မြန်မာတပ်မတော်ရဲ့  ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း ဟာ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပြီး (၅) ရက်ကြာ ခရီးစဉ်အတွင်းမှာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး၊ အိန္ဒိယတပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ် (၃) ဦး တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပထမဦးစွာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (NDD – Network for Democracy and Development) ရဲ့  သုတေသနနဲ့ မှတ်တမ်းတင်ဌာနမှ ဦးဌေးအောင် ကို အိန္ဒိယ နဲ့ မြန်မာ နိုင်ငံတို့ရဲ့  ကာကွယ်ရေး နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာများကို မေးမြန်းထားပါတယ်။
ဦးရော်နီညိမ်း ။ ။ အိန္ဒိယရေတပ် နဲ့ မြန်မာရေတပ် တို့ရဲ့  ဆက်ဆံရေးမှာ ရေတပ် စစ်လက်နက်ပစ္စည်းကိစ္စတွေမှာ ဘယ်လိုရှိပါသလဲ။
ဦးဌေးအောင် ။ ။ အထူးသဖြင့်တော့ အိန္ဒိယ က ၂၀၀၆ ခုနှစ်တုန်းက ဗမာစစ်အစိုးရကို BN2 Islander ခေါ်တဲ့ ကင်းထောက်လေယာဉ် (၂) စင်း ရောင်းချဖို့ စီစဉ်ခဲ့တာရှိပါတယ်။ ဒါပေမယ့် အဲဒီလေယာဉ်တွေက အိန္ဒိယအစိုးရကို ဗြိတိသျှအစိုးရကနေ ရောင်းချထားတဲလေယာဉ်တွေ ဖြစ်တဲ့အတွက် ဗြိတိသျှအစိုးရ ကန့်ကွက်ခဲ့လို့ အစီအစဉ်ပျက်သွားတယ်လို့ သိရပါတယ်။ တခြားတဖက်မှာ နောက်ထပ် အိန္ဒိယအစိုးရက ဗမာအစိုးရ ရေတပ်ကို ခေတ်မီနည်းပညာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ သူတို့ ကြိုးစားနေတာ ရှိပါတယ်။ ဗမာစစ်အစိုးရကလည်း စိတ်ဝင်စားဟန်ပြပြီးတော့ သွားရောက်လေ့လာနေတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ မြန်မာရေတပ်အတွက် စစ်လက်နက်ပစ္စည်းတွေ ရောင်းချတဲ့သတင်းတွေ ကျနော်တို့ တိတိကျကျ မရသေးပါဘူး။
ဦးရော်နီညိမ်း ။ ။ အဲဒီကိစ္စတွေအပြင် ရေတပ်နဲ့ ပတ်သက်လို့ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် ရေပြင်ပြဿနာ၊ ဗမာ နဲ့ ဘင်္ဂလားဒေ့ရှ် ရေပြင်ပြဿနာ တွေရှိတယ်။ ဗမာ နဲ့ ဘင်္ဂလားဒေ့ရှ် ရေပြင်ပြဿနာမှာ ရေတပ်တွေ ထိပ်တိုက်ရင်ဆိုင်တွေ့ရမယ့် အလားအလာတွေ ရှိခဲ့တယ်။ အဲဒါကို ခြုံငုံပြီးတော့ ဒီ (၃) နိုင်ငံအနေအထား ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ထဲမှာ မြန်မာ-အိန္ဒိယ ရေတပ်တို့ ဆက်ဆံဆောင်ရွက်သွားမယ်လို့ ကိုဌေးအောင်တို့ မှန်းကြည့်လို့ ရပါသလား။
ဦးဌေးအောင် ။ ။ တခုတော့ ရှိပါတယ် ဒီ နအဖ စစ်အစိုးရကတော့ အနောက်နိုင်ငံတွေဘဲဖြစ်ဖြစ်၊ အိမ်နီးချင်းနိုင်ငံတွေကဘဲဖြစ်ဖြစ် ကျုးကျော်တိုက်ခိုက်လာရင် ပင်လယ်ပြင်က တိုက်ခိုက်လာနိုင်တယ်လို့ သူတို့ သုံးသပ်ထားတာရှိပါတယ်။ နောက်တခုက စစ်အစိုးရ တွက်ချက်သုံးသပ်ထားတာက ဘင်္ဂလားဒေ့ရှ် ရေတပ်ကို အမေရိကန်ကနေ ခေတ်မီလက်နက်တွေ တပ်ဆင်ပေးထားတယ်၊ ရေတပ်သင်္ဘောတွေ တပ်ဆင်ပေးထားတဲ့အပေါ်မှာ ဘင်္ဂလားဒေ့ရှ် ရေတပ်နဲ့ ရင်ဆိုင်ရဖို့အတွက် နအဖရေတပ်က စွမ်းရည်အရ သူတို့ အင်အားလျော့နည်းနေတယ်လို့ သူတို့ ယူဆထားတာရှိတယ်။ နောက်တခုက မြန်မာရေတပ်မှာ လက်ရှိ အသုံးပြုနေတဲ့ တရုတ်နိုင်ငံက ရရှိထားတဲ့ ရေတပ်လက်နက်ပစ္စည်းတွေကလည်း ခေတ်မမီတော့တဲ့အပြင် ပင်လယ်ပြင်မှာ ခုတ်မောင်းလို့ရတဲ့ အနေအထားမရှိဘူးလို့ ကျနော်တို့ သိရှိထားတယ်။ အဲဒါကြောင့် မြန်မာစစ်အစိုးရအနေနဲ့က အိန္ဒိယကရရ ဘယ်နိုင်ငံကရရ ၀ယ်ယူတပ်ဆင်ဖို့ စဉ်းစားနေတယ်လို့ ယူဆပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒေသအတွင်း ဘင်္ဂလားပင်လယ်အော်အတွင်းမှာ တရုတ်ရေတပ် သွားလာလှုပ်ရှားနေတဲ့အပေါ်မှာ အိန္ဒိယက စိတ်ပူမူလည်းရှိမယ်။ နောက်တခုက မီလန် (Milan) စစ်ရေးလေ့ကျင့်မှုမှာ မြန်မာရေတပ်ဟာ အိန္ဒိယရေတပ် ဖိတ်ကြားမှုကြောင့် ပါဝင်လာခဲ့တာ အကြိမ်အားဖြင့် များလာပြီ။ မြန်မာရေတပ်အနေနဲ့ မီလန်ရေတပ်စစ်ရေး လေ့ကျင့်ရေးမှာ သွားပါတဲ့အတွက် တရုတ်ဘက်က ဘယ်လို ထင်မြင်ယူဆလာနိုင်ပါသလဲ။
ဦးဌေးအောင် ။ ။ ကျနော်ထင်တာကတော့ အိန္ဒိယ နဲ့ တရုတ် အပြိုင်အဆိုင်ဖြစ်နေတဲ့ကြားထဲမှာ မြန်မာစစ်အစိုးရက အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လည်းဆိုတော့ အခုဆိုရင် ကျောက်ဖြူမှာ တရုတ်နိုင်ငံကနေ ဆိပ်ကမ်းတည်ဆောက်ပေးဖို့ကိစ္စကို နအဖ စစ်အစိုးရက ခွင့်ပြုထားတယ်။ နောက်တခုက ရခိုင်ကမ်းမြောင်းက ထွက်မယ့် ရွှေသဘာဝ ဓါတ်ငွေ့တွေကို တရုတ်နိုင်ငံသာမက အိန္ဒိယနိုင်ငံကို ခွဲရောင်းချဖို့ စစ်အစိုးရက စီစဉ်နေတယ်။ နောက်တခုက အိန္ဒိယနိုင်ငံကို ဓါတ်ငွေ့တွေ တင်ပို့တဲ့နေရာမှာ ကုလားတန်မြစ်ကြောင်းကို အသုံးပြုဖို့အတွက် မြစ်ကြောင်းဖွံ့ဖြိုးရေး စီမံကိန်းကို အိန္ဒိယအစိုးရကို ခွင့်ပြုထားတာရှိတယ်။ အဲဒီတော့ ဒီအနေအထားတွေကို ကြည့်ရင် မြန်မာစစ်အစိုးရအနေနဲ့ တရုတ် နဲ့အပြင် အိန္ဒိယနဲ့လည်း သူ့အကျိုးစီးပွားအတွက် နှစ်ဖက်စလုံးကို ပေါင်းနေတဲ့အနေအထားရှိတယ်။
ဦးရော်နီညိမ်း ။ ။ အိန္ဒိယကိုယ်၌ကလည်း သူကို လာဆက်ဆံနေတာကို အပြည့်အ၀ သူတို့နဲ့ ရိုးရိုးသားသား ပေါင်းဖို့မဟုတ်ဘဲ တဖက်ကလည်း နိုင်ဖဲအနေနဲ့ အိန္ဒိယဘက်က သူပုန်တွေကို ဗမာနယ်မြေထဲမှာ လက်ခံထားတာတို့၊ အိန္ဒိယ သူပုန်တွေ ဖြတ်သန်းတာကို မသိမသာခွင့်ပြုထားတာတို့နဲ့ အိန္ဒိယကို နိုင်ကွက်ကလည်း ကိုင်ထားတယ်။ ဒီကြားထဲမှာ တရုတ်ကို မဲတင်းချင်တာနဲ့ သူတို့ကို လာဆက်ဆံဆိုတဲ့ အနေအထား။ အဲဒီအနေအထားနဲ့ မြန်မာစစ်အစိုးရ နဲ့ အိန္ဒိယ နိုင်ငံတို့ကြားမှာ ဆက်ဆံရေး တိုးတက်တယ်လို့ မြင်နေရတာကနေ ပြဿနာတွေ မဖြစ်လာနိုင်ဘူးလား။
ဦးဌေးအောင် ။ ။ အိန္ဒိယနိုင်ငံကနေ ခွဲထွက်ဖို့ လက်နက်ကိုင်လှုပ်ရှားနေတဲ့ မဏီပူရ (Manipura)၊ အာသံ (Assam)၊ နာဂနယ်မြေ (Nagaland)၊ မီဇူးရမ် (Mizoram) စတဲ့နယ်မြေဒေသ သူပုန်အဖွဲ့တွေက မြန်မာနိုင်ငံအတွင်းမှာ အခြေချလှုပ်ရှားနေတာရှိတယ်။ အဲဒါတွေက မြန်မာစစ်အစိုးရက အစတုန်းကတော့ တမင်မွေးထားတာရှိတယ်။ တမူးမြို့ မှာ အိန္ဒိယနိုင်ငံ သူပုန်အဖွဲ့တွေရဲ့  ခေါင်းဆောင်တွေကို နေထိုင်ခွင့်ပြုထားတဲ့ အနေအထားတွေရှိတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် ဗမာအစိုးရက မီးစာတဖက် ရေမှုတ်တဖက် လုပ်ပြီးတော့ အိန္ဒိယနဲ့ တရုတ်တို့နဲ့ သူက သူ့အကျိုးစီးပွားအတွက် ကြားကနေ ကစားဖို့ စီစဉ်နေတဲ့ အနေအထားရှိတယ်လို့ ထင်ပါတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီလို ကစားတဲ့နေရာမှာ သူ့အတွက်ကော အန္တရာယ်မရှိဘူးလား။ ကစားသည်ဖြစ်စေ မကစားသည်ဖြစ်စေ အိန္ဒိယနဲ့ ဒီလိုမျိုး စစ်ရေးဆက်ဆံမှုတွေ ပိုတိုးမြှင့်တဲ့အခါမှာ တရုတ်ရဲ့  ငြိုငြင်တာကော မခံရနိုင်ဘူးလား။ တဖက်မှာလည်း တရုတ်နဲ့ဆို နယ်စပ်ဒေသတွေမှာ တရုတ်ထောက်ခံအားပေးမှု ရှိနေတဲ့ '၀' ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်၊ ကိုးကန့်အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရနဲ့ မပြေလည်တော့ဘူး။ အဲဒီလိုအခြေအနေမှာ အိန္ဒိယနဲ့ သွားပြီး ဒီလို ဆက်ဆံရေးတွေ သွားလုပ်လို့ နှစ်ဖက်စလုံး မကျေမနပ်ဖြစ်တဲ့ကြားမှာ ညပ်မနေနိုင်ဘူးလား။
ဦးဌေးအောင် ။ ။ အမှန်ကတော့ စစ်အစိုးရ သဘောထား မမှန်တဲ့ကိစ္စတွေက တချိန်ချိန်မှာတော့ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လည်းဆိုတော့ စစ်အစိုးရအနေနဲ့ ဒီလောက်အင်အားကြီးတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ဘယ်နည်းနဲ့မှ ဒီနိုင်ငံကြီးတွေကို ရေရည်မှာ မရိုးမသားနဲ့ ကစားနိုင်မှာ မဟုတ်ဘူး။ ဟိုနိုင်ငံတွေအနေနဲ့လည်း အခုလက်ရှိ ကစားနေတဲ့ အနေအထားကို မသိဘဲနေမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ တချိန်ချိန်မှာတော့ ဒါဟာ ပြဿနာ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် စစ်အစိုးရခေါင်းဆောင်တွေကို ရေရှည်အတွက် မတွက်ဘဲနဲ့ လက်ရှိအနေထားလောက်ကိုဘဲ တွက်ပြီး သူတို့ထဲမှာ နိုင်ဖဲရှိတယ်ဆိုတဲ့အနေအထားနဲ့ မီးနဲ့ကစားနေတဲ့ အနေအထားလို့ ထင်ပါတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒါက ပြည်တွင်းနိုင်ငံရေးအတွက် ဒီလိုမျိုး အမျိုးသားရေး အကြောင်းပြပြီးတော့ နိုင်ငံရေးကစားလို့ရတဲ့ အကွက်ကိုရော သူတို့မျှော်ကြည့်ထားမယ်လို့ မြင်ကြည့်လို့ ရမလား။
ဦးဌေးအောင် ။ ။ ဒီ စစ်အစိုးရမှာတော့ အမြဲတမ်း ရန်သူကို ပြနေရတဲ့ အနေအထားမျိုးရှိတယ်။ အထူးသဖြင့် သူ့စစ်တပ်ကို ထိန်းထားနိုင်ဖို့အတွက် ဟိုအစတုန်းကဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီကို သူတို့က အမြဲတမ်း လက်ညိုးထိုးပြီးတော့ အန္တရာယ်ရှိတယ်ဆိုကာ စစ်တပ်ကို သွေးထိုးလှုံဆော်ခဲ့တာရှိခဲ့တယ်။ ဒီနောက်ဖက် နောက်ပိုင်းမှာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကို ပြည်ပကျူးကျော်မယ့် အန္တရာယ်ရှိတယ်လို့ ပြောဆိုလာတယ်။ အခုနောက်ပိုင်းမှာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့ လိုလားလာတဲ့အခါမှာတော့ သူ့ပြစ်မှတ်ကို မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို လက်ညိုးထိုးပြလာတယ်။ အဲဒီနောက်မှာ တရုတ်အန္တရာယ်ပါ ရှိလာနိုင်တဲ့ အနေအထားမျိုးကို မသိမသာ ထောက်ပြလာတဲ့အနေအထား ရှိလာတယ်။ ဒါအပြင် အမေရိကန်နိုင်ငံကသာ အကူအညီပေးမယ်ဆိုလိုရှိရင် အမေရိကန်က အလိုရှိနေတဲ့ မူးယစ်ဆေးဝါး ခေါင်းဆောင်တွေကိုလည်း အမျိုးဖြုတ် ချေမှုန်းပြီးတော့ လွှဲအပ်ပေးမယ်ဆိုတဲ့ လေသံမျိုးတွေတောင် စလာတဲ့အနေအထားမျိုး ကျနော်တို့ တွေ့ရတယ်။ ဒါတွေကြည့်ခြင်းအားဖြင့် စစ်အစိုးရအနေနဲ့ ဘယ်သူအပေါ်မှ သူတို့က အယုံအကြည်ရှိတာမဟုတ်ဘူး၊ ဒါပေမယ့် တရုတ်ကိုလည်း ယုံကြည်တာမဟုတ်ဘူး၊ အမေရိကန်ကိုလည်း ယုံတာမဟုတ်ဘူး။ ဒါပေမယ့် သူတို့အတွက် အကျိုးရှိတယ်ဆိုရင် အဲဒီနိုင်ငံကြီးတွေကြားထဲမှာလည်း ကစားဖို့ ၀န်မလေးဘူးဆိုတာကို တွေ့ရပါတယ်။
ဦးရော်နီညိမ်း ။ ။ အိန္ဒိယ-မြန်မာ စစ်ရေးဆက်ဆံရေးကနေ သံတမန်ရေး၊ နိုင်ငံရေး ဆက်ဆံမှုတွေ ဆက်နွှယ်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီးတော့ နယူးဒေလီမြို့  (New Delhi) က ပြည်ထောင်စု အမျိုးသားညွှန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma) ၀န်ကြီးတဦးဖြစ်သူ စစ်ကိုင်းတိုင်း ပုလဲမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆွေ ကို မေးမြန်းဆွေးနွေး ထားပါတယ်။
ဦးတင့်ဆွေ ။ ။ နအဖ ဗမာအစိုးရနဲ့ အိန္ဒိယအစိုးရ ဆက်ဆံရေး ပြန်ကောင်းဖို့က နှစ်နိုင်ငံ စစ်တပ်ခြင်း ဆက်ဆံရေးက စခဲ့တယ်။ အခုတော့ နိုင်ငံရေး ဆက်ဆံမှုပါ တိုးလာတယ်ပေါ့။
ဦးရော်နီညိမ်း ။ ။ များသောအားဖြင့်က အိန္ဒိယအရှေ့ မြောက် နဲ့ မြန်မာအနောက်မြောက် နှစ်နိုင်ငံနယ်စပ်မှာ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့အစည်းတွေက မြန်မာမြေထဲမှာ အခြေအကုတ်ယူပြီးတော့ တိုက်ခိုက်နေတဲ့ အနေအထားတွေကြောင့် စစ်တပ်ဆက်ဆံမှုမှာ အဲဒါကို အဓိကထားခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီတော့ အဲဒီအနေအထားကို ဆရာသိသလောက် ပြောပြပေးပါ။
ဦးတင့်ဆွေ ။ ။ နအဖ စစ်အစိုးရကို ဒီမိုကရေစီလုပ်လုပ် မလုပ်လုပ် ဆက်ဆံရမယ်ဆိုတဲ့ ပေါ်လစီ ကျင့်သုံးလာခဲ့တာကတော့ အိန္ဒိယကို ဆန့်ကျင်နေတဲ့ အရှေ့ မြောက်ဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေက အချက်ကြီးတခုဖြစ်ပါတယ်။ တခြားအချက်တွေအပြင် ဒီအတွက်လည်း အိန္ဒိယက နအဖနဲ့ တွေ့တိုင်း ဆက်ဆံတိုင်း အပြန်အလှန် လည်ကြတိုင်း ဒီအချက်ကို တင်ပါတယ်။ တင်တိုင်းလည်း ကျနော်တို့ သိရသလောက် သတင်းလောကမှာ ဖတ်ရသလောက်တော့ နအဖစစ်အစိုးရဘက်က အဆင့်ဆင့်သော ခေါင်းဆောင်တွေက ဂတိစကားတွေ အမြဲတမ်းပေးပါတယ်။ သို့သော်လည်း ဒီအချိန်ထိတော့ အရှေ့ မြောက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ နအဖ ဘက်က အိန္ဒိယ လုပ်ချင်သလို လိုက်မလုပ်တာကတော့ ဒီနေ့အထိဘဲ။ ဒါပေမဲ့ အိန္ဒိယက အတော်စိတ်ရှည်တဲ့သဘောရှိတော့ ဆက်ပြီတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။
ဦးရော်နီညိမ်း ။ ။ အိန္ဒိယအစိုးရက မေတ္တာရပ်ခံထားတယ်။ ဒါမှမဟုတ်လည်း စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့မှု မြန်မာစစ်တပ်ကို ပေးတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ မြန်မာစစ်တပ်က အိန္ဒိယသူပုန်တွေ မြန်မာ့မြေပေါ်ကနေ အိန္ဒိယအစိုးရကို ပုန်ကန်ဒုက္ခပေးနေတာကို တချို့ နေရာ၊ တချို့ ကိစ္စတွေမှာ လစ်လျှုရှု့ ထားပြီးတော့ တမင်သက်သက် လွှတ်ထားတယ်ဆိုတဲ့ အနေအထားမျိုးတွေ ကြားရတာရှိပါတယ်။ အဲဒါက ဘာကြောင့်လဲ။ ဖြစ်ကောဖြစ်နိုင်ချေ ရှိနိုင်ပါသလား။
ဦးတင့်ဆွေ ။ ။ တကယ်ဖြစ်နေတာကတော့ အဲဒီအတိုင်းပဲ။ သတင်းစာတွေ တီဗွီကအစ အိန္ဒိယမီဒီယာတွေမှာ ဘယ်လိုရေးနေနေ တကယ်တမ်း နအဖဘက်က အိန္ဒိယသူပုန်တွေကို လေးလေးနက်နက် တိုက်တယ်လို့ မရှိခဲ့တာတော့ အမှန်ဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဟာက နိုင်ငံတကာ နယ်နမိတ်တလျှောက်မှာ နိုင်ငံတိုင်းလိုလိုမှာ တဖက်နိုင်ငံရဲ့  သူပုန်သူကန်ကိစ္စကို တခါတလေ မွေးထားသလိုကို မွေးထားတာရှိတယ်။ ဒါမှလည်း နှစ်နိုင်ငံ ဆက်ဆံရေး လုပ်တဲ့အခါမှာ ဈေးဆစ်စရာကိစ္စတခုအနေနဲ့ သုံးချင်လို့ လုပ်လေ့လုပ်ထရှိပါတယ်။ ဒီအတိုင်းဘဲ နအဖ စစ်အစိုးရကလည်း ဒီကိစ္စကို ဆောင်ရွက်နေတယ်လို့ ကျနော် အပြည့်အ၀ ယုံကြည်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အိန္ဒိယက အဲဒီ သူပုန်သူကန်ကိစ္စရယ်၊ တခါ ဒီထက်ကြီးတဲ့ တရုတ်နိုင်ငံကိစ္စကြီးတခုရယ် ကိုင်တွယ်ဖို့အတွက် နအဖနဲ့ စကားပြောတဲ့အခါမှာ နအဖဘက်က ၀ှက်ဖဲ သူဘက်က လေးစားတဲ့တချက်အနေနဲ့ ရှိနေတော့ သူကြိုက်ကြိုက်မကြိုက်ကြိုက် နအဖနဲ့ ပူးပေါင်းဆောင်ရွက် လည်ပတ် စကားချိုချိုတွေ ပြောနေရတဲ့ အနေအထားပါ။
ဦးရော်နီညိမ်း ။ ။ အခုန ဆရာပြောသလို ဒါကို အကွက်ကောင်းတခုအနေနဲ့ အသုံးချတဲ့နေရာမှာ မြန်မာစစ်အစိုးရအနေနဲ့ တကယ်ကော အကျိုးအမြတ်တွေ ရနေတယ်လို့ မြင်ပါသလား။ ဘယ်လို အတိုင်းအတားမျိုးနဲ့ ကြည့်လို့ရမလဲ။
ဦးတင့်ဆွေ ။ ။ ဟုတ်ကဲ့ခင်များ။ တစုံတရာတော့ နအဖဘက်က ရတယ်ခင်များ။ ဥပမာပြောမယ်ဆိုရင် ၂၀၀၆ ခုနှစ်က အိန္ဒိယသမ္မတ မြန်မာပြည်ကို သွားတဲ့အခါတုန်းက သမ္မတက နအဖကို ကတိကြီး (၃) ခု ပေးခဲ့တယ်။ နိုင်ငံတကာအရေးနဲ့ ပတ်သက်ရင် ဒီအချက်ထဲက တခုကတော့ နိုင်ငံတကာ စင်မြင့်မှာ နအဖဘက်က ရပ်တည်မှာမယ်ဆိုပြီးတော့ သမ္မတက အိန္ဒိယအစိုးရကိုယ်စား ကတိပေးခဲ့တယ်။ သူကတိပေးတဲ့အတိုင်းလည်း နအဖ က ရတယ်။ ဥပမာဆိုရင် ILO (International Labor Organization) ဆိုတဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်မှာလည်း နအဖဘက်က မဲပေးတယ်။ ကုလသမဂ္ဂညီလာခံမှာလည်း နအဖဘက်က လိုက်ပြောသလို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှာလည်း နအဖဘက်က လိုက်တယ်ဆိုတော့ နအဖက အိန္ဒိယဘက်က ရတဲ့ အကျိုးအမြတ်တွေဘဲလို့ မြင်ပါတယ်။