မြန်မာအာဏာပိုင်တွေရဲ့ မတရားမှုတွေကို ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တိုင်ကြားခဲ့လို့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ မကွေးတိုင်း အောင်လံမြို့နယ်က လယ်သမား ၁၁ ဦးဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ မနေ့တုန်းက သရက်အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ကြပါတယ်။ မကြာခင်က ILO အရာရှိတွေ မြန်မာပြည်ကို လာခဲ့စဉ်တုန်းက သူတို့ကို ပြန်လွှတ်ပေးမယ့်အကြောင်း အာဏာပိုင်တွေက ILO အရာရှိတွေကို အသိပေးခဲ့ပါတယ်။ သူတို့တွေဟာ သရက်အကျဉ်းထောင်တွင်းမှာ အဓမ္မ အခိုင်းခံရတာတွေ ရှိတယ်လို့ ဆိုကြပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
လယ်သမားတွေဟာ ဘိုးဘွားပိုင်မြေကို အောင်လံမြို့က သကြားစက်က အဓမ္မ သိမ်းယူခဲ့တာကြောင့် ILO ကို တိုင်ကြားခဲ့တာပါ။ အဲဒီနောက် ILO နဲ့ မြန်မာအာဏာပိုင်တွေ ညှိနှိုင်းပြီး လယ်တွေကို ပြန်ပြီးလုပ်စားခွင့် ပေးလိုက်တဲ့အခါမှာတော့ လယ်ယာမြေကျူးကျော်မူ ပုဒ်မ (၄၄၇)၊ အကျိုးဖျက်ဆီးမူ ပုဒ်မ (၄၂၇) တိုနဲ့ တရားစွဲဆိုခဲ့ပြီး လယ်သမား ၁၂ ဦးကို အနည်းဆုံး ထောင်ဒဏ် ၃ လကနေ အများဆုံးထောင်ဒဏ် ၄ နှစ် ၉ လ အထိ ချလိုက်တဲ့အမှု ဖြစ်ပါတယ်။ ဒီနှစ်အစပိုင်းမှာတော့ ILO က အရာရှိ ရောက်လာပြီးနောက်ပိုင်း သူတို့ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပြန်လွှတ်ပေးတဲ့အခါ သူတို့အနေနဲ့ အပြစ်ရှိတဲ့သဘောနဲ့ တိုင်းတရားရုံးက ထောင် ၄လနဲ့ဖြတ်ပြီး ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပြန်လွတ်လာတဲ့ လယ်သမား ဦးသန်းစိုး ပြောပြတာကတော့ -
"ကျနော်ဆိုရင် ၁ နှစ်ဆိုပြီးတော့ ထောင်ဒဏ်ချလိုက်တယ်ဗျာ။ တနှစ်ဆိုပြီးချတာမှာ ထောင်ထဲမှာ ၄ လနဲ့ ကျနော်တို့ကို ဖြတ်လိုက်တယ်။ ကျနော်တို့ခံစားရတာကတော့ ကျနော်တို့ရဲ့ ဘိုးဘွားစဉ်ဆက်က လက်ငုပ် လယ်ယာမြေတွေကို သကြားစက် အတင်းအဓမ္မ အသိမ်းခံရလို့ ILO ကို တိုင်တန်းတယ်။ နေပြည်တော်အစိုးရနဲ့ ၂၀၀၉၊ ၂၀၁၀ မှာ ညှိနှိုင်းဖြေရှင်းပြီးတော့ ကျနော်တို့ရဲ့ လယ်ယာမြေတွေကို လုပ်ကိုင်ခွင့်ရခဲ့တယ်။ အဲဒီအတွက် ကျနော်တို့မှာ လုံးဝမှ အပြစ်မရှိဘူးလို့ ကျနော်တို့ကတော့ နားလည်ပါတယ်။ အောင်လံမြို့နယ် ဒေသခံ တရားရုံးရဲ့ ဆောင်ရွက်ချက်ကို တိုင်းတရားရုံးက ပယ်ဖျက်ပေးတာမဟုတ်ဘူးလို့ ကျနော်တို့ကတော့ ခံစားရပါတယ်။"
မြန်မာအာဏာပိုင်တွေဘက်က ILO ရဲ့ ပဋိညာဉ်ကို လိုက်နာမူမရှိဘဲ သူတို့ကို အရေးယူလိုက်သလို၊ တရားလိုလုပ်ပြီး တရားစွဲဆိုသူတွေကိုလည်း အရေးယူခြင်းမရှိဘူးလို့ ဆိုပါတယ်။
"ILO ရဲ့ ပဋိညာဉ်ပေါ့ဗျာ။ အပိုင် (၉) မှာဆိုရင် တန်ပြန် အရေးမယူပါဘူး ဆိုတဲ့ ပဋိညာဉ် ကတိအဝတ်တွေ ထားတယ်။ လက်စားချေ တုံ့ပြန်တာမလုပ်ရဘူး။ အဲဒီလို ပြုလုပ်မယ်ဆိုရင်လည်း အဲဒီကျူးလွန်သူကို ပစ်မှုဆိုင်ရာ တရားဥပဒေပုဒ်မ (၃၇၄) အရ အရေးယူမယ်ဆိုတဲ့ ထားတဲ့ ကတိကဝတ်တွေ ရှိပါတယ်။ ဒါကို ကျော်လွန်ပြီးတော့ ကျနော်တို့ဟာ တရားစွဲခံရတယ်။ ကျနော်တို့ကို စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ကျနော်တို့ရဲ့ သက်သေတွေ၊ သက်သေခံတွေကို တရားရုံးမှာ တင်ပြခွင့်မရဘဲနဲ့ အောင်လံတရားရုံးမှာ ကျနော်တို့ ထောင်ကျခဲ့တာပါ။"
သရက် အကျဉ်းထောင်တွင်းမှာ အတင်းအကျပ် အလုပ်ခိုင်းစေတာ ခံခဲ့ရကြောင်းနဲ့ ဒီအတွက် ရဲဘက်စခန်းတွေကို မသွားရရေး ငွေပေးခဲ့ရကြောင်းကိုလည်း လယ်သမားတဦးဖြစ်တဲ့ ကိုမောင်သက်က အခုလို ပြောပြပါတယ်။
"သရက်ထောင် စရောက်တဲ့နေ့က၊ အကျဉ်းစကျပြီး နောက်တနေ့ပေါ့နော်၊ အဲဒီနေ့မှာ ကျနော်တို့ကို အလုပ်ထုတ်ခိုင်းတယ်။ အလုပ်ထုတ်ခိုင်းတော့ ဒီလိုအလုပ်တွေ မလုပ်ခိုင်းဖို့ ကျနော်တို့က ငြင်းတာပေါ့။ ကျနော်တို့က ကိုယ့်လယ်ယာမြေတွေကို ပြန်ရဖို့အတွက်လုပ်ရင်း အကျဉ်းကျလာတဲ့ ILO အကျဉ်းသားတွေဖြစ်တဲ့အတွက် ဒီအလုပ်ကို မလုပ်နိုင်ဘူး။ အဲဒီအခါ သူတို့က ဒီအလုပ်တွေကို မလုပ်နိုင်ဘူးဆိုရင် ငွေပေးရမယ်ဆိုပြီးတော့ ကျနော်တို့ဆီက ငွေ အတင်းအဓမ္မ ညှစ်တာ။ အဲဒီလိုလုပ်တာနဲ့တင် မပြီးဘူးဗျ။ ကျနော်တို့ကို နောက်ထပ် ရဲဘက် အလုပ်ထုတ်တဲ့ ကျောက်စခန်းတွေကို ပို့ဖို့အထိ သူတို့က ကျနော်တို့ကို ပုံစံပြတာပေါ့ဗျာ။ ငွေ မပေးပေးအောင် လာခြောက်တယ်။ ရိုက်ပုတ်ခြေထောက်နဲ့ကန်တဲ့အထိ လုပ်ပြီးတော့ ငွေညှစ်တာပေါ့။"
သရက်အကျဉ်းထောင်တွင်းမှာ ILO ကို
တိုင်ကြားသူတွေကို ရာဇဝတ်သားတွေနဲ့ ရောထားနေတာကြောင့် ညှင်းပမ်းနှိပ်စက်မှုတွေ ခံနေရကြောင်းကိုလည်း
သရက် အကျဉ်းထောင်ကနေ မနေ့ကလွတ်မြောက်လာတဲ့ လယ်သမားတွေက ပြောဆိုနေကြပါတယ်။