သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံသား စိစစ်ရေးလျှောက်လွှာ ပိတ်ရက် တလတိုး


ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်သမား မှတ်ပုံတင်ရမယ့် သတ်မှတ်ရက် ကုန်ဆုံးခါနီးတဲ့ အချိန်မှာ ဘယ်လို မှတ်ပုံတင်ကြရမယ် ဆိုတာတွေကို ထိုင်းအာဏာပိုင်တွေဘက်က အလုပ်သမားတွေ နားလည် သဘောပေါက်အောင် အချိန်မီ ရှင်းပြနိုင်ခြင်း မရှိတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေ အကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ထိုင်းအစိုးရရဲ့ တရားဝင် သတ်မှတ်ထားတဲ့ရက် နီးကပ်လာတာနဲ့အမျှ လိုအပ်တဲ့ သတင်းအချက်အလက်တွေ မရနိုင်ဘဲ ဖြစ်နေတဲ့ အခြေအနေတွေကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အစောပိုင်းတုန်းကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အလုပ်သမား မှတ်ပုံတင် သက်တမ်းတိုးရမယ့် ရက်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပြုလုပ်ကြရမယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အလုပ်သမား မှတ်ပုံတင်အပြင် မိမိ ဘယ်နိုင်ငံသားဖြစ်တယ် ဆိုတာကို ဖော်ပြမယ့် နိုင်ငံသား စိစစ်ရေးကတ်ပြား အတွက်လည်း မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံ တပါတည်း တင်ရမယ်ဆိုတဲ့ သတင်း ထွက်လာတာကြောင့် အလုပ်သမားတွေအကြား နားလည်မှုလွဲစရာ၊ နားရှုပ်စရာ ဖြစ်သွားစေခဲ့တာပါ။

နောက် တဘက်မှာလည်း ထိုင်းအစိုးရက ထိပ်ပိုင်းမှာ အခုလို ချမှတ်လုပ်ဆောင်နေတဲ့ ပေါ်လစီ အသစ်တွေကို အလုပ်သမားတွေကြား အချိန်မီရောက်အောင် မဖြန့်ပေးနိုင်တာတို့၊ ကန့်သတ်ရက်က အရမ်းကို တိုလွန်းနေတာ တို့ကြောင့်လည်း အလုပ်သမားတွေ အနေနဲ့ ဒါကို အချိန်မီ ဆောင်ရွက်နိုင်ဖို့ အခက်အခဲ တွေ့နေကြတာပါ။

အခုလို ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေတာကို အတတ်နိုင်ဆုံး သဘောပေါက်နိုင်အောင်လို့ အလုပ်သမားတွေအရေး ဆောင်ရွက်ပေးနေတဲ့ Migrant Justice Programme ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားမျှတရေး စီမံကိန်းက စမွတ်စာခွန် နယ်မြေတာဝန်ခံ ကိုစိန်ဋ္ဌေးကို မေးကြည့်ခဲ့ပါတယ်။

“မှတ်ပုံတင် သက်တမ်းတိုးတဲ့ ကိစ္စကတော့ ၂၈ ရက်နေ့ နောက်ဆုံး၊ အဲဒါတော့ ဟုတ်တယ်။ ခုနပြောတဲ့ တလတိုးပေးတယ် ဆိုတာက မှတ်ပုံတင်တဲ့ အခါကျရင် နိုင်ငံသား စိစစ်ရေး လုပ်တဲ့ဖောင်၊ အဲဒီဖောင်ကိုလည်း တွဲပြီး ဖြည့်ရမယ်။ အဲဒါမှ မှတ်ပုံတင် ပေးမယ်။ ဆိုတော့ အခု တိုးပေးတယ်ဆိုတာ အဲဒီ ဖောင်ဖြည့်တဲ့ ကာလကိုပဲ တိုးပေးတာ။ မှတ်ပုံတင်တဲ့ ကာလကတော့ ၂၈ ရက်နေ့ နောက်ဆုံးပါပဲ။

“ဥပမာ အလုပ်သမားတယောက် မှတ်ပုံတင် သက်တမ်းသွားတိုးမယ် ဆိုရင် သူက နိုင်ငံသား စိစစ်ရေးဖောင်ပါ တခါတည်း တွဲပြီး တင်ရတယ်။ ဖောင်မပါရင် သူက သက်တမ်း တိုးမပေးဘူး။ အခု ဖောင်မပါလည်း တိုးလို့ရတယ်။ ဒါပေမဲ့ ၃ လပိုင်း ၃၁ ရက်နေ့ အတောအတွင်းမှာတော့ အဲဒီဖောင်ကို သွားပို့ပေးရမယ်။ တကယ်လို့ ဖောင် သွားမပို့ရင် ခုန သက်တမ်းတိုးထားတဲ့ဟာကို ပြန်ပြီး ပယ်ဖျက်မယ်၊ အဲဒီလိုပြောတာပါ။”

တကယ်တော့ ထိုင်းအစိုးရ ထိပ်တန်း အရာရှိတွေ ကြားမှာကိုက ဒီကိစ္စကို အမျိုးမျိုး ပြောဆိုနေကြတာ ဖြစ်ပါတယ်။

“ထိုင်းအလုပ်သမား ဝန်ကြီးက မီဒီယာတွေနဲ့ အင်တာဗျူးလုပ်တဲ့ အခါကျတော့ သူက ၂၈ ရက်နေ့ကို နောက်ဆုံးဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီနေ့ထပ်ပြီးရတဲ့ သတင်းအချက်အလက်က သူတို့က လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ကတည်းက ဌာနတွင်းဆိုင်ရာ ညွှန်ကြားချက် ပုံစံမျိုး ထုတ်ထားတာပေါ့။

“အဲဒီထဲမှာ ဘယ်လိုပါလဲဆိုတော့ နိုင်ငံသား စိစစ်တဲ့ ဖောင်တွေကို အလုပ်သမားတွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့ အပြီးတင်ရမယ် ဆိုတဲ့ဟာကို သူက ထပ်ပြီး တလ တိုးလိုက်တယ်။ မတ်လ ၃၁ ရက်နေ့ထိ တိုးလိုက်တယ် ဆိုပြီးတော့ ဌာနတွင်း ညွှန်ကြားလွှာ ထုတ်ထားတာ တွေ့ရတယ်။ အလုပ်သမား ဝန်ကြီးဌာနက အရာရှိတယောက်ကတော့ ၃၁ ရက်နေ့အထိ တိုးထားပေးတယ်ဆိုတာ ပြောသွားပါတယ်။”

အခု ထိုင်းအစိုးရက သတ်မှတ်လိုက်တဲ့ အလုပ်သမား မှတ်ပုံတင် သက်တမ်းဟာ အရမ်းကပ်လွန်းတာကြောင့် ထိုင်းအစိုးရ အနေနဲ့ ဒီကန့်သတ်ရက်ကို သက်တမ်း ထပ်တိုးပေးသင့်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားမျှတရေး စီမံကိန်း ညွှန်ကြားရေးမှူး အန်ဒီ ဟောလ် (Andy Hall) က ပြောပါတယ်။

“ဒီကိစ္စကို သက်တမ်းတိုးပေးဖို့ လိုနေတယ် ဆိုတာကတော့ သေချာပါတယ်။ သက်တမ်းတိုးပေးဖို့က အရမ်း အရေးကြီးပါတယ်။ အလုပ်သမား ဝန်ကြီးဌာနက တလ သက်တမ်းတိုးပေးမယ်ဆိုလည်း ကျနော်တို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ တလဆိုတာကတော့ အလုပ်သမားတွေ နားလည်လာအောင် လုပ်ပေးဖို့အတွက် အချိန်က တိုလွန်းပါသေးတယ်။ ဒါကြောင့် ထိုင်းအစိုးရ အနေနဲ့ တိကျပြတ်သားတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ အဲဒီ သတင်းအချက်အလက်တွေ အလုပ်သမားတွေထံ အချိန်မီရောက်အောင် လုပ်ပေးဖို့ လိုပါတယ်။”

ထိုင်းအစိုးရ အနေနဲ့ အလုပ်သမား မှတ်ပုံတင်ရက် သက်တမ်းတိုးပေးဖို့နဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ပေးဖို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က မနေ့ အင်္ဂါနေ့တုန်းကပဲ တောင်းဆိုထားပါသေးတယ်။

ထိုင်းအစိုးရက အခုချမှတ်ထားတဲ့ ပေါ်လစီအသစ် အရကတော့ အလုပ်သမားသက်တမ်း တိုးဖို့အတွက် ဖောင်တခုနဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားအတွက် ဖောင်တခု၊ စုစုပေါင်း ၂ ခု ဖြည့်ကြရမှာဖြစ်ပြီး ဖောင်တွေကို မြန်မာ၊ ထိုင်း၊ အင်္ဂလိပ် ဘာသာတွေနဲ့ ထုတ်ဝေထားတာ တွေ့ရပါတယ်။ ဒီဖောင်တွေဖြည့်ဖို့ အခက်အခဲ ရှိတယ်၊ အကူအညီ လိုအပ်တယ် ဆိုရင်တော့ မိမိတို့ သက်ဆိုင်ရာ ဒေသတွေမှာရှိတဲ့ NGO အဖွဲ့အစည်းတွေ၊ နီးစပ်ရာ ဘာသာစကား တတ်ကျွမ်းသူတွေထံ အကူအညီ တောင်းသင့်ကြတယ်လို့ ကူညီလုပ်ဆောင် ပေးနေသူတွေက ပြောပါတယ်။ ဒီဖောင်တွေ ဖြည့်ဖို့အတွက်တော့ ထိုင်းဘတ်ငွေ ၃,၈၀၀ ကုန်ကျမယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG