သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဘေး နိုင်ငံတကာ အကူအညီ ပေးဖို့ ချီလီသမ္မတ ပန်ကြား


လူပေါင်း ၇၀၀ ထက်မနည်း သေဆုံးခဲ့ရလောက်အောင် ချီလီနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ မြေငလျင်ဒဏ် ကယ်ဆယ်ရေးအတွက် နိုင်ငံတကာ အကူအညီတွေ ပေးကြပါလို့ ချီလီသမ္မတ မစ်ရှဲလ် ဘာချီလက် (Michelle Bachelet) က ပန်ကြားခဲ့ပါတယ်။

ငလျင်ဒဏ် ကယ်ဆယ်ရေးတွေ ဆက်ပြီးလုပ်နေတာနဲ့ အတူ သေဆုံးသူ အရေအတွက် ပိုများလာနိုင်တယ်လို့လည်း သမ္မတ ဘာချီလက်က တနင်္ဂနွေနေ့တုန်းက ပြောပါတယ်။

ချီလီနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကွန်ဆပ်ဆီယွန် (Concepcion) မြို့မှာ ပြိုကျသွားတဲ့ အဆောက်အဦးတခု အောက်မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးတွေ ကြိုးစားနေကြပါတယ်။ အဆောက်အဦးပျက် အောက်မှာ လူ ၅၀ လောက် အသက်ရှင် ပိတ်မိနေနိုင်တယ်လို့ ရှာဖွေသူတွေက ယုံကြည်ထားပါတယ်။

ကွန်ဆပ်ဆီယွန်မြို့မှာ တနင်္ဂနွေနေ့မှာပဲ လုယက်သူတွေဟာ ဆိုင်တွေထဲကို ဝင်ပြီး အစားအသောက်တွေ၊ လျှပ်စစ်ပစ္စည်းတွေကို လုယက် ယူခဲ့ကြပါတယ်။ စူပါမားကက် တခုမှာဆိုရင် လုယက်သူတွေကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေကို သုံးခဲ့ကြရပါတယ်။

ကွန်ဆပ်ဆီယွန်နဲ့ မအော်လေး ဒေသတွေမှာ ဥပဒေမဲ့ ဖြစ်နေတာတွေကို တားဆီးနိုင်ဖို့အတွက် ညမထွက်ရ ကာဖျူးအမိန့်ကို သက်ဆိုင်ရာက ထုတ်ထားပါတယ်။

စနေနေ့တုန်းက ပြင်းအား ၈.၈ နဲ့ လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျ၊ မော်တော်ကားတွေ ပက်လက်လန်၊ လမ်းတွေ တံတားတွေ ပျက်စီးပြီး ရေ၊ မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG