သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်စကာဆု ချီးမြှင့်ပွဲ ရွှေဝါရောင် သံဃာတော်တွေကို ဖိတ်ကြား


မြန်မာနိုင်ငံတွင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို အခြေခံ ရိုက်ကူးထားတဲ့ Burma VJ မှတ်တမ်းတင် ရုပ်ရှင်ကားဟာ ဟောလိဝုဒ်ရုပ်ရှင် အော်စကာဆု လျာထားစာရင်းထဲမှာ ရှိနေပြီး ဆုစာရင်းကိုတော့ အခုလာမယ့် မတ်လ ၇ ရက် ညမှာ အော်စကာ ဆုချီးမြှင့်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

Burma VJ မှတ်တမ်းတင်ကား ရိုက်ကူးသူနဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတပါးကို အော်စကာဆု ချီးမြှင့်ရေးအဖွဲ့က ဒီဆုပေးပွဲ အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ ဖိတ်ကြားခံရသူ ရန်ကုန် မဂ္ဂင်ကျောင်းတိုက်က အရှင်ပညာဇောတကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ အရှင်ပညာဇောတက အခုလို စပြောပါတယ်။

“သူတို့ကတော့ Burma VJ အကယ်ဒမီ ဆုပေးပွဲကို ရွှေဝါရောင်မှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေထဲက တက်ပေးဖို့ဆိုတော့ ဦးဇင်းနဲ့ ဦးဃောသိတ ၂ ပါးကို တပါးပါး တက်ဖို့ ပြောတယ်။ အဲဒါကြောင့် ဦးဇင်းတို့ ၂ ပါးလုံးတော့ တက်မယ်၊ အခမ်းအနားကြီးထဲမှာတော့ ဦးဇင်း တက်မယ်။ ဦးဃောသိတက ပထမ ၂၅ ရက်နေ့တုန်းက တက်ပြီးသား ဖြစ်တဲ့အတွက် ဦးဇင်းတက်ဖို့ ညှိလိုက်လို့ အခု ဦးဇင်း တက်ပါမယ်။ အဲဒါပါပဲ အဓိကဖိတ်တာကတော့။”

၂၅ ရက်နေ့ပွဲက ဘာပွဲလဲဘုရား။

“၂၅ ရက်နေ့တုန်းကတော့ Nominate လုပ်ခံရတာနဲ့ ပတ်သက်လို့ အဲဒီပွဲမှာ သံဃာတွေတက်ဖို့ ပြောတဲ့အခါမှာ ဦးဃောသိတ တက်တယ်ပေါ့။”

အဲဒါက Nomination လုပ်တဲ့နေ့ကပေါ့။

“ဟုတ်ပါတယ်။”

အခု ဒီကားကလည်း အော်စကာ မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကား စကာတင် စာရင်းထဲမှာ ပါပါတယ်၊ ရွေးချယ်ခံရမယ့် အထဲမှာ။ အဲဒီတော့ အရှင်ဘုရားတို့ ဘယ်လို မျှော်လင့်ထားပါလဲ။ ဒီကားက အော်စကာဆု ရမယ်လို့ မျှော်လင့်ထားလား။

“ဦးဇင်းတို့အနေနဲ့တော့ ရလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ တကယ် ဆုံးဖြတ်မှာကတော့ သူတို့ ဘုတ်အဖွဲ့က ဆုံးဖြတ်မှာဆိုတော့ ပြောဖို့တော့ ခက်ပါတယ်။ ဦးဇင်းတို့ ထင်ကြေးအရ ပြောရမယ်ဆိုရင်တော့ ဖြစ်နိုင်ချေ အများကြီးရှိတယ်လို့ အဲဒီလိုပဲ ဦးဇင်းတို့ ပြောချင်ပါတယ်။”

အရှင်ဘုရား ကိုယ်တိုင်ကလည်း ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ကိုယ်တော်တပါး အနေနဲ့ အခုလို ဒီလှုပ်ရှားမှုကို မှတ်တမ်းတင် ရိုက်ထားတဲ့ ကားကို တကမ္ဘာလုံးမှာရှိတဲ့ ရုပ်ရှင် ဆုချီးမြှင့်ပွဲမှာ Nomination လုပ်ခံရတယ်ဆိုတော့ ဒီအပေါ်မှာ ဦးဇင်း ဘယ်လိုများ ပြောချင်ပါသလဲ။

“ဒီလိုလုပ်လိုက်ခြင်း အားဖြင့်တော့ ဦးဇင်းတို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကမ္ဘာက ပိုပြီး သိသွားမယ်၊ ပိုပြီး သိရှိလာခြင်းအားဖြင့် မြန်မာနိုင်ငံကို ပိုပြီးတော့ ပြည်သူတွေဘက်ကနေပြီး အများကြီး ကမ္ဘာ့နိုင်ငံတွေက အကူအညီတွေ ပေးလာနိုင်တယ်။

“နောက်တချက် မြန်မာပြည်သူ ပြည်သားတွေဟာ နအဖက ဘယ်လောက်ကြီးပဲ ဖိနှိပ်မှုတွေ ရှိနေ ရှိနေ ကမ္ဘာကြီးက ဒီအတိုင်း ကြည့်မနေပါဘူး၊ ကမ္ဘာ့ပြည်သူတွေက အနုပညာဆိုလည်း အနုပညာအဖွဲ့တွေက၊ ကျန်တဲ့ NGO အဖွဲ့အစည်းဆိုလည်း NGO အဖွဲ့အစည်းတွေက မြန်မာပြည်သူ ပြည်သားတွေကို အမြဲတမ်းပဲ အားပေးနေတယ်၊ ကူညီနေတယ်၊ ထောက်ခံနေတယ် ဆိုတာကို ဒီကားက အကယ်ဒမီ ရသွားခြင်းအားဖြင့် ပြည်သူတွေအတွက် ပိုပြီး အားရှိလာစေတယ်လို့ ဦးဇင်း မြင်ပါတယ်။”

အရှင်ပညာဇောတ ပြောပြသွားတာ ဖြစ်ပါတယ်။

Burma VJ မှတ်တမ်းတင် ရုပ်ရှင်ကားဟာ DVB ဒီမိုကရက်တစ် မြန်မာ့အသံက ရုပ်သံသတင်းထောက်တွေ မြန်မာနိုင်ငံအတွင်း စွန့်စွန့်စားစား သတင်းရယူတဲ့ အကြောင်းနဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG