သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်ပို့ခံရတဲ့ ကိုညီညီအောင်နဲ့ အမေရိကန်သံရုံး တွေ့ခွင့်တောင်းခံ


မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက်ပိုင်း မိသားစုဝင်တွေ သာမက အမေရိကန်သံရုံး တာဝန်ရှိသူတွေလည်း တွေ့ခွင့် မရသေးပါဘူး။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကိုညီညီအောင်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အင်းစိန် အထူးတရားရုံးကနေ မှတ်ပုံတင်အတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေ တရားမ၀င် ကိုင်ဆောင်မှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုတွေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချပြီးပြီးချင်းမှာပဲ နောက်တနေ့မှာ ပြည်အကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အမှုနဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်လို့ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ညီညီအောင်က ၁၀ ရက်နေ့မှာ အမိန့်ချတာလေ။ ၁၁ ရက်နေ့မှာ ပြည်ထောင်ကို ပြောင်းလိုက်တယ်။ ပြည်ထောင်ကို ပြောင်းလိုက်တော့ ဒီက အဒေါ်တွေလည်း သွားရ ခက်တာပေါ့လေ။ ညီညီအောင့် အဒေါ်တွေက တခေါက် သွားပြီးပြီ၊ ထောင်ဝင်စာတွေ့ခွင့် မရဘူး။ ပစ္စည်းတွေ ဘာတွေတော့ ပေးခွင့်ရတာပေါ့။

“ကျနော်တို့ကလည်း ညီညီအောင့်ဆီက ရှေ့နေ ကိုယ်စားလှယ်စာ လိုအပ်နေတယ်၊ အယူခံတက်ဖို့။ အဲဒါလည်း ညီညီအောင့် အန်တီတွေနဲ့ပဲ ကျနော်တို့ Authority Letter တွေဘာတွေ ရေးပြီး ထည့်ပေးလိုက်တယ်။ အခုတော့ ရပါပြီ၊ ကျနော်တို့ ပြင်ဆင်နေပါတယ်။”

အမေရိကန် နိုင်ငံသား ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင်ကို အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာဟာ နိုင်ငံရေးအရ အရေးယူတာမျိုးလို့ ယုံကြည်ကြောင်း အမေရိကန်သံရုံး ပြောခွင့်ရက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ ရန်ကုန်က အမေရိကန်သံရုံး အနေနဲ့ ကိုညီညီအောင်ရဲ့ လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြမယ့် အပြင် သံရုံးတာဝန်ခံတွေ သွားရောက် တွေ့ဆုံခွင့် ရဖို့ကိုလည်း ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ တွေ့ဆုံခွင့် မရသေးဘူးလို့ အမေရိကန်သံရုံး ပြောခွင့်ရ မစ္စတာ ဒရစ် ၀ိုက်ဇက်က ပြောပါတယ်။

“ကျနော် သိထားရသလောက်က သူ့ကို တရားရုံးက ပြစ်ဒဏ် စီရင်လိုက်ပြီး နောက်ပိုင်း ကျနော်တို့နဲ့ သူနဲ့ တွေ့ဆုံခွင့် မရသေးပါဘူး။ ကျနော်တို့သံရုံးက သူနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းထားပါတယ်။ ကျနော်တို့သံရုံးနဲ့ နောက်ဆုံး ကိုကျော်ဇောလွင်နဲ့ တွေ့ဆုံခွင့် ရခဲ့တာဟာ ဇန်န၀ါရီလ ၂၃ ရက်နေ့က ဖြစ်ပါတယ်။ ကျနော်တို့ သံရုံးက သူနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းခံထားပေမဲ့ ဘယ်တော့ ဘယ်အချိန် တွေ့ခွင့်ရမယ် ဆိုတာကိုတော့ လောလောဆယ်မှာ ကျနော် ပြောနိုင်တဲ့ အနေအထား မရှိသေးပါဘူးခင်ဗျ။”

သံရုံး ပြောခွင့်ရ မစ္စတာ ၀ိုက်ဇက် ပြောသွားတာ ဖြစ်ပါတယ်။

အမေရိကန်သံရုံး တာဝန်ခံတွေသာမက မိသားစုဝင်တွေလည်း အခုထိ တွေ့ခွင့်မရသေးဘူးလို့ ကိုညီညီအောင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောပါတယ်။

“၁၀ ရက်နေ့မှာ သူ့ကို အမိန့်ချပြီး ၁၁ ရက်နေ့ မနက်အစောကြီး ပြောင်းသွားတယ်လို့ ပြောပါတယ်။ ၁၃ ရက်နေ့၊ စနေနေ့မှာ အန်တီတို့ သွားကြပါတယ်။ သွားတွေ့တော့ ပြောင်းသွားပြီလို့ သိလိုက်ရတယ်။ အဲဒါနဲ့ အန်တီတို့လည်း သူတို့ဆီက ဖုန်းနံပါတ်တွေ တောင်းပြီး ပြည်ကို ဖုန်းဆက်တယ်။ သူ အဲဒီမှာ ရှိပါသလားဆိုတော့ ရှိပါတယ်ဆိုတော့ အန်တီတို့လည်း နည်းနည်း စိတ်အေးသွားတယ်။ တွေ့ရဖို့ပြောတော့ သူတို့က တွေ့ရဖို့ကို လုံးဝ မပြောဘူး။ အန်တီတို့လည်း ကြိုးစားပြီး တွေ့ဖို့လုပ်နေတုန်း ရှိသေးတယ်။

“၁၇ ရက်နေ့ သူ့ရဲ့ အယူခံ တင်ဖို့အတွက် အန်ကယ် ဦးဉာဏ်ဝင်းတို့ဆီက စာရွက်စာတမ်းတွေ ရတာနဲ့ သူတို့က လာပေးတယ်၊ အယူခံတင်ဖို့ဆိုပြီး။ အန်တီတို့ ဗုဒ္ဓဟူးနေ့က သွားပြီးတော့ ဆိုင်းသွားထိုးတယ်။ ဟိုကျတော့ ကြိုးစားသေးတယ်၊ တွေ့ဖို့ကို။ တောင်းပန်တယ်၊ မတွေ့ရဘူးတဲ့။ အပေါ်က မတွေ့ရဘူးဆိုတော့ အန်တီတို့လည်း အပြင်မှာ စောင့်နေပြီးတော့ ဆိုင်းထိုးခိုင်းပြီးတော့ နေ့ချင်းပြန် ပြန်လာကြတယ်။ အရမ်းပင်ပန်းတာပဲ၊ နေ့ချင်းပြန်ဆိုတော့ ကားစီးရတာ။ မတွေ့ရတာ ဘာကြောင့်လဲဆိုတော့ အန်တီတို့ လူကြီးပိုင်းက အရမ်း စိတ်ပူနေတယ်၊ သူ့ကို။ အန်တီတို့ဆို တော်တော်လေး သူ့အတွက်၊ ဘာ့ကြောင့် မတွေ့ရတာလဲဆိုတာ မသိရတော့ ပိုဆိုးတယ်။”

၂၀၀၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ကတည်းက အဖမ်းဆီးခံခဲ့ရတဲ့ ကိုညီညီအောင်ကို မြန်မာအာဏာပိုင်တွေက အစပိုင်းမှာ လက်ပစ်ဗုံးမိသူတွေနဲ့ ဆက်စပ် ယိုးစွပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မပြောပလောက်တဲ့ ပုဒ်မတွေတပ်ပြီး ပြစ်ဒဏ်အမိန့် ချမှတ်ခဲ့တာမို့ တရားမျှတမှု မရှိဘဲ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာလို့ AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။

ဒီစီရင်ချက် ချမှတ်မှုဟာ မတရား ပြစ်ဒဏ်ချမှတ်တာမျိုးမို့ ပြန်ပြီး လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပီဂျေ ခရော်လီ (P.J. Crowley) ကလည်း ပြောပါတယ်။ ကိုညီညီအောင် လွတ်မြောက်ရေးအတွက် အမေရိကန် သမ္မတနဲ့ နိုင်ငံခြားရေး ၀န်ကြီးတို့ကပါ မြန်မာစစ်အစိုးရကို ပိုပြီး ဖိအားပေးသင့်တယ်လို့ ကိုညီညီအောင်နဲ့ စေ့စပ်ထားသူ မ၀ါဝါကျော်ရဲ့ တိုက်တွန်းချက်ကို ဒီကနေ့ထုတ် Wall Street ဂျာနယ် ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG