သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လျှောက်လဲချက် ပယ်ချခံရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် နေအိမ်အကျယ်ချုပ် ချမှတ်ထားတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ အကျိုးဆောင် ရှေ့နေတွေဘက်က တင်သွင်းခဲ့တဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်ထားချက်ကို ဒီကနေ့မှာ ဗဟိုတရားရုံးက ပယ်ချလိုက်ပါတယ်။ ဘာကြောင့် အခုလို ပယ်ချခဲ့တာလဲဆိုတာကို ဗဟိုတရားရုံးက ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြစ်မှုတစုံတရာ ကျူးလွန်မှုမရှိကြောင်းနဲ့ ဒီအမှုအတွက် အထူး အယူခံတင်သွင်းဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပြပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ရန်ကုန်တိုင်း တရားရုံးချုပ်က ပယ်ချခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချထားမှု အယူခံအတွက် ဒီဇင်ဘာလထဲမှာ တင်သွင်းခဲ့တဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု တင်သွင်းချက်ကို ဒီကနေ့ ဗဟိုတရားရုံးချုပ်က အကြောင်းပြချက် တစုံတရာမပေးဘဲ ပယ်ချခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

"မနက်က ၁၀ နာရီကလေ ဒေါ်အောင်ဆန်းစုကြည်တင်တဲ့အမှု၊ ပြင်ဆင်မှုပေါ့၊ နောက်ပြီးတော့ ခင်ခင်ဝင်း တို့တင်တဲ့အမှု၊ နှစ်မှုစလုံးကို ပယ်လိုက်ပါတယ်။ ဆက်လက်ပြီးတော့ အထူး အယူခံတင်ဖို့ လုပ်ပါမယ်။"

အထူးအယူခံ တင်ရင်ရော ထူးခြားမှုရှိမယ်လို့ ထင်ပါသလား အဲန်ကယ်လ်၊ -

"ဟုတ်ကဲ့။ ဥပဒေလမ်းကြောင်းဆုံးအောင် ကျနော်တို့ လုပ်ပါမယ်။ ကိုယ်လုပ်ရမယ့် ဝတ္တရားက ဥပဒေလမ်းကြောင်း ဆုံးအောင် လုပ်ဖို့ပါ။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ဒီလိုမျိုး ပယ်ချမယ်လို့ အဲန်ကယ်လ်တို့အနေနဲ့ မျှော်မှန်းထားပါသလားအဲန်ကယ်လ်၊ -

"ကျနော် မမျှော်မှန်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုက ဘာအပြစ်မှ မကျူးလွန်လို့ လွတ်မြောက်ရမယ်လို့ ကျနော် ဒီအတိုင်း ယုံကြည်တယ်။"

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောထားတာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တကယ်လို့ နေအိမ်အကျယ်ချုပ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်မယ်ဆိုရင် သူ ပြန်ပြီးတော့ လွှတ်ပေးမယ်လို့ ပြောထားတဲ့စကားရှိတော့လေ။ အဲန်ကယ်လ်တို့အနေနဲ့ သွားသွားပြီးတော့ တွေ့နေရတဲ့လူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်နဲ့ ပတ်သက်ပြီးတော့…….

"ကျနော်တို့ကို သူက as a joke (ဟာသတခုအနေနဲ့) ပြောတယ်။ သူနေထိုင်တာ စည်းကမ်းနဲ့နေတာ၊ ဆိုတော့ ကျနော်ကလည်း ဟာ. နေတာပေါ့ စည်းကမ်းနဲ့နေတာ၊ စည်းကမ်းအပြင်ကို တခုမှမလုပ်ဘူးလို့ ဒါက ကျနော် ပြောခဲ့တာ။ ဒါ ဟာသတခုသဘောလည်း ပါပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းနောက်ပိုင်း နိုင်ငံတော် နှောက်ယှက်ဖျက်ဆီးသူများရန်က ကာကွယ်ရေး ဥပဒေနဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတာကနေ ပြီးခဲ့တဲ့နှစ် လွတ်ရက်စေ့ခါနီးမှာ နေအိမ်ဝန်းအတွင်း အမေရိကန်နိုင်ငံသား ဂျွန် ဝီလီလျံယက်တော တိတ်တဆိတ်ခိုးဝင်မှုနဲ့ နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားတာကို ခံခဲ့ရတာပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ ရပ်ဆိုင်းသွားတာမို့ သုံးစွဲခွင့်မရှိတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေက လျှောက်လဲ ခဲ့ကြပါတယ်။ အစိုးရရှေ့နေတွေဘက်ကတော့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင် ဖျက်သိမ်းကြောင်း မကြေညာသေးတဲ့အတွက် သုံးစွဲခွင့်ရှိတယ်လို့ လျှောက်လဲခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကတော့ အယူခံအမှုတွေကို ကိုယ်တိုင် တက်ရောက်ခွင့်မရခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်ခင်ခင်ဝင်း နဲ့ မဝင်းမမ တို့ရဲ့အမှုတွဲတွေကိုလည်း ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့ သလို ဒီကနေ့ ဗဟိုတရားရုံးကလည်း ပယ်ချခဲ့တာမို့ အကျိုးဆောင်ရှေ့နေကြီး လေးဦးဘက်က အထူး အယူခံ တင်သွင်းဖို့ အတွက် ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG