သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး စစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေကြား သဘောတူညီမှုမရ


အပစ်အခတ်ရပ်စဲရေး ၀ အမျိုးသားသွေးစည်းညီညွတ်ရေးပါတီရဲ့ ဥက္ကဌ ပေါက်ယူချန်းဟာ ဒီကနေ့ မနက်ပိုင်းမှာ မြန်မာစစ်အစိုးရရဲ့ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ တာယန်းမြို့မှာ တွေ့ဆုံပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို ထပ်မံဆွေးနွေးခဲ့ပေမဲ့ တိကျတဲ့သဘောတူညီချက် မရခဲ့ပါဘူး။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်အစိုးရဘက်က ကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီး ကြားဝင် စေ့စပ်ခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးတခုကိုပဲ တင်ပြဆွေးနွေးလာတယ်လို့ သိရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာစစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ဝအမျိုးသား သွေးစည်းညီညွတ်ရေးပါတီရဲ့ ဥက္ကဌ ပေါက်ယူချန်းကို ဒီနှစ်အတွင်း အနည်းဆုံး သုံးကြိမ်လောက် တွေ့ဆုံဖို့ ဖိတ်ခေါ်ပြီးတဲ့နောက်မှာ ဝတပ်ဖွဲ့ရဲ့ ဥက္ကဌ ပေါက်ယူချန်းဟာ မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း တာယန်းမြို့ကို သွားရောက်ပြီး ဒီမနက်မှာ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံခဲ့တာဟာလည်း တရုတ်အစိုးရဘက်က ဝခေါင်းဆောင် ပေါက်ယူချန်းကို သွားရောက်တွေ့ဆုံဖို့ တွန်းအားပေးခဲ့တာကြောင့်ဖြစ်တယ်လို့ ဝတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အရင်အခေါက်တွေကတော့ ဝခေါင်းဆောင် ပေါက်ယူချန်းဟာ ကျန်းမာရေး မကောင်းတာကြောင့် သွားရောက်တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံး တွေ့ဆုံတာမှာလည်း ဝတပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရကြားမှာ သဘောတူညီချက် မရခဲ့ဘူးလို့ သိရကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနရဲ့ လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။

"ဘာမှသဘောတူညီချက်မရဘူး။ အမြန်ဆုံး နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအတိုင်းပေါ့၊ အမြန်ဆုံး ပြောင်းလဲဖို့ အဲဒါကို မြန်မြန်ဆုံးဖြတ်ဖို့ ဒါကိုပဲ ဖိအားပေးနေတယ်။ ကြားဝင်ဖြန်ဖြေပေးတဲ့ တရုတ်တွေကိုတောင်မှ ကိုရဲမြင့် တို့ နအဖ ဘက်က သွယ်ဝိုက်ပြီးတော့ ခြိမ်းခြောက်လိုက်သေးတယ်တဲ့။ ၀ ဘက်က သွားပြီးတော့ ထပ်တောင်းဆိုတဲ့ ကန့်သတ်ချက် ၉ ချက်ကိစ္စကိုလည်း နိုဝင်ဘာလကတည်းက တောင်းထားတဲ့ဟာကို ပထမတခါ နအဖက အကုန်ပယ်ချတဲ့ကိစ္စကိုလည်း ပြန်ပြီးတော့ သွားတောင်းဆိုတယ်။ အဲဒါကိုလည်း သူတို့က လုံးဝနားမဝင်ဘူးတဲ့။"

ဒီကနေ့ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံက ကိုယ်စားလှယ်ချို့ တက်ရောက်ခဲ့တာဖြစ်ကြောင်းကိုတော့ ဦးစိန်ကြည်နဲ့ တရုတ်-မြန်မာနယ်စပ်က လေ့လာသူတွေက အတည်ပြုပြောကြားကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ဝတပ်ဖွဲ့ဘက်က တင်ပြတဲ့ အချက် ၉ ချက်ပါ တောင်းဆိုချက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ဝတပ်ဖွဲ့ဘက်က တင်ပြခဲ့တာတွေဖြစ်ပြီး အဲဒီအချက်တွေ ထဲမှာ ဝနယ်မြေကို တိုးချဲ့သတ်မှတ်ရေးနဲ့ နယ်ခြားစောင့်အသွင် ပြောင်းရာမှာ တပ်ရင်းအဆင့်တွေမှာ ဝတပ်မှူးတွေကိုသာ ခန့်ထားရေး ဆိုတဲ့အချက်တွေ ပါဝင်ခဲ့ပါတယ်။

ဒီတခေါက် ဆွေးနွေးပွဲကိုတော့ ဝခေါင်းဆောင် ပေါက်ယူချန်းဟာ လုံခြုံရေးအင်အား ၁၆၀၊ စစ်ကား ၂၁ စီးနဲ့ မနေ့က တာယန်းမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဘက်ကတော့ ဝတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းရေးကို အကြောင်းပြန်ဖို့ တောင်းဆိုထားပါတယ်။

တကယ်လို့ ဝတပ်ဖွဲ့ဘက်က မြန်မာစစ်အစိုးရရဲ့ တောင်းဆိုချက်ကို လက်မခံရင် ဖြစ်လာနိုင်မယ့် အခြေအနေကိုတော့ တရုတ်-မြန်မာနယ်စပ်က စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက အခုလို သုံးသပ်ပါတယ်။

"ကျနော်တို့ သိသလောက်ကတော့ ဝတပ်ဖွဲ့တွေတင်မဟုတ်ဘဲ ကချင် အဖွဲ့အစည်းသော်လည်းကောင်း၊ အခြား ရှမ်းပဲဖြစ်ဖြစ်ပေါ့နော်၊ မိုင်းလားတို့၊ အားလုံးကတော့ ၂၈ ရက်နေ့မှာ လက်မခံလို့ဆိုပြီးတော့ တိုက်ခိုက်လာမယ်ဆိုရင်တော့ ကိုယ့်ဒေသကိုယ်ကာကွယ်ရေး စစ်ပွဲကိုတော့ တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ ကျနော်တို့ မြင်ရမှာပဲ။ အဲဒီလိုမှမဟုတ်ဘဲ မြန်မာစစ်အစိုးရက တကယ် သူ့ပါးစပ်က ပြောသလို တိုင်းရင်းသားသွေးစည်းညီညွတ်ရေး တကယ်လိုချင်တယ်ဆိုရင်တော့ သူပြောတဲ့ border guard အစီအစဉ်ကို ပြန်လည်သုံးသပ်ပြီးတော့ ဒီ့ထက်ပိုပြီးတော့ သင့်တင်လျောက်ပတ်တဲ့ တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့၊ အခြေခံအရပြောမယ်ဆိုရင် သူပြောသလိုပေါ့နော်၊ တိုင်းရင်းသားအားလုံး တန်းတူရည်တူခံစားနိုင်တဲ့ ပေါ်လစီတခုကို ပြန်ရေးပြီးတော့ ပြန်လည်ညှိနှိုင်းမှသာလျင် နယ်စပ်ဒေသလည်း ပြန်လည်အေးချမ်းမယ်။ ဒုတိယကတော့ အခုလည်း လက်ရှိ ပြည်တွင်းစစ်ကြီး ဖြစ်နေတော့ ဒီ့ထက်ကြီးမားတဲ့ ပြည်တွင်းစစ်ကြီးတခုကို ကျနော်တို့ မမြင်ရမှာဖြစ်ပါတယ်။"

လွန်ခဲ့တဲ့ ၂၃ ရက်နေ့ကလည်း အရှေ့မြောက်တိုင်း စစ်တိုင်းမှူးဟာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဥက္ကဌနဲ့ လားရှိုးမြို့မှာ တွေ့ဆုံခဲ့ပြီး SSA မြောက်ပိုင်းကို ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ ထပ်မံတောင်းဆိုခဲ့ပေမဲ့ SSA မြောက်ပိုင်းက တပ်မှူးတွေက လက်မခံတာကြောင့် သူတို့အဖွဲ့အတွင်းမှာ ပြန်လည် ညှိနှိုင်းနေရတယ်လို့ သိရပါတယ်။

မနေ့ကတော့ ရှမ်းပြည်နယ် အထူးဒေသ (၄) မိုင်းလားအဖွဲ့က ဒုဥက္ကဌနှစ်ဦးဟာ တြိဂံတိုင်း စစ်တိုင်းက ဗိုလ်မှူးကြီး သန်းထွဋ်သိန်းတို့နဲ့ တွေ့ဆုံပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ထပ်မံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ်ဖွဲ့ရေးကို ထပ်မံတင်ပြခဲ့ပေမဲ့ ပြီးပြတ်တဲ့ သဘောတူညီချက်တော့ မရခဲ့ပါဘူး။

မြန်မာစစ်အစိုးရဟာ ၁၉၈၈ နောက်ပိုင်းမှာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ရေးဆွဲပြီးတဲ့နောက် ၂၀၀၉ ခုနှစ် ဧပြီလကုန်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီကနေ့အထိတော့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ၀ ၊ မိုင်းလားနဲ့ မွန်ပြည်သစ်ပါတီတို့ဟာ မြန်မာစစ်အစိုးရရဲ့ တောင်းဆိုချက်တွေကို လက်မခံခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG