အာဖဂန်နစ္စတန်နိုင်ငံ မြို့ တော် ကဘူးလ်မှာ ဒီကနေ့ အသေခံဗုံး ဖောက်ခွဲမှုတခု အပါအ၀င် တခြားပေါက်ကွဲမှုတွေကြောင့် နိုင်ငံခြားသားတွေ အပါအ၀င် အနည်းဆုံး လူ ၁၆ ဦးသေဆုံးခဲ့တယ်လို့ အာဖဂန်ရဲတွေက ပြောပါတယ်။ စုံစမ်းစစ်ဆေးသူတွေ ပြောတာကတော့ ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူ ၃၂ ဦး ဒဏ်ရာတွေ ရသွားခဲ့တယ်လို့ ဆိုပါတယ်။
၉ ထပ်ရှိတဲ့ ကုန်တိုက်ကြီးတခုအနားမှာ ဖေါက်ခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး အဲဒီအနားမှာရှိတဲ့ တည်းခိုခန်း ၂ ခုမှာ နိုင်ငံခြားသားတွေ တည်းခိုတာများတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အိန္ဒိယနိုင်ငံသား ၉ ဦးလောက် ပါဝင်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အီတလီနိုင်ငံသားတဦးလည်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ အာဖဂန်နဲ့ အီတလီ အရာရှိတွေက ပြောပါတယ်။
တိုက်ခိုက်သူတွေဟာ အိန္ဒိယနိုင်ငံသားတွေ တည်းခိုတတ်တဲ့ တည်းခိုခန်းတွေကို အဓိက ပြစ်မှတ်ထားခဲ့တာလို့ ယူဆတဲ့အကြောင်း အာဖဂန်ရဲချုပ်က ပြောပါတယ်။ တည်းခိုခန်းတွေရှေ့ မှာ ကားဗုံးဖောက်ခွဲမှုတခု ဖြစ်ခဲ့ပြီး အသေခံဗုံးခွဲသမားတွေက အဆောက်အဦးထဲကို ၀င်သွားကြပြီး ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
အာဖဂန်သမ္မတ ခါမစ်ကာဇိုင်း ကလည်း အိန္ဒိယနိုင်ငံသားတွေ သေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီး အထူး ကြေကွဲဝမ်းနည်းတဲ့ အကြောင်းနဲ့ အခုတိုက်ခိုက်မှုကို ပြစ်တင်ရတ်ချပါတယ်။
အခုတိုက်ခိုက်မှုတွေဟာ သူတို့ရဲ့လက်ချက်ပဲလို့ တာလီဘန်တွေက ပြောပါတယ်။ အသေခံဗုံးခွဲသမား အနည်းဆုံး ၅ ဦး ပါဝင်ကြတယ်လို့ တာလီဘန်တွေကဆိုပါတယ်။