နီဂျာနိုင်ငံမှာ သမ္မတ မာမာဒူ တန်ဂျာ (Mamadou Tandja) ကို ဖြုတ်ချပြီးတော့ စစ်အာဏာသိမ်းခဲ့တာကို ထောက်ခံတဲ့အနေနဲ့ အတိုက်အခံပါတီက လူထုစုဝေးပွဲတခု ကျင်းပခဲ့ကြပါတယ်။ နီအာမေ (Niamey) မြို့တော်မှာ လူပေါင်း တသောင်းလောက် စုဝေးခဲ့ပြီးတော့ စစ်တပ်ရဲ့ ဆောင်ရွက်ချက်ကို ကျေးဇူးတင်ပါကြောင်း ပြသပြီး စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးဖို့ တိုက်တွန်းပါတယ်။
စစ်အစိုးရအနေနဲ့ ဒီမိုကရေစီစနစ် ပြန်တည်ဆောက်ဖို့ ကူညီဖို့အသင့်ပါလို့ အတိုက်အခံ CFDR ပါတီဝင်တွေက ပြောပါတယ်။ စစ်အစိုးရ အဖွဲ့ဝင်တဦးကလည်း စုဝေးခဲ့ကြတဲ့လူထုကို ကျေးဇူးတင်စကား ပြောပြီး နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ကြာသပတေးနေ့က အာဏာသိမ်းခဲ့ရတာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ရွေးကောက်ပွဲအကြောင်းကိုတော့ ဘာမှမပြောသွားပါဘူး။
နီဂျာနိုင်ငံကို စံပြဒီမိုကရေစီ ဖြစ်စေရမယ်လို့ စစ်အစိုးရက ကတိပြုပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ မသတ်မှတ်ပေးသေးသလို သူတို့ ဘယ်လောက်ကြာကြာ အာဏာကို ချုပ်ကိုင်ထားမလဲဆိုတာလည်း မပြောပါဘူး။ အာဏာသက်တမ်းရှည်စေဖို့ မနှစ်ကပဲ သမ္မတ တန်ဂျာ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပစ်ခဲ့တာကို အတိုက်အခံတွေက အပြင်းအထန် ဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။