သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်များ အလုပ်လုပ်ခွင့်ပြုဖို့ မလေးရှားအစိုးရ စဉ်းစားပေးမည်


မလေးရှားနိုင်ငံမှာ အလုပ်သမား အလုံအလောက် မရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် မလေးရှားရောက် နိုင်ငံခြား ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့်ပေးဖို့ မလေးရှား အစိုးရက စဉ်းစားနေပါတယ်။

ခါတိုင်းအခြေအနေမှာဆိုရင် ပြည့်ညပ်နေတဲ့ ထိန်းသိမ်းရေး စခန်းတွေမှာ ဒုက္ခသည်တွေဟာ လနဲ့ချီပြီး နေရ၊ ကြိမ်ဒဏ်ခံရ၊ ပြည်နှင်ဒဏ်ခံရစမြဲ ဖြစ်တာမို့ တကယ်လို့ မလေးရှားရောက် ဒုက္ခသည်တွေ အလုပ်လုပ်ခွင့် ရတော့မယ်ဆိုရင် ဒါဟာ သိသာထင်ရှားတဲ့ မူဝါဒရေးရာ ပြောင်းလဲမှုတရပ် ဖြစ်ပါလိမ့်မယ်။

အခုလို ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြား သံရုံးတွေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး ဟစ်ရှာမူဒင် ဟူစိန် (Hishammuddin Hussein) က မလေးရှားက The Star သတင်းစာကို ဒီနေ့ပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို အဆိုပြုချက်ဟာ အလုပ်ဖြစ်နိုင်ဖွယ် ရှိပေမဲ့ ရှုထောင့်ပေါင်းစုံက သုံးသပ်ဖို့ လိုသေးတယ်လို့လည်း ပြည်ထဲရေးဝန်ကြီး ဟူစိန်က ပြောခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ စက်မှုလက်မှု လုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေအတွက် နိုင်ငံခြားက အလုပ်သမားတွေ အပေါ်မှာ အဓိက အားထားနေရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ မလေးရှားနိုင်ငံမှာ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့် လျှောက်ထားသူပေါင်း ၇၅,၆၀၀ လောက် ရှိနေပြီး အဲဒီထဲက အများစုက မြန်မာနိုင်ငံက ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG