ အဲဒီတော့ အခုဖြစ်တဲ့ကိစ္စမှာ အလုပ်ရှင် - အလုပ်သမား ပြဿနာမှာ အလုပ်သမားတွေဘက်က ဘယ်လိုအဖွဲ့အစည်းတွေက ၀င်ပြီး ဆောင်ရွက်ပေးနေပါသလဲ။ မြန်မာပြည်မှာရှိနေတဲ့ ILO ရုံးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ချည်းကပ်ပြောဆိုတာတွေ ရှိသလား။
ဦးမောင်မောင် ။ ။ ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်ကတော့ ဗမာပြည်မှာရှိနေတဲ့ သူရဲ့  လုပ်ပိုင်ခွင့်၊ သူရဲ့  mandate နားလည်းမှုကတော့ supplementary understanding က ILO နဲ့ နအဖ တို့ ချုပ်ဆိုထားတဲ့ အထူးနားလည်းမှုထဲမှာ ပါနေတဲ့ သူရဲ့  လုပ်ပိုင်ခွင့်ကတော့ ကလေးစစ်သား နဲ့ အဓမ္မလုပ်အားပေး ကို ပပျောက်ဖို့ကိစ္စပဲ ဖြစ်တယ်။ ဆိုတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ဖို့ အနည်းငယ်ခက်ခဲတယ်။ ဒါပေမဲ့ အားလုံးကို ပြန်ကြည့်မယ်ဆိုရင် ဗမာပြည်အနေနဲ့ ၁၉၅၅ ခုနှစ် ကတည်းက လွတ်လပ်စွာဖွဲ့စည်းမှုဆိုတဲ့ freedom association ပဋိဥာဉ်ကို သဘောတူထားတာဖြစ်တဲ့အတွက်ကြောင့် ဗမာပြည်မှာရှိတဲ့ အလုပ်သမားတွေအားလုံးက စုပေါင်းပြီးတော့ မိမိတို့ နှစ်သက်ရာ အဖွဲ့ ဖွဲ့ပိုင်ခွင့်ရှိတယ်။ ဒါကို ပိတ်ဆို့ ထား တာ ၁၉၆၂ ခုနှစ်ကတည်းက ပိတ်စို့ထားတော့ နအဖစစ်အစိုးရက နှစ်တိုင်း တောက်လျှောက်ကျူးလွန်းထားတာ၊ ချိုးဖောက်ထားတာ ဖြစ်တယ်။ ဒါပေမဲ့ အခုလို တောင်းဆိုမှု တိုက်ပွဲကို လုပ်တဲ့နေရာမှာ လုပ်တဲ့လူတွေက ချီးကျူးဖို့ ကောင်းတယ်။ သူတို့ရဲ့  အခြေခံ ရပိုင်ခွင့်ကိုတော့ နအဖအနေနဲ့ တကယ်ဆိုရင် ပိတ်ပင်လို့ မရဘူး။ အခုလိုပဲ စုဝေး တောင်းဆိုမှု ဖြစ်သွားဖို့ကတော့ မိမိဘာသာလုပ်မှ ရပါမယ်။ ကျနော်တို့ အပြည်ပြည်ဆိုင်ရာမှာ ရှိတဲ့ အစုအဖွဲ့တွေက အားပေးလို့ ထောက်ခံလို့ ရမယ်။ ဖိအားပေးလို့ ရမယ်။ ဒီ စက်ရုံတွေမှာရှိတဲ့ ထွက်ကုန်တွေကို အပြည်ပြည်ဆိုင်ရာမှာ လိုက်ပြီး ဖိအားပေးလို့ရမယ်။ သက်ဆိုင်ရာ စက်ရုံတွေမှာရှိတဲ့ ရဲဘော်သမဂ္ဂတွေက ဖိအားပေးလို့ရပေမဲ့ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေက အခုလိုပဲ စုစုဝေးဝေးနဲ့ ၀ိုင်းဝန်းပြီး တောင်းဆိုတိုက်ပွဲဝင်တဲ့ ကိစ္စကသာ အဓိကဖြစ်တယ်လို့ ပြန် တင်ပြချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော်တို့ ကြားသိရတဲ့ ပြည်တွင်းက အလုပ်ရှင်တွေက တချို့ က နိုင်ငံခြားသားတွေ၊ တချို့  အနေနဲ့လည်း မြန်မာပြည်မှာ စစ်အစိုးရ အသိုင်းအ၀ိုင်းနဲ့ နီးစပ်ပြီး ချမ်းသားကြွယ်ဝနေတဲ့ ကုမ္မဏီပိုင်ရှင်ကြီးတွေ အစုစပ် ပိုင်ရှင်တွေ။ ဒီလူတွေအနေနဲ့ ပုဂ္ဂလိကအလုပ်ရုံတွေမှာ အလုပ်သမားတွေကို လစာတိုးမပေးနိုင်တဲ့ အကြောင်းအရာက နံပတ်တစ် က သူတို့အနေနဲ့ ပြည်ပမှာ နိုင်ငံတကာရဲ့  ပိတ်စို့ဒဏ်ခတ်မှု (sanction) ကြောင့် စီးပွားရေးအရ အမြတ်ရရှိနိုင်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက်ကြောင့် ချင့်ချိန်နေရတယ်။ ဒါကြောင့်မို့ လစာကို အလုပ်သမားတွေ တောင်းဆိုတဲ့အတိုင်း မပေးနိုင်သေးဘူးဆိုတဲ့ သဘောမျိုးတွေ ရှိနေတယ်လို့ ကြားသိရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှု (sanction) တွေရဲ့  သက်ရောက်မှုဟာ အလုပ်သမားတွေအပေါ်ကို ပြဿနာတစုံတရာအနေနဲ့ ရှိနေတယ်လို့ ယူဆသလား။
ဦးမောင်မောင် ။ ။ ကျနော် ပြန်တင်ပြချင်တာ တခုကတော့ လစာနဲ့ ပတ်သက်လို့ အခုတိုက်ပွဲဝင်နေတဲ့ စက်ရုံတွေမှာရှိတဲ့ ၀န်ထမ်းတွေရဲ့  လစာစာရင်းကို ယူကြည့်မယ်ဆိုရင် အခြေခံလစာက အားလုံးရတဲ့လူက ခြောက်ထောင် ဖြစ်တယ်။ Overtime လုပ်ရတဲ့လူက အနည်းဆုံး လစာနဲ့အတူ သို့သော် လစာထက်များတယ်။ အားလုံးစုပေါင်းမှသာလျှင် ကျနော်တို့ overtime အချိန်ပို ခေါ်တဲ့အခါတိုင်း လုပ်တဲ့လူက လကုန်ရင် သုံးသောင်းကနေ လေးသောင်းအထိ ရတာဖြစ်ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် ပုံမှန်အလုပ်ချိန်ကို ရှစ်နာရီ နဲ့ တပတ် ငါးရက်လုပ်တဲ့ မိသားစုက တလကို ဗမာငွေ ခြောက်ထောင် ရလို့ ရှိရင် အမေရိကန်ဒေါ်လာနဲ့ကြည့်ရင် ခြောက်ဒေါ်လာဘဲ ရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ကျနော်တို့က နောက်ထပ် တဆ တိုး ပေးလို့ အလုပ်ရှင်တွေ နောက်ထပ်ခြောက်ဒေါ်လာ တိုးပေးလိုက်လို့ ဘာမှ မဆင်းရဲသွားဘူး၊ အမြတ်မနည်းသွားဘူးလို့ ပြောချင်ပါတယ်။ အဓိကအချက်က ဘာလည်းဆိုတော့ အခြေခံလစာ မိသားစုတခုကနေ ပုံမှန်တနေ့ ရှစ်နာရီလုပ်ပြီး တပတ်မှာ ငါးရက်လုပ်ရင် စားလောက်သောက်လောက်တဲ့ ဗမာဝင်ငွေရဖို့ကတော့ အရေးကြီးတယ်။ ဒါကို အလုပ်ရှင်တွေ လုပ်နိုင်တယ်လို့ ပြောချင်တယ်။ ဒီအပြင် စီးပွားရေးပိတ်စို့မှုကြောင့် ပိုက်ဆံဖောင်းပွမှုက ဖြစ်တာမဟုတ်ဘူး။ ကျနော်တို့ ဗမာပြည်မှာတုန်းက ၂၀၀၃ ခုနှစ်တုန်းက ပုဂ္ဂလိကဘဏ် အာရှဓနဘဏ်တို့ ပြိုဆင်းသွားတဲ့ကိစ္စက နအဖရဲ့  ငွေရေး ကြေးရေး ကိုင်တွယ်မှု မမှန်လို့ ဖြစ်သွားတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ စီးပွားရေးလုပ်ငန်းတွေ ပျက်သွားတာဖြစ်တယ်။ ဒါကိုလည်း ထည့်တွက်ဖို့လိုတယ်ဆိုကြောင်း ကျနော်ပြန်တင်ပြချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခု ပြည်တွင်းမှာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ မီဒီယာတွေကလည်း ပြည်တွင်းမှာ ဖြစ်ပျက်နေသမျှကို ကြားသမျှ တင်ပြပေးရတာပါ။ အလားတူပဲ အခု ပြည်တွင်းမှာ ဖြစ်ပျက်နေကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် အလုပ်သမားတွေရဲ့  ရေးရာတွေကို ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် FTUB လို အဖွဲ့မျိုးတွေက သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်ဆိုပြီး စစ်အစိုးရက စွပ်စွဲလာရင် ဦးမောင်မောင် တို့နဲ့အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ။
ဦးမောင်မောင် ။ ။ အခြေခံအလုပ်သမား အခွင့်အရေးကတော့ ကျနော်တို့ ကမ္ဘာမှာသွားပြီးတော့ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်မှာ နိုင်ငံအနေနဲ့ လက်မှတ်ထိုးထားတာ ဖြစ်တယ်။ အဲဒီတော့ ဗမာနိုင်ငံသားတွေက စာဖတ်တတ်ကြပါတယ်။ ဒီ့အပြင် ကျနော်တို့ လေ့လာတဲ့လူတွေလည်းဖြစ်တော့ ကိုယ်ရသင့်ရထိုက်တာကိုတော့ တောင်းဆိုမှုလုပ်တယ်ဆိုတာက စနစ်မကောင်းလို့ စုပေါင်းတောင်းဆိုမှုဖြစ်တယ်။ ဒါကြောင့်မို့ ကိုယ်က ဖြေရှင်းဖို့ တာဝန်ရှိတာကို သွားပြီး မဖြေရှင်းဘဲနဲ့ ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး ကိစ္စကတော့ နအဖ လုပ်နေကျဖြစ်တယ်။ ဒါကတော့ လုပ်မှာပဲ။ သို့သော် ကျနော် တင်ပြ ချင်တာကတော့ ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားတွေကတော့ တနေ့ကို တစ်ဒေါ်လာတော့ ရသင့်တယ်။ ကမ္ဘာ့ဘဏ် ကပဲဖြစ်ဖြစ် international monetary အခြေအနေအရပေါ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့ကဖြစ်ဖြစ် သတ်မှတ်ထားတာက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေ LDC (Least Developed Country) မှာ တနေ့ကို တစ်ဒေါ်လာ အနည်းဆုံး ရဖို့ဖြစ်တယ်။ ဗမာနိုင်ငံသားတွေကို ကြည့်မယ်ဆိုရင် တရက်ကို ပြား (၃၀) တစ်ဒေါ်လာရဲ့  (၃) ပုံ (၁) ပုံ ရနေတဲ့အနေအထားကနေ တစ်ဒေါ်လာရတဲ့အထိတော့ ရသင့်တယ်လို့ ထင်တယ်။ ဒါကိုတော့ စုပေါင်း တိုက်ပွဲဝင်ဖို့ ဆိုတာကတော့ ကိုယ့်အသိနဲ့ကိုယ် ကိုယ်ဗိုက်မ၀တဲ့ကိစ္စကို တိုက်ပွဲဝင်တာဖြစ်တယ်။ တဆက်တည်း ကျနော်ပြောချင်တာက မကြာသေးခင်က ဖြစ်ခဲ့တဲ့ တပ်အတွင်းကိစ္စတွေ။ တပ်အတွင်းမိသားစုတွေ တောင်းဆိုမှုတိုက်ပွဲတွေကိစ္စကို ကြည့်မယ်ဆိုရင် ကျနော်တို့ သာမန်ပြည်သူတွေသော်လည်းကောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာသော်လည်းကောင်း မိသားစုတွေမှာ အခက်အခဲဖြစ်နေတယ်။ ဒါကိုကြည့်ရင် တပ်ဆိုရင် ကျနော်တို့ FTUP က သွားပြောလို့မရပါဘူး။ ဒါကြောင့်မို့ တကယ် ငတ်ပြတ်လို့ ဖြစ်တဲ့ကိစ္စ ဖြစ်ပါတယ်လို့ ကျနော်ပြန်တင်ပြချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီအလုပ်သမားတွေက အခြေခံလစာအပြင် အလုပ်ချိန်တွေ ပိုတိုးပြီး လခပိုရအောင် လုပ်နေရတဲ့ အချက်နဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။
ဦးမောင်မောင် ။ ။ ဒါကို ကျနော်အထက်မှာ တင်ပြသွားတယ်။ အချိန်ပိုလုပ်ခပိုရတာတော့ ကောင်းပါတယ်။ သို့သော် သင်္ကြန်ရက်မှာ မပိတ်တဲ့ကိစ္စ၊ အခါကြီးရက်ကြီးမှာ မပိတ်တဲ့ကိစ္စတွေ မဖြစ်သင့်ဘူး။ ဒါကြောင့်မို့ အလုပ်သမားတယောက်က တပတ်မှာ ငါးရက်လုပ်ပြီးတော့ တရက်မှာ ရှစ်နာရီလုပ်တဲ့ဝင်ငွေတွေနဲ့ မိသားစု စားဖို့သောက်ဖို့ အနေအထားကိုရောက်ဖို့ တောင်းဆိုတိုက်ပွဲဝင်မှ ရမှာပါ။ အလုပ်သမားတွေ တောင်းဆိုတိုက်ပွဲမ၀င်ဘဲ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ တခုရှိတာက အစိုးရ ကနေ ၀န်ထမ်းတယောက်ကို တလ နှစ်သောင်း တိုးပေးလိုက်တဲ့အချိန်မှာ ပုဂ္ဂလိကအလုပ်ရှင်တွေက ရုတ်တရက်တော့ တိုးပေးနိုင်မှာ မဟုတ်ဘူး။ ဒါက ဘာကြောင့်လည်းဆိုတော့ သွင်းကုန်ထုတ်ကုန် လုပ်တဲ့နေရာမှာ ငွေရေးကြေးရေး စီဆင်းဖို့ မမှန်ဘူး။ တစ်ဒေါ်လာကို အုပ်ချုပ်တဲ့ လူတန်းစားက (၇) ကျပ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးမှာ ၁၂၀၀ လောက် ဖြစ်နေတဲ့ကိစ္စကလည်း ထွက်ကုန်သွင်းကုန်မှာ အခက်အခဲဖြစ်နေတော့ အစိုးရအနေနဲ့ ပြန်ပြီးတော့ ပြုပြင်ရမယ့် လုပ်ငန်း တွေ အများကြီးပေါ်တဲ့အတွက် တောင်းဆိုတိုက်ပွဲတွေကတော့ ဆက်ရှိနေလိမ့်မယ်လို့ ကျနော်အနေနဲ့ တင်ပြချင်ပါတယ်။