မလေးရှားနိုင်ငံမှာ အလုပ်သမား ရှားပါးမှု ပြဿနာ ကျဆင်းရေးအတွက် မလေးရှား အစိုးရက ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် ပေးကောင်းပေးမှာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ အစိုးရရဲ့ စဉ်းစားချက်ကြောင့် လူတွေ အဆမတန် များနေတဲ့ ဒုက္ခသည် ထိန်းသိမ်းရေး စခန်းတွေထဲမှာ လနဲ့ချီ နေကြရတဲ့ ဒုက္ခသည်တွေ၊ နေရပ်ပြန်ပို့မယ့် အန္တရာယ်၊ ကြိမ်ဒဏ်ခံရမယ့် အန္တရာယ်တွေ ရင်ဆိုင်ကြရလေ့ရှိတဲ့ ဒုက္ခသည်တွေအပေါ် ထားတဲ့ မူဝါဒ ပြောင်းသွားနိုင်ပါတယ်။
ဒီလို မူဝါဒပြောင်းမယ့် အဆိုပြုချက်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံခြား သံရုံးတွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး ဟစ်ရှာမူဒင် ဟူစိန် (Hishammuddin Hussein) က Malaysia’s star သတင်းစာကို တနင်္လာနေ့က ပြောခဲ့ပါတယ်။ ဒီအဆိုပြုချက် အလုပ်ဖြစ်နိုင်မှာ ဖြစ်ပေမဲ့ ဘက်ပေါင်းစုံကနေ ကြည့်ဖို့ လိုတယ်လို့ ဝန်ကြီးက ပြောပါတယ်။
မလေးရှားမှာ ကုန်ထုတ်လုပ်မှုနဲ့ မွေးမြူရေး လုပ်ငန်းပိုင်းတွေမှာ နိုင်ငံခြားက အလုပ်သမားတွေကို အကြီးအကျယ် မှီခိုနေရပါတယ်။
ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းအရ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ မလေးရှားနိုင်ငံထဲမှာ ဒုက္ခသည်နဲ့ ဒုက္ခသည်အဖြစ် လျှောက်ထားသူ ၇၅,၆၀၀ ရှိပြီး အများစုက မြန်မာနိုင်ငံက ဖြစ်ကြပါတယ်။