သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အကျယ်ချုပ်အမှု ပြင်ဆင်ချက် ဆုံးဖြတ်ချက် ချတော့မည်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အမှုနဲ့ ပတ်သက်ပြီး အကျိုးဆောင် ရှေ့နေတွေဘက်က တင်သွင်းခဲ့တဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်ထားချက်ကို သောကြာနေ့မှာ အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း နောက်ပိုင်းမှာ နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးသူများ ရန်က ကာကွယ်ရေး အက်ဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာက တနှစ်ပြီးတနှစ် တိုးလာခဲ့တာဖြစ်ပြီး အခု နောက်ဆုံး အမေရိကန် နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော (John William Yettaw) နေအိမ်ကို ကျူးကျော် ဝင်ရောက်မှု နဲ့ ပတ်သက်ပြီး နေအိမ်အကျယ်ချုပ်ကို ၁၈ လ တိုးပြီး ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

အခုတော့ ဒီအမှုအတွက် အမိန့်ချတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“မနက်ဖြန် တရားရုံးချုပ်က အန်ကယ်တို့ တင်ထားတဲ့ ပြင်ဆင်မှု၊ အဲဒါကို အမိန့်ချမယ်။ ဒီဥစ္စာက အန်ကယ်တို့က ဒေါ်အောင်ဆန်းစုကြည်အတွက် တမှု၊ ဒေါ်ခင်ခင်ဝင်းအတွက် တမှု၊ ပြင်ဆင်မှုလို့ ခေါ်တယ်။ အဲဒီဟာကို တင်ထားတယ်။ တပြိုင်နက်တည်းမှာ အစိုးရကလည်း ရန်ကုန်တိုင်း တရားရုံးက ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတော့ဘူးလို့ သုံးသပ်တဲ့ အချက်ကို သူတို့က ပြင်ဆင်မှု တက်တယ်။ အဲတော့ ပြင်ဆင်မှု ၃ မှု။

“အဲဒါကို အစိုးရဘက်ရော၊ အန်ကယ်တို့ဘက်ရော၊ နှစ်ဘက် လျှောက်လဲချက် လွန်ခဲ့တဲ့လ ၁၈ ရက်နေ့က ပေးပြီးပြီ။ အဲတော့ ဒီအမှုတွေနဲ့ ပတ်သက်ပြီးတော့ အမိန့်ချမယ်။ ဆိုလိုတာက အမိန့်မှာ အန်ကယ်တို့ နိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် လုံး၀ လွတ်မြောက်မယ်။ အန်ကယ်တို့ ရှုံးခဲ့ရင် အခု နေအိမ်အကျယ်ချုပ်က ဒီအတိုင်းပဲ ဆက်ရှိ မယ်။ အန်ကယ်တို့လည်း ဒီအမိန့် နားထောင်ဖို့ပဲ မနက် သွားရမှာပါ။ ချိန်းထားတာ မနက် ၁၀ နာရီပါ။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှု တတွဲတည်းဖြစ်တဲ့ အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမတို့ဟာလည်း မူလအမှုရှင် ဒေါ်အောင်ဆန်းစုကြည် အပေါ် မူတည်နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ရင် သူတို့လည်း လွတ်မြောက်မယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG