သြစတြေးလျအစိုးရက မြန်မာပြည်ထဲကို နယ်စပ်ဖြတ်ကျော် အကူအညီပေးနေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ အခုလို နယ်စပ်ဖြတ်ကျော် ကူညီရေးလုပ်ငန်းတွေဟာ လူနည်းစု တိုင်းရင်းသား ပြည်နယ်တွေအတွက်၊ ဒေသခံတွေအတွက် မရှိမဖြစ် လိုအပ်နေတာဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေကတော့ ထောက်ပြကြပါတယ်။ ဒီအကြောင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
နယ်စပ်ဖြတ်ကျော် ကူညီရေးလုပ်ငန်းတွေကို ဆက်မလုပ်တော့ဘူးလို့ သြစတြေးလျအစိုးရက ပြောလိုက်တဲ့ အကြောင်းပြချက်ကတော့ ရှင်းရှင်းလင်းလင်း ပြောမထားတဲ့ နိုင်ငံတော် အချုပ်အချာ ပိုင်ဆိုင်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကြောင့် ဖြစ်တယ်လို့ ပြောပြထားပါတယ်။
နယ်စပ်တွေကတဆင့် လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာက ကူညီရေးလုပ်ငန်းတွေကို မြန်မာစစ်အစိုးရကလည်း တရားဝင် ခွင့်ပြုချက်ပေးထားတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံထဲမှာလည်း အစိုးရမဟုတ်တဲ့ အဲန်ဂျီအို လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်နေကြတာ ရှိပါတယ်။
အခုလို သြစတြေးလျနိုင်ငံအနေနဲ့ နယ်စပ်ကနေဖြတ်ကျော်ပြီး ကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်တာတွေ ရပ်ဆိုင်းတော့မယ်ဆိုရင် တကယ်ကူညီမှုတွေ လိုအပ်နေတဲ့ လူထုအတွက် ဘယ်လောက်ထိခိုက်နစ်နာမှုတွေ ရှိနိုင်ပါသလဲ။ မြန်မာနိုင်ငံတွင်း လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဲန်ဂျီအို အဖွဲ့တခုမှာ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အရာရှိဟောင်းတဦးကတော့ အနည်းနဲ့အများဆိုသလို နစ်နာမှုရှိလိမ့်မယ်လို့ ဆိုပါတယ်။
"cross border တွေက ဒီဘက်မှာ ဘာလုပ်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့်ပေါ့နော် သင်တန်းတွေ ဘာတွေ ပို့ချမယ်ဆိုရင်တော့ ဒီဘက်ကလူတွေက အများကြီး ပို့ချပေးနိုင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အထဲက လူမှုဝန်ထမ်းတွေပဲ ဖြစ်ဖြစ်ပေါ့နော်၊ အလုပ်သမားတွေ၊ ကျောင်းသားတွေက သူတို့သင်ကြားချင်တာတွေကို ပြင်ပမှာ သွားရောက်သင်ကြားခွင့် ရမယ်ဆိုရင် သူတို့တွေအတွက်ကတော့၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် ပညာကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကျိုးရှိတာပဲ။ ဆိုတော့ သင်တန်းတို့ဘာတို့ကတော့ အကျိုးရှိမှာပဲ။ သူတို့လုပ်နိုင်သမျှကတော့ အမြတ်ပဲ။ မလုပ်ရဘူးဆိုရင်တော့ အခွင့်အရေး ဆုံးရှုံးတဲ့အနေနဲ့တော့ ကျမမြင်တာကတော့ ရပ်လိုက်ဖို့ အကျိုးမရှိဘူး ဆိုတာကို ကျမ မတွေ့ဖူးတော့ သိပ်မသိဘူး။ ဒါပေမဲ့ ပေးမယ်ဆိုရင်တော့ ဘယ်အရာမဆို အကျိုးရှိတယ်လို့ ကျမ ယူဆတယ်။ စောစောကပြောသလို သင်တန်းတွေပေးတယ်ဆိုရင် အဲဒါတွေ အားလုံးဟာ positive impact တွေပဲ။"
အထူးသဖြင့် မြန်မာနိုင်ငံထဲမှာသွားလုပ်နေကြတဲ့ အဲန်ဂျီအိုတွေထဲမှာလည်း အခက်အခဲတွေ အမျိုးမျိုး ကြုံနေရတယ်လို့ ပြောပါတယ်။ ကန့်သတ်မှုတွေ ကြီးမားတဲ့နိုင်ငံထဲမှာ အလုပ်လုပ်ရတာဟာ ကူညီလုပ်ငန်းတွေအတွင်း ကြန့်ကြာမှုတွေ ဖြစ်တာကြုံရတယ်လို့ သူကပြောပြပါတယ်။
"အထဲမှာရှိတာကတော့ အရင်ဆုံး နားလည်မှုပေါ့နော်။ နားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့က အများကြီးလိုတယ်။ အခက်အခဲကတော့ နေရာတိုင်းပါပဲ၊ နေ့တိုင်းပဲ။ လူတဦးနဲ့တဦး တွေ့လည်း နေ့တိုင်းတွေ့တာပဲ။ အချင်းချင်း ဝန်ထမ်းထဲမှာကို ပြဿနာတွေ ရှိတယ်။ ဥပမာပြောရမယ်ဆိုရင် ခရီးသွားတာပေါ့နော်၊ အာဏာပိုင်တွေမှာလည်း သူတို့အခက်အခဲ ရှိရင်ရှိမယ်။ ဆိုလိုချင်တာက နိုင်ငံခြားသားတွေကို အဲဒီနေရာ သွားခွင့်မပြုဘူးဆိုရင် ကျမတို့က နှစ်ဖက်ညှိတာပေါ့နော်။ ကိုယ်လုပ်ထားတဲ့ အလုပ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်က အဲဒီနေရာမှာသွားဖို့လိုရင်၊ နိုင်ငံခြားသား sensitivity ရှိတယ်ဆိုရင် ကျမတို့က ဝန်ထမ်းပေါ့နော်။ မြန်မာပြည်ကဝန်ထမ်း ကိုယ့်နိုင်ငံသားကပဲ ဦးဆောင်ပြီးတော့ သွားတယ်။ အဲဒီအချက်ကို နှစ်ဖက်စလုံးက နားလည်ပေးရမယ်။ အဲဒါ ဥပမာတခုပေါ့နော်။ ဆိုတော့ နှစ်ဦးနှစ်ဖက် အခက်အခဲ ရှိတယ်ဆိုရင် အလယ်လူရဲ့တာဝန်က အများကြီးရှိပါတယ်။ တာဝန်ယူထားတဲ့သူက ညှိဖို့ပေါ့နော်။ အခက်အခဲကတော့ အဖက်ဖက်မှာ ရှိပါတယ်။"
ဒါကတော့ မြန်မာနိုင်ငံတွင်း အဲန်ဂျီအိုလုပ်ငန်းတခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝန်ထမ်းဟောင်းတဦး ပြောပြခဲ့တာပါ။ နယ်စပ်ဖြတ်ကျော် ကူညီရေးလုပ်ငန်းတွေဟာ လူနည်းစုဒေသက တိုင်းရင်းသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပါတယ်။
သြစတြေးလျ အစိုးရဟာ ၂၀၀၃ ခုနှစ်ကတည်းက ထိုင်း-မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံတွင်း နယ်စပ်ဖြတ်ကျော် ကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။