သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တာဝန်ခံတချို့နဲ့ အမေရိကန် ယာယီသံမှူး တွေ့ဆုံ


မြန်မာစစ်အစိုးရက ကတိပြုထားတဲ့ ရွေးကောက်ပွဲတွေ ဒီနှစ်ထဲ ကျင်းပဖို့ ရှိနေတာမို့ ဒါကို နိုင်ငံတကာ အသိုင်းအ၀န်းကလည်း စိတ်ဝင်တစား ရှိနေကြပါတယ်။ အနောက်တိုင်း သံတမန်တွေကလည်း ဒီရက်ပိုင်းတွေအတွင်း လေ့လာ အကဲခတ်တဲ့ အနေနဲ့ မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနဲ့ တွေ့ဆုံမှုတွေလည်း ရှိခဲ့ပါတယ်။ အပြည့်အစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒီနေ့ဆိုရင်လည်း ၇ နှစ်လောက် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ပါတီ တာဝန်ရှိသူ တချို့နဲ့ အမေရိကန်သံရုံး ယာယီတာဝန်ခံနဲ့ အဖွဲ့တို့ တွေ့ဆုံမှုတွေ ရှိခဲ့တဲ့အကြောင်း ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပြပါတယ်။

“အမေရိကန်သံရုံးက Chargé d’Affaires ပေါ့ မစ္စတာ လယ်ရီ ဒင်းဂါး (Mr. Larry Dinger) နဲ့ First Secretary ဂျနီဖာ အေဟိုက် (Jennifer Harhigh) ပေါ့၊ သူတို့နှစ်ယောက် လာတယ်။ လာပြီး အဖွဲ့ချုပ်မှာရှိတဲ့ ဗဟိုဦးစီးအဖွဲ့ အနေအထားတွေ မေးပါတယ်၊ ပြီးတော့ ဦးတင်ဦးကို လာနှုတ်ဆက်တဲ့ သဘောပါပဲ။ CEC အားလုံးနဲ့တွေ့တာ မဟုတ်ပါဘူး။ ဦးတင်ဦးရယ်၊ ဦးဝင်းတင်ရယ်၊ ကျနော်ရယ်၊ ဦးညွန့်ဝေရယ်၊ ဒါပဲတွေ့တာပါ။ ၄ ယောက်တည်းပါ။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ရှိသလားဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကတော့ ကျနော်တို့ တောင်းထားတာ ရှိတယ်။ ပြီးတော့ အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနဲ့လည်း စာထပ်ပြီး ပို့ထားတာ ရှိတယ်။ အဲဒီတော့ တွေ့ဖို့တော့ မျှော်လင့်နေဆဲပဲလို့ ထပ်ပြောပါတယ်။ ထူးခြားချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှပဲ ရှေ့နိုင်ငံရေးခရီးနဲ့ ပတ်သက်လို့ ကျနော်တို့ သေသေချာချာ ဆွေးနွေးပြီးတော့ ချမှတ်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် သိပ်ကို အရေးကြီးပါတယ်။

“ဒီ့ထက်ပို အရေးကြီးတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံထားတဲ့ အတိုင်း တွေ့ဖို့ ရောက်မှသာလျှင် မြန်မာ့နိုင်ငံရေးအတွက် အလွန်အင်မတန် အရေးကြီးတဲ့အကြောင်း၊ ရှေ့နိုင်ငံရေး ခရီးတွေကို သွားဖို့က ဒီအချက် ၂ ချက်ပေါ်မှာ တည်နေတဲ့အကြောင်း အမေရိကန် သံအမတ်ကို ပြောလိုက်ပါတယ်။ ဒီလောက်ပါပဲ။”

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေ၊ အထူးသဖြင့်ကတော့ စစ်အစိုးရက ကျင်းပပေးဖို့ ရှိနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံ သံတမန် အသိုင်းအ၀န်းက အထူးစိတ်ဝင်စားနေကြတာပါ။ ဒါတွေကိုလည်း တခြား အနောက်တိုင်း သံတမန်တွေက NLD ရုံးချုပ်ကို လာရောက် ဆွေးနွေးမှုတွေ ရှိခဲ့တဲ့အကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။

“တခြားသံရုံးလည်း လာပါတယ်ဗျ။ ပြီးခဲ့တဲ့ လေးငါးရက်ကဆို ဗြိတိသျှ သံအမတ်ကြီးနဲ့ သူ့လက်ထောက် အမျိုးသမီးတယောက် လာတယ်။ ပြင်သစ်သံအမတ်လည်း လာပါတယ်။ ခဏခဏကြီးတော့ မဟုတ်ပါဘူး။ တလမှာ တကြိမ်လောက်၊ နှစ်လမှာ တခါလောက် အဲလိုလာကြတာတွေ ရှိပါတယ်။

“အနောက်အုပ်စု နိုင်ငံတွေကတော့ မြန်မာ့အရေးပေါ်မှာ စိတ်ဝင်စားတယ်။ ဒီမိုကရေစီ ရစေချင်တယ်။ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ အားလုံးပါဝင်တဲ့ ကိစ္စမျိုး၊ နိုင်ငံတကာကလည်း တရားမျှတအောင် စောင့်ကြည့် ထိန်းကြပ်ပေးတဲ့ အဖြစ်မျိုးတွေ ရောက်အောင် ဖြစ်စေချင်တဲ့ ဆန္ဒတွေလည်း ဆွေးနွေးတာတွေ ရှိပါတယ်။ ဆွေးနွေးတဲ့အခါမှာတော့ ဒါတွေ ပါတာပေါ့ဗျာ။ ရွေးကောက်ပွဲအကြောင်း ပြောရင် ဒါတွေ ပါရတော့တာပေါ့။

“ဒါပေမဲ့ NLD က အခုထိ ဘာမှ မဆုံးဖြတ်သေးဘူး ဆိုတဲ့ အကြောင်းကိုလည်း ပြောပါတယ်၊ ကျနော်တို့ဘက်က။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြောကြားထားတာ ရှိပါတယ်။ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ပြောဖို့၊ ဆုံးဖြတ်ဖို့ အချိန်မတန်သေးဘူးလို့ ပြောထားတဲ့ စကားအတိုင်းပဲ ရွှေဂုံတိုင် ကြေညာစာတမ်းမှာလည်း ရွေးကောက်ပွဲ ၀င်ဖို့သော် လည်းကောင်း၊ မ၀င်ဖို့သော် လည်းကောင်း ပြောကြားထားခြင်း မရှိပါဘူးလို့။

“၀င်ဖို့လည်း မဟုတ်ဘူး၊ မ၀င်ဖို့လည်း မဟုတ်ဘူး၊ ဒါကို သွားပြီး ဆွေးနွေးမယ်ဆိုရင် ဒါ မမှန်ကန်ပါဘူးလို့။ ၀င်ဖို့ မဆွေးနွေးသလို မ၀င်ဖို့လည်း မဆွေးနွေးဘူးဆိုတဲ့ stand ဟာ အခိုင်အမာ ရှိပြီးသား ဖြစ်ပါတယ်။ အဲဒီ stand ကလည်း မူအနေနဲ့သာ ရှိနေပြီးတော့ ultimatum အနေနဲ့ ရှိနေတာ မဟုတ်ဘူးလို့ ရှင်းပြလိုက်ပါတယ်။ ပြောစရာ စကားတွေကလည်း အဟောင်းပဲရှိတော့ အသစ်မှ ဘာမှ နအဖဘက်က ကမ်းလှမ်းမှုတွေ ဘာတွေ၊ ထုတ်ပြန်မှုတွေ မရှိသေးတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အသစ် ဆွေးနွေးစရာလည်း မရှိပါဘူး။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနဲ့ အနောက်တိုင်း သံတမန်တွေ ဒီရက်ပိုင်းတွေအတွင်း တွေ့ဆုံဖြစ်တဲ့အကြောင်း ပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG