သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မြို့ တိုက်ခိုက်ဖို့ ကြံစည်သူ အပြစ်ရှိကြောင်း ဝန်ခံ


အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ကို ဗုံးခွဲတိုက်ခိုက်ဖို့နဲ့ လူတွေ အမြောက်အမြားကို သေစေနိုင်တဲ့ လက်နက်တွေ သုံးစွဲပြီး တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ အစွပ်စွဲခံထားရတဲ့ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်သူ အာဖဂန်လူမျိုး တဦးက သူ့မှာ အပြစ်ရှိတဲ့အကြောင်း ဝန်ခံထွက်ဆိုပြီး လျှောက်လဲချက် ပေးခဲ့ပါတယ်။ သူက နိုင်ငံခြားတိုင်းပြည် တခုမှာလည်း လူသတ်မှု ကျူးလွန်ခဲ့သူဖြစ်ပြီး အကြမ်းဖက် အဖွဲ့အစည်း တခုကိုလည်း ပစ္စည်းအကူအညီ ထောက်ပံ့မှုတွေ ပေးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အာဖဂန်နိုင်ငံသား နာဂျီဘူလာ ဇာဇီ (Najibullah Zazi) ဟာ မနေ့တုန်းက နယူးယောက်မြို့ တရားရုံးတခုထဲမှာ အစိုးရရှေ့နေတွေနဲ့ ပြောဆိုမှုတွေ လုပ်ခဲ့တဲ့အကြောင်း ဗွီအိုအေ သတင်းထောက် ကာရိုလင်း ဝီဗာ (Carolyn Weaver) နယူးယောက်မြို့က သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဇာဇီဟာ အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က အဖမ်းခံခဲ့ရတာဖြစ်ပြီး နယူးယောက်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီမှာ သူ့ကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အရေးယူခဲ့တာပါ။ သူ့မှာ အပြစ်ရှိတဲ့အကြောင်း တရားရုံးမှာ ဝန်ခံခဲ့ပြီး သူဟာ ၂၀၀၈ ခုနှစ် သြဂုတ်လတုန်းက အာဖဂန်နစ္စတန်ကို သွားပြီး အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေကို တိုက်ခိုက်ရေး တာလီဘန်တွေနဲ့ ပူးပေါင်းဖို့ အစီအစဉ် ရှိခဲ့တယ်လို့လည်း ထွက်ဆိုပါတယ်။

သူတို့ဟာ ပါကစ္စတန်မှာ အယ်လ်ကိုင်းဒါးတွေက စည်းရုံးသိမ်းသွင်းပြီး သင်တန်းပေးတာကို တက်ခဲ့ကြတဲ့သူတွေ ဖြစ်တယ်၊ အမေရိကန်မှာ အသေခံ ဗုံးခွဲရေး လုပ်ငန်းတွေ လုပ်မယ် ဆိုပြီးလည်း သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလတုန်းက နယူးယောက်မြို့ မန်ဟက်တန်ရပ်ကွက်မှာ မြေအောက်ရထားလိုင်းတွေကို ဗုံးဖောက်ခွဲဖို့ အစီအစဉ် ရှိခဲ့ပြီး အဲဒီကိစ္စမှာ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ အလှပြင်ဆိုင်သုံး ပစ္စည်းတွေနဲ့ ဖောက်ခွဲဖို့ ကြံစည်ခဲ့တာလို့ ဇာဇီက ပြောပါတယ်။ ဒါပေမဲ့ ရဲတွေက လိုက်ပြီး စုံစမ်းနေတယ်လို့ စိုးရိမ်ခဲ့ပြီး ပစ္စည်းတွေကို ဖျောက်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇာဇီကို စစ်ဆေးတဲ့ အမှုမှာ အရင် သူနဲ့ အထက်တန်းကျောင်းနေဘက် သူငယ်ချင်း ၂ ဦးရယ်၊ သူ့ရဲ့အဖေနဲ့ ဦးလေးတဦးတို့ကို အရေးယူတဲ့ကိစ္စတွေ ပါဝင်ပါတယ်။ ဇာဇီရဲ့ ဝန်ခံ လျှောက်လဲချက်နဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တခုမှာ ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ (Eric Holder) က…

“ကျနော်တို့မြေပေါ်မှာ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ ကိစ္စက တကယ်ရှိခဲ့တာပါ။ တကယ်ပဲ သေကျေ ပျက်စီးသွားမယ့် ကိစ္စပါ။” လို့ ပြောသွားခဲ့ပါတယ်။

ဇာဇီကို ပြီးခဲ့တဲ့ ဇွန်လက ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဇာဇီရဲ့ ဖြောင့်ချက်ပေးမှုနဲ့ ပတ်သက်ပြီး သဘောတူညီမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ ချိတ်ပိတ်ထားဖို့ သူ့ရဲ့ရှေ့နေတွေနဲ့ အစိုးရရှေ့နေတွေက ပူးပေါင်းပြီး တရားရုံးကို တိုက်တွန်းခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG