အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း မာဂျာမြို့ (Marjah) မှာ လုပ်နေတဲ့ ထိုးစစ်ဟာ တာလီဘန်တွေကို ချေမှုန်းမယ့် စစ်ဆင်ရေးကြီးရဲ့ အစသာ ဖြစ်တယ်လို့ အာဖဂန်နစ္စတန်နဲ့ အီရတ် စစ်ပွဲတွေကို ကြီးကြပ်ကွပ်ကဲနေတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
အာဖဂန်နစ္စတန်က ရန်သူတွေဟာ အင်အားကြီးတယ်လို့ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီးယပ်စ် (David Petraeus) က အမေရိကန် ရုပ်သံတခုမှာ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။
ရှေ့လာမယ့် ၁၂ လကနေ ၁၈ လအထိ တိုက်သွားမယ့် စစ်ဆင်ရေးအတွင်းမှာ တာလီဘန်တွေ ခိုအောင်းနေတဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားပြီး ပူးပေါင်းတပ်တွေက တိုက်သွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ပက်ထရီးယပ်စ်က ပြောပေမဲ့ မာဂျာမှာ လုပ်နေတဲ့ စစ်ဆင်ရေး ဘယ်လောက်ကြာမယ် ဆိုတာကိုတော့ သူက ခန့်မှန်းပြောခြင်း မရှိပါဘူး။
ထိုးစစ်ဆင်မှု အတွင်းမှာ သေဆုံးသူ အရပ်သား အနည်းဆုံး ၁၆ ယောက် ရှိသွားပါပြီ။ သောင်းကျန်းသူ ၁၂၀ လောက်လည်း သေဆုံးပြီး နေတိုးတပ်ဖွဲ့ဝင် ၁၃ ယောက်ထက် မနည်းလည်း ကျဆုံးခဲ့ပါတယ်။ အဲဒီအထဲမှာ တနင်္ဂနွေနေ့တုန်းက လမ်းဘေးထောင် ကားဗုံးကွဲမှုကြောင့် သေဆုံးသွားတဲ့ နေတိုးတပ်ဖွဲ့ဝင် တယောက်လည်း ပါပါတယ်။
တချိန်တည်းမှာပဲ အာဖဂန်နစ္စတန်ကို လွှတ်ထားတဲ့ နယ်သာလန် တပ်ဖွဲ့ဝင် ၂,၀၀၀ နီးပါးကို စီစဉ်ထားတဲ့အတိုင်း သြဂုတ်လမှာ ရုပ်သိမ်းမယ်လို့ နယ်သာလန် ဝန်ကြီးချုပ် ယန် ပီတာ ဘောလ်ကန်နိတ်ဒ် (Jan Peter Balkenende) က သည်ဟိဂ် (The Hague) မြို့မှာ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။