ထိုင်းနိုင်ငံက အကြီးဆုံး ဘဏ်ကြီးဖြစ်တဲ့ ဘန်ကောက်ဘဏ်ခွဲတွေရဲ့ အပြင်ဘက်မှာ လက်ပစ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ မြို့တော်ဘန်ကောက်မှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားဖို့ ဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီ၀ (Abhisit Vejjajiva) က အမိန့်ပေးလိုက်ပါတယ်။
မြို့ထဲမှာ စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေး ကင်းလှည့်တာတွေ ပိုပြီး လုပ်ဆောင်သွားဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့တဲ့အကြောင်း ဝန်ကြီးချုပ်က သူ့ရဲ့ အပတ်စဉ် ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။
ဘန်ကောက်ဘဏ်ခွဲတွေ ပြင်ပမှာ မနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှုတွေကြောင့် အပျက်အစီးတချို့ ရှိခဲ့ပေမဲ့ ထိခိုက်သူတော့ မရှိခဲ့ပါဘူး။
စစ်တပ်က အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံသူတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိနေစဉ် အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ နေ့ကပဲ ဝန်ကြီးချုပ်ဟောင်းကို သူအာဏာရနေစဉ် မိသားစုပိုင် ဆက်သွယ်ရေးကုမ္ပဏီ Shin Corp အကျိုးစီးပွားအတွက် အာဏာကို အသုံးပြုခဲ့တယ်လို့ ထိုင်းတရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် သူ့မိသားစုပိုင်တဲ့ ဒေါ်လာ သန်း ၁,၄၀၀ ကို သိမ်းဆည်းဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သူ့ကို ထောက်ခံသူတွေက အမျက်ဒေါသ ထွက်ခဲ့ကြပါတယ်။
ဒီအတောအတွင်း ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် (Bhumibol Adulyadej) က သူ ဆေးကုသမှု ခံယူနေရတာ ၅ လလောက် ရှိနေပြီဖြစ်တဲ့ ဆေးရုံကနေ မြို့တော် ဘန်ကောက်က နန်းတော်ကို တညတာ ပြန်လည် သွားရောက်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လဆန်းတုန်းက သူ့ရဲ့ ၈၂ နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်ခဲ့စဉ်ကစလို့ ပထမဆုံးအကြိမ် ဆေးရုံကနေ နန်းတော်ကို ပြန်ခဲ့တာ ဖြစ်ပါတယ်။
နန်းတော်ကို ပြန်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဘုရင့်နန်းတော်ကရော ဆေးရုံကရော ပြောဆိုတာမျိုး မရှိဘဲ တနင်္ဂနွေမနက် အစောပိုင်းမှာပဲ ဆေးရုံကို ဘုရင်ကြီး ပြန်သွားခဲ့တဲ့အကြောင်း ပြောဆိုပါတယ်။