သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကုမ္ပဏီတွေကို တရုတ်က အရေးယူမည်


အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြား သဘောမတူညီမှုတွေ ဖြစ်ပြီးတဲ့နောက် တရုတ်နိုင်ငံဘက်က အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူဖို့ အစီအစဉ်တွေကို ကြေညာတာကြောင့် အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြားမှာ ဆက်ဆံရေး တင်းမာမှုတွေဟာ ပိုပြီးတော့ ကြီးမားလာခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘေဂျင်းမြို့ကနေ ဗွီအိုအေ သတင်းထောက် ပီတာ ဆင်မ်ဆန် (Peter Simpson) သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချတာက စပြီး သမ္မတ အိုဘားမား (Obama) က ပြည်ပရောက် တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) ကို တွေ့ဆုံတာအထိ ကိစ္စရပ် အတော်များများနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက အမေရိကန် အစိုးရအပေါ် အမျက်ဒေါသ ထွက်နေတာတွေဟာ လျော့ကျသွားမယ့် အရိပ်လက္ခဏာ အင်္ဂါနေ့အထိတော့ မမြင်တွေ့ရသေးဘူး ဖြစ်နေပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချတာကြောင့် အမေရိကန် ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်ဂန်း (Qin Gang) က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနဲ့ အမေရိကန် ကုမ္ပဏီတွေကို တရုတ်ဘက်က အင်တာနက် တိုက်ခိုက်မှုတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် ကိစ္စရပ် အတော်များများမှာ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအပေါ် ဒေါသထွက်ခဲ့ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ဖို့က အမေရိကန်နိုင်ငံ အပေါ်မှာပဲ မူတည်တယ်လို့ သူက ပြောပါတယ်။

“အမေရိကန်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံရဲ့ အနေအထားအပေါ် အလေးအနက် ထားဖို့နဲ့ ပျက်ယွင်းသွားတဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့အတွက် ယုံကြည်လက်ခံလောက်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့လိုပါတယ်။ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ပိတ်ဆို့တာတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ဒါပေမဲ့ အရေးယူ ပိတ်ဆို့တာတွေ ဘယ်တော့ စတင်လုပ်ဆောင်မယ် ဆိုတာကိုတော့ သူက ပြောဆိုသွားခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယား စီမံကိန်းတွေကို ရပ်တန့်ဖို့လိုမျိုး နိုင်ငံတကာ အရေးကိစ္စတွေအပေါ် တရုတ်နိုင်ငံဘက်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်ဘက်က စိုးရိမ်မှုတွေ ရှိနေပါတယ်။

၂ နိုင်ငံကြား သဘောထား ကွဲလွဲမှုတွေကြောင့်တော့ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကတော့ ထိခိုက်မှု ရှိလိမ့်မယ်လို့ မခန့်မှန်းကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကင်ဂန်းက ပြောပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အကျပ်အတည်း ကြုံနေရတာနဲ့ ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းကြဖို့ တိုက်တွန်းလိုက်ပြီး အီရန်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားနိုင်ငံတို့ကို သဘောထား ပျော့ပြောင်းကြဖို့ တောင်းဆိုလိုက်ပါတယ်။

အီရန်နဲ့ မဟာမိတ်ဖြစ်ပြီး ရေနံအကျိုးစီးပွားလည်း ရှိနေတဲ့ တရုတ်နိုင်ငံက အီရန်နိုင်ငံဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည် ထုတ်လုပ်လာနိုင်ချေ ရှိတယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီရဲ့ အစီရင်ခံစာကို သတိပြုမိတယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ အသုံးပြုနိုင်တဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ အနေနဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယား အရေးကိစ္စကို သံတမန်ရေး နည်းလမ်းကို အသုံးပြုပြီး ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာကင်ဂန်းက ပြောပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယား စီမံကိန်းကြောင့် အမေရိကန်နဲ့ တခြားနိုင်ငံတွေကတော့ အီရန်နိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေကို ချမှတ်သွားဖို့ စဉ်းစားနေကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကတော့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆန့်ကျင်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG