သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟွန်ဒေးနဲ့ ဒေဝူး မြန်မာ့သဘာဝဓာတ်ငွေ့ ရှာဖွေရေး ဒေါ်လာ ကုဋေချီ စာချုပ် ချုပ်ဆို


မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့ အတွက် တောင်ကိုရီးယားနိုင်ငံ ဟွန်ဒေး ကော်ပိုရေးရှင်းနဲ့ ဒေဝူး ကုမ္ပဏီကြီးအကြား ဒေါ်လာသန်းပေါင်း ၁,၄၀၀ တန်ဖိုးရှိတဲ့ သဘောတူစာချုပ်ကို ဒီနေ့ လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

ဟွန်ဒေး အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းနဲ့ ဒေဝူး နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးတို့ ပူးတွဲပြီး မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ၂၀၁၃ ခုနှစ် မတ်လမှာ စတင် အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာရော ကုန်းတွင်းမှာပါ စီမံကိန်းတွေချပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပူးတွဲ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မေလမှာ မြန်မာ့ သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းတွေကတဆင့် တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် ဒေဝူး နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးက သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြီးကနေ လာမယ့် ၂၅ နှစ်ကနေ အနှစ် ၃၀ အကြား တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၅ သန်းနှုန်းနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေကနေ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ရယူရေးအတွက် ဒေါ်လာသန်း ထောင်နဲ့ချီ သုံးစွဲနေကြတာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူတွေကတော့ ဒီ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကြောင့် ဒေသခံတွေ အများအပြား အဓမ္မ ပြောင်းရွှေ့ခံနေရတာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရတယ် ဆိုတဲ့ နှစ်စဉ် အစီရင်ခံစာတွေ ထုတ်ပြန်ထားတာ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG