တောင်အမေရိကတိုက် အနောက်ဘက်ပိုင်းက ချီလီ နိုင်ငံမှာ စနေနေ့မနက် အစောပိုင်းကပဲ ပြင်းထန်တဲ့ မြေငလျင် လှုပ်သွားခဲ့လို့ လူပေါင်း ၂၀၀ ကျော် သေဆုံးပြီး အဆောက်အဦးတွေလည်း ပြိုပျက်ကျခဲ့ရပါတယ်။ ဒီမြေငလျင်ကြောင့် ပစိဖိတ် သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့နိုင်ငံ အတော်များများမှာ ဆူနာမီ ဒီရေလှိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
ဂရင်းနစ်စံတော်ချိန် မနက် ၆ နာရီခွဲလောက်မှာ ပြင်းအား ၈.၈ ရှိတဲ့ငလျင်က နိုင်ငံအလယ်ပိုင်းမှာ တည်ရှိတဲ့ လူဦးရေ အထူထပ်ဆုံး ကွန်ဆပ်ဆီယွန် (Concepcion) မြို့နဲ့ မိုင် ၆၀ ကျော် အကွာကို ဗဟိုပြုပြီးတော့ လှုပ်သွားခဲ့တာဖြစ်ပါတယ်။
သမ္မတ မစ်ရှဲလ် ဘာရှာလတ် (Michelle Bachelet) က ချီလီအလယ်ပိုင်းကို သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားရပါတယ်။ တောင်ပိုင်းက မောင်လီဒေသ တခုတည်းမှာတင် သေဆုံးသူ ၈၅ ဦးကျော် ရှိတယ်လို့ အတည်ပြုရကြောင်း သူကပြောပါတယ်။ ငလျင်ကြောင့် အဆောက်အဦးတွေလည်း ပြိုကျပြီး ကားတွေလည်းမှောက်၊ လျှပ်စစ်မီးလိုင်းတွေနဲ့ ဖုန်းလိုင်းတွေလည်း ပျက်တောက်ခဲ့ရပါတယ်။ တံတားတွေလည်း ကျိုးကုန်ပြီး လမ်းတွေကို အပြိုအပျက်တွေက ဖုံးလွှမ်းနေပါတယ်။ မီးတွေလည်း လောင်ကျွမ်းခဲ့သလို ဆေးရုံတွေလည်း ပြိုကျခဲ့ရတာပါ။
ဆန်တီယာဂို (Santiago) မြို့တော်က လေဆိပ်ကို ပိတ်ထားရပါတယ်။ နောက်ပိုင်းမှာတော့ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခဲ့ပြီး တခုကတော့ ပြင်းအား ၆.၉ ရှိခဲ့ပါတယ်။ ဒီမြေငလျင်ကြောင့် အာရှပစိဖိတ်ဒေသမှာ ဆူနာမီ ဒီရေလှိုင်းလုံးကြီးတွေ ရောက်လာနိုင်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားတာမှာ ဟာဝိုင်အီ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား နိုင်ငံနဲ့ ဖစိဖိတ်ကျွန်းနိုင်ငံတွေမှာ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
ချီလီက ဟွမ် ဖာနန်းဒက်စ် (Juan Fernandez) ကျွန်းမှာ လှိုင်းလုံးကြီးတွေ ရောက်လာခဲ့ပြီး လူသိပ်မနေတဲ့နေရာ တခုမှာတော့ လူ ၅ ဦး သေဆုံးသွားရပြီး အများအပြား ပျောက်ဆုံးနေပါတယ်။ French Polynesian ကျွန်းတွေမှာတော့ ၁၃ ပေအမြင့် လှိုင်းလုံးတွေ ရောက်ခဲ့ပါတယ်။ ဟာဝိုင်အီမှာတော့ နာရီပေါင်းများစွာအလိုကတည်းက ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဂရင်းနစ် စံတော်ချိန် ၂၂ နာရီမှာ ပထမဦးဆုံးလှိုင်းလုံးတွေ ရောက်လာခဲ့ပါတယ်။ နောက်လှိုင်းလုံးတွေ ထပ်မရောက်လာခင်မှာပဲ ရေတွေ ပင်လယ်ထဲကို ဆုတ်ဝင်သွားခဲ့ပါတယ်။ ၈ ပေလောက် အမြင့်ရှိတဲ့ လှိုင်းလုံးတွေ ရောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတာကြောင့် စိုးရိမ်စရာနေရာတွေမှာ လူတွေ ကုန်းမြင့်ပိုင်းကို သွားရှောင်နေရပါတယ်။
ဂျပန်၊ သြစတြေးလျ နဲ့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်း ပြည်နယ်တချို့မှာလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။