သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ


မြန်မာစစ်တပ်က တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျူးလွန်နေတဲ့အကြောင်း တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ကြေညာချက်တွေ မကြာခဏ ထုတ်ပြန် ပြောဆိုလေ့ ရှိပါတယ်။ အခုလည်း ကရင်ပြည်နယ် အတွင်းက ဒေသ တော်တော်များများမှာ မြန်မာစစ်တပ်က အမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်၊ ညှဉ်းပန်း နှိပ်စက်၊ သတ်ဖြတ်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ ကရင်အမျိုးသမီးအဖွဲ့က ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီအစီရင်ခံစာ ထွက်လာရခြင်း အကြောင်းရင်းကတော့ ကရင်ပြည်နယ် အတွင်းမှာ အမျိုးသားတွေက သူကြီးရာထူးကို လက်မခံရဲကြတော့တဲ့ အတွက် အမျိုးသမီးတွေကို အဲဒီ သူကြီးရာထူး အတင်းပေးအပ်ခြင်း ခံရတဲ့အချိန်က စတာလို့ ပြောရမှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ အမျိုးသား သူကြီးတွေကို မြန်မာစစ်တပ်က ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်မှုတွေ လုပ်လာတဲ့အတွက် အမျိုးသားတွေက သူကြီးရာထူးကို မထမ်းဆောင်ရဲကြတော့ဘဲ တိမ်းရှောင်၊ ထွက်ပြေးကုန်ကြတဲ့ အတွက် အသက်နည်းနည်းရပြီး ပေါက်ရောက်မှုရှိတဲ့ အမျိုးသမီးတွေကို စစ်အစိုးရက သူကြီးအဖြစ် ခန့်အပ်လာခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီး သူကြီးတွေကိုလည်း အမျိုးသား သူကြီးတွေနည်းတူ ညှဉ်းပန်း နှိပ်စက်ရုံတင် မကဘဲ မုဒိမ်းကျင့် စော်ကားတာတွေပါ ရှိလာတယ်လို့ ကရင်အမျိုးသမီးအဖွဲ့ရဲ့ အတွင်းရေးမှူး ၁ ဒေါ်ဘလူးမင်းနိုက်ဇံက ပြောပါတယ်။

“အမျိုးသား သူကြီးတွေ နည်းတူ အမျိုးသမီးတွေကိုလည်း နှိပ်စက်တယ်။ ဘာတွေလဲဆိုရင် အကျိုးမဲ့ အကြောင်းမဲ့ သတ်ဖြတ်တာတို့၊ ပြီးတော့ သူတို့ သိချင်တဲ့ဟာတွေ အတင်းအဓမ္မ မဟုတ်ဘဲနဲ့လည်း ဟုတ်တယ်လို့ ပြောခိုင်းပြီး ရိုက်တာတို့၊ ထုတာတို့၊ အမျိုးသမီးတွေဆိုရင် စစ်ဖိနပ်နဲ့ အကန်ခံရတယ်။ စစ်ဖိနပ်နဲ့ ရင်ဘတ်တို့ ဗိုက်တို့ တက်နင်းခံရတာတွေ ရှိတယ်။ တချို့ဆိုရင် သေတဲ့အထိ ရိုက်တာတွေ ရှိတယ်။

“တချို့အမျိုးသမီးတွေကျတော့ ကိုယ်ဝန်သည်တွေ ဖြစ်နေတယ်။ ရွာသူရွာသားတွေကို ခိုင်းတော့ ရွာသူရွာသား မလုပ်တဲ့နေရာမှာ၊ အထူးသဖြင့် အတင်းအဓမ္မ ခိုင်းစေတဲ့ နေရာမှာ အမျိုးသမီး သူကြီးတွေကိုယ်တိုင် လိုက်သွားရတာတွေ ရှိတယ်။ အဲတော့ အလေးအပင်တွေနဲ့ တောင်တက် တောင်ဆင်းဆိုတော့ တချို့ အမျိုးသမီးတွေက ကိုယ်ဝန် ပျက်ကျခဲ့ရတာတွေလည်း ရှိတယ်။

“ပြီးရင် ဒီ့ထက်ပိုဆိုးတာက မုဒိမ်းကျင့်ခံရတယ်။ တနေ့လုံး တောထဲမှာ တောင်တက် တောင်ဆင်းနဲ့ စစ်ပစ္စည်းတွေ သယ်ပေးရတယ်၊ စစ်လက်နက်ပစ္စည်းတွေ၊ စစ်ရိက္ခာတွေ၊ ပြီး ညဘက်ကျတော့ စစ်တပ်တွေက မုဒိမ်းကျင့်ကြတယ်။ တချို့ဆို အစုလိုက်၊ ၂ ဦးထက်များတဲ့ ၃ ဦး၊ ၄ ဦး မုဒိမ်းကျင့်ခံရတာတွေ တွေ့ရတယ်။ ဒါ သူတို့ကိုယ်တိုင် သက်သေခံပြီး ဖွင့်ဆိုတဲ့အတွက်ကြောင့်၊ အမျိုးသားနည်းတူ ရက်စက်မှု ခံရတဲ့အပြင် အမျိုးသမီးတွေ အနေနဲ့ ပိုလာတာ မုဒိမ်း ထပ်ကျင့်ခံရ တာတွေ ရှိတယ်ပေ့ါ။”

အခုထုတ်ပြန်တဲ့ Walking Amongst Sharp Knives ‘ဓားချွန်တွေကြားမှာ လမ်းလျှောက်ရခြင်း’ လို့ အမည်ပေးထားတဲ့ အစီရင်ခံစာအပြင် ကရင်အမျိုးသမီးအဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ Shattering Silence ‘ဆိတ်ငြိမ်မှုကို ဖြိုခွင်းခြင်း’၊ ၂၀၀၇ ခုနှစ်မှာ State of Terror ‘စိုးရိမ်မှတ်လွန် ရက်စက်မှု’ စတဲ့ ကရင်ပြည်နယ် အတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြေမြှုပ်မိုင်း ကိစ္စတွေအကြောင်း အစီရင်ခံစာတွေ အသီးသီး ထုတ်ပြန်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေထံ ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်တဲ့ အစီရင်ခံစာကိုလည်း ကုလသမဂ္ဂ အနေနဲ့ စုံစမ်းစစ်ဆေးမှု ကော်မီတီ တရပ် ဖွဲ့စည်း စုံစမ်းပေးဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို တောင်းဆိုထားတယ်လို့ ဒေါ်ဘလူးမင်းနိုက်ဇံက ပြောပါတယ်။

“ကရင်အမျိုးသမီး သူကြီးတွေ အပေါ်မှာ လူ့အခွင့်အရေး ရာဇဝတ် ကျူးလွန်မှုတွေ၊ စစ်ရာဇဝတ် ကျူးလွန်မှု အားလုံးကို ကုလသမဂ္ဂ အနေနဲ့ ကော်မရှင်တခု ဖွဲ့ပြီးတော့ ဝင်ရောက် စုံစမ်း စစ်ဆေးပြီးတော့ အပြစ်ရှိတဲ့လူကို ထိထိရောက်ရောက် အရေးယူ ပေးဖို့ ကျမတို့ တောင်းဆိုနေပါတယ်။”

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ အနေနဲ့လည်း မြန်မာစစ်တပ်ရဲ့ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒဏ်ကနေ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာကြတဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည်တွေကို ကာကွယ် စောင့်ရှောက်ပေးဖို့နဲ့ မြန်မာပြည်တွင်းမှာ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသရွေ့ ဒုက္ခသည်တွေကို နေရပ် ပြန်မပို့ဖို့လည်း အခု အစီရင်ခံစာထဲမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။

အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကရင်ပြည်နယ်အတွင်း ခရိုင် ၇ ခု ရှိတဲ့အထဲက ခရိုင် ၅ ခုမှာ မြန်မာစစ်တပ်က ကျူးလွန်နေတာ ဖြစ်တယ်လို့ ဒေါ်ဘလူးမင်းနိုက်ဇံက ပြောပါတယ်။ အစီရင်ခံစာထဲမှာ မပါတဲ့ ခရိုင် ၂ ခုကတော့ မြိတ် ထားဝယ် ခရိုင်နဲ့ တောင်ငူခရိုင်တို့ဖြစ်ပြီး အဲဒီဒေသတွေမှာတော့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိပေမဲ့ ကရင်အမျိုးသမီးအဖွဲ့ အနေနဲ့ လက်လှမ်းမမီတဲ့ဒေသ ဖြစ်နေတဲ့အတွက် ချန်ထားခဲ့တာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG