ထိုင်း၊ မြန်မာနယ်စပ် ကော့သောင်နဲ့ ရနောင်းဘက်မှာ မြန်မာနိုင်ငံဘက်က တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ထရပ်ကားတစီးကို ထိုင်းလုံခြုံရေးတွေက ပစ်ခတ်ခဲ့လို့ ကားပေါ်ပါလာတဲ့ ကလေး ၂ ယောက်နဲ့ လူကြီး ၁ ယောက် သေဆုံးသွားပါတယ်။ ကားရပ်ဖို့ တားဆီးတာကို ထိုင်းယာဉ်မောင်းက မရပ်ဘဲ မောင်းပြေးတဲ့အတွက် အခုလို ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို မြန်မာဘက်က တရားမဝင် လာကြသူတွေကို ထိုင်းလုံခြုံရေးက ပစ်ခတ် တာမျိုး အရင်ကရော ရှိတတ်ပါသလား၊ စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံ ရနောင်းမြို့နဲ့ မိုင် ၃၀ အကွာလောက်မှာရှိတဲ့ ဟင်းခြံ နယ်စပ်မြို့ကနေ ခြုံဖော်မြို့ဆီကို အသွား တရားမဝင် မြန်မာနိုင်ငံဘက်က ရွှေ့ပြောင်း အလုပ်သမားတွေ တင်ဆောင်လာတဲ့ကားကို ထိုင်းလုံခြုံရေးတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါ တယ်။ ပစ်ခတ်ခံရမှုကြောင့် ကားပေါ်ပါလာသူ ၁၂ ယောက်ထဲက ၃ ယောက် သေဆုံးသွားတယ်လို့ ဒီအဖြစ်ကိုသိတဲ့ ရနောင်းက မြန်မာတယောက်က အခုလို ပြောပြပါတယ်။
“မြန်မာပြည်က တရားမ၀င် ခိုးဝင်လာတဲ့ ကားတစီးက ခြုံဖော်နဲ့ ဟင်းခြံကြားမှာရှိတဲ့ နီဖိုးဂိတ်၊ စစ်တပ်ဂိတ်ကို ဖြတ်သန်းတဲ့ အခါ ထိုင်းရဲတွေက တားဆီးတာ၊ ရပ်လို့ ပြောတဲ့အချိန်မှာ ထိုင်းလူမျိုးကိုယ်တိုင် မောင်းတဲ့ကားက ဒီဂိတ်မှာ ရပ်ခိုင်းတာကို မရပ်ဘဲ အတင်းမောင်းပြေးတာ။ မောင်းပြေးတော့ အဲဒီမှာရှိတဲ့ စစ်တပ်က ပစ်ခတ်ပြီး တားဆီးတဲ့အခါ ကလေး ၂ ယောက်နဲ့ လူကြီး ၁ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်။”
ကားပေါ်က ဒဏ်ရာရသွားတဲ့ သူတွေကိုတော့ ဆေးရုံတင်ထားရပြီး သူတို့ကို တရားမဝင် နိုင်ငံထဲ ခိုးဝင်မှုနဲ့ အရေးယူသွား မယ်လို့ သိရပါတယ်။ ထိုင်းယာဉ်မောင်းကိုလည်း တရားမဝင် လူခိုးသွင်းမှုနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံ ဘက်ကနေ တရားမဝင် လာကြသူတွေကို ထိုင်းရဲက ပစ်ခတ် ဖမ်းဆီးတာမျိုး အရင်ကရော ရှိခဲ့ဖူးသလားလို့ မေးကြည့် တော့…
“အဲဒါတော့ ခဏခဏဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ တာဝန်ရှိ ၀န်ထမ်းတွေက ဂိတ်တွေ ဂိတ်တွေ ချထားတယ်။ အဲဒီဂိတ်ကို ဖြတ်သန်းတဲ့အခါ သူတို့တွေက ငွေကြေးပေးရင် ဖြတ်သန်းသွားလာခွင့် ပေးတယ်။ ငွေမပေးရင် သူတို့ ပစ်ခတ် ဖမ်းဆီးတယ်။ ကျနော်တို့ မြန်မာပြည်က မြန်မာလူမျိုးတွေက ထိုင်းနိုင်ငံကို ပါ့စ်ပို့တ်မရှိဘဲ ခိုးဝင်ကြတာပေါ့။ ခိုးဝင်တဲ့အချိန်မှာ တကယ်တမ်း ပြောမယ်ဆိုရင် ဒီဂိတ်တွေက ကျနော်တို့ မြန်မာပြည်သားတွေ ခိုးဝင်ရင် သူတို့ကို ဆက်ကြေးပုံစံမျိုး ပေးရတယ်။ တကယ်လို့ မပေးရင် သူတို့မှာ ပစ်ပြီးတော့ တားဆီးကြတယ်။ ပေးမယ်ဆိုရင် မပစ်ဘူး။”
ရနောင်းမြို့က မြန်မာအလုပ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေသူက ပြောပြသွားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲမှာ လာပြီး အလုပ်လုပ်ကြရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး တွေ ဆုံးရှုံးနေကြတယ်လို့ လူ့အခွင့်အရေး ရှိမရှိ စောင့်ကြည့်လေ့လာ မှတ်တမ်းတင်နေတဲ့ Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးက မကြာခင်ကပဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲ အလုပ်လုပ်နေကြတဲ့ မြန်မာဘက်က ရွှေ့ပြောင်းလုပ်သား ၁,၀၀၀,၀၀၀ လောက်အပြင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဘက်က ရွှေ့ပြောင်း လုပ်သားတွေဟာ ထိုင်းလူမျိုးတွေ၊ ထိုင်းရဲတွေရဲ့ ခြိမ်းခြောက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုတွေကို ခံရလေ့ရှိသလို မမျှတတဲ့ လုပ်အားခပေးပြီး မတန်တဆ အလုပ်စေခိုင်းမှုတွေ ရှိနေ တယ် လို့ Human Rights Watch ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။