သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်တိုက်ဖျက်ရေး နိုင်ငံတကာ ဥပဒေကို မြန်မာ လိုက်နာမှုမရှိ


မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ နိုင်ငံတကာ သဘောတူညီချက်တွေ အတိုင်း ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံတခု ဖြစ်တယ်လို့ ၂၀၀၉ ခုနှစ် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ အညီ လိုက်နာဆောင်ရွက်တယ် ဆိုတာကို ပြသဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေကို အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာက ထည့်သွင်း ဖော်ပြပါတယ်။ မနေ့က မတ်လ ၁ ရက်နေ့ နေ့စွဲနဲ့ ဒီအစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒီလို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် မလုပ်နိုင်တဲ့ နိုင်ငံတွေအနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ခံရနိုင်ပါတယ်။ ဒီလိုခံရဖို့လည်း သတ်မှတ်ချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေကိုတော့ အဲဒီနိုင်ငံတွေကို ပေးနေတဲ့ အကူအညီပေးရေး အစီအစဉ် တချို့ကြောင့် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အမိန့်နဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်ဖို့ သတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးထားပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာထဲမှာ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်တဲ့ ဒါမှမဟုတ် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ အဓိက ဖြတ်သန်းသွားတဲ့ နိုင်ငံ ၂၀ ကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ မက္ကဆီကို၊ ပနားမား၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်တဲ့ နိုင်ငံတခု ဖြစ်နေပြီး စီးပွားရေးလုပ်ငန်း တော်တော်များများကို အစိုးရနဲ့ ရင်းနှီး ကျွမ်းဝင်သူတွေက ချုပ်ကိုင်ထားတဲ့နိုင်ငံ ဖြစ်တဲ့အကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေဟာ ငွေမည်းတွေကို ခဝါချဖို့အတွက် အဓိကလုပ်ကိုင်တဲ့ လုပ်ငန်းတွေ ဖြစ်လာပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာစစ်အစိုးရက စီးပွားရေးဘဏ်တွေက တဆင့် ငွေမည်း ခဝါချမှု တိုက်ဖျက်ရေးမှာ တိုးမြှင့်ပြီး ဆောင်ရွက်လာခဲ့တာတွေ ရှိပေမဲ့ တိုင်းပြည်အတွင်းမှာရှိတဲ့ စီးပွားရေးဘဏ်တွေနဲ့ ငွေကြေး အဖွဲ့အစည်းတွေရဲ့ ခေတ်မီမှု အားနည်းနေတာ၊ စည်းမျဉ်းစည်းကမ်းတွေထက် တရားမဝင် ကုန်သွယ်ရေးက အဓိက လွှမ်းမိုးနေတာတွေကြောင့် ငွေမည်း ခဝါချမှုတွေကို ထိထိရောက်ရောက် မတိုက်ဖျက်နိုင်ဘူးဆိုပြီး အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါကြောင့်လည်း အခြေခံ အဆောက်အဦးတွေ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တခြား ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ငွေကြေးလုပ်ငန်းတွေမှာ ဒီလို တရားမဝင် ငွေဖြူတွေ ခဝါချထားတဲ့ငွေတွေ စီးဝင်မှုကို ကာကွယ်နိုင်မှု အားနည်းတယ်ဆိုပြီး အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ စစ်အစိုးရဘက်က လုံခြုံရေးယူနိုင်မှု အားနည်းပြီး လက်နက်ကိုင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အားနည်းချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကြီးထွားနေတဲ့အတွက်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ ငွေမည်းကို ငွေဖြူအဖြစ် ခဝါချမှုတွေကို ထိထိရောက်ရောက် မတိုက်ဖျက်နိုင်တာလို့ အစီရင်ခံစာက ထောက်ပြပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ လာဘ်ပေးလာဘ်ယူမှုတွေကို စာရင်းပြုစုလေ့ရှိတဲ့ Transparency International အဖွဲ့ကြီးရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာထဲမှာ နိုင်ငံပေါင်း ၁၈၀ ထဲက ၁၇၈ အဆင့်ရှိတဲ့ အဆိုးဝါးဆုံး နိုင်ငံတခု ဖြစ်တဲ့အကြောင်းကိုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာက ကိုးကားဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG