သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူ မကြာမီ လွတ်မြောက်တော့မည်


ဖမ်းဆီးထောင်ချခံထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ ကိုဖိုးဖြူကို အာဏာပိုင်တွေက ပြစ်ဒဏ်တွေ လျှော့ချပေးလိုက်တဲ့အတွက် ပြန်လည် လွတ်မြောက်လာတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) က လူငယ်ရှေ့နေ ကိုဖိုးဖြူ အပါအဝင် အလုပ်သမားရေး လှုပ်ရှားသူတွေကို ဖမ်းဆီး အရေးယူမှုတွေနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ ရှိခဲ့ပြီးတဲ့နောက် ပြစ်ဒဏ်တွေက သက်သာရ ရခဲ့တာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

တရားမဝင် အသင်းအဖွဲ့တွေ ဖွဲ့စည်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး မကွေးတိုင်း သရက်ထောင်မှာ ထောင်ဒဏ် ၄ နှစ် အပြစ်ပေး ခံထားရတဲ့ ကိုဖိုးဖြူရဲ့ အမှုကို သူ့ရဲ့ အကျိုးဆောင် ရှေ့နေတွေက မကြာသေးခင်တုန်းကပဲ လျှောက်လဲခဲ့ပြီးနောက် အခုအခါ ပြစ်ဒဏ်တွေက လျှော့ပေါ့ပေးလိုက်တာမို့ လွတ်မြောက်လာတော့မှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ကတည်းက ဖမ်းဆီးခံထားရတဲ့ လူငယ်ရှေ့နေ တဦးဖြစ်တဲ့ ကိုဖိုးဖြူကို အသင်းအဖွဲ့များဆိုင်ရာ ဥပဒေပုဒ်မ ၆ နဲ့ ထောင်ဒဏ် ၄ နှစ် စီရင်ထားတဲ့ အမှုအတွက် အယူခံ ပြန်လည် လျှောက်ထားခဲ့တာကို အာဏာပိုင်တွေက လက်ခံကြားနာပြီးတဲ့နောက် တနင်္လာနေ့တုန်းကပဲ အခုလို ပြစ်ဒဏ်က လျှော့ပေးလိုက်တာလို့ သူ့ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးမြင့်သွင်က ပြောပါတယ်။

“ကိုဖိုးဖြူကို ၁ ရက်နေ့က အမိန့်ချပြီခင်ဗျ။ ထောင်ဒဏ် ၄ နှစ်ကနေ ၃ နှစ်လျှော့လိုက်တယ်။ ချုပ်ရက် ၁ နှစ်နဲ့ဆိုရင် ကိုဖိုးဖြူကို အခု လွှတ်ဝရမ်းရောက်တာနဲ့ လွှတ်လို့ရပါပြီ။ နေပြည်တော်က မနေ့က အမိန့်ချတယ်လို့ သိရပါတယ်။ ကိုဖိုးဖြူကို မကွေးမြို့နယ် တရားရုံးကနေ ပြစ်ဒဏ်ချတဲ့အခါ ကျနော်တို့ မကွေးခရိုင် တရားရုံး၊ မကွေးတိုင်း တရားရုံးနဲ့ မန္တလေး တရားရုံးချုပ်ကို ဆင့်ကဲဆင့်ကဲ တက်ပါတယ်။ တက်တော့ အပယ်ခံရတယ်။

“အဲဒီအချိန်မှာ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ ၈ အရ တရားသူကြီးချုပ်က ညွှန်ကြားချက်အရ ကိုဖိုးဖြူအမှုကို ရုံးချုပ်မှာ ကြားနာဖို့ ခေါ်ပါတယ်။ ကျနော်တို့ကလည်း နေပြည်တော် တရားရုံးချုပ်မှာ သွားပြီး ကြားနာပြီးတော့ အခု ၁ ရက် နေ့ကပဲ ပြစ်ဒဏ် ၄ နှစ်ထဲက ၃ နှစ်လျှော့တယ်ဆိုတဲ့ အမိန့်ကို ချတယ်လို့ ကျနော်တို့ အတိအကျ သိရပါတယ်။”

ပြီးခဲ့တဲ့နှစ်ထဲမှာတုန်းက မကွေးတိုင်း အောင်လံမြို့နယ်ထဲက မြေသိမ်းခံရတဲ့ လယ်သမားတွေရဲ့ နစ်နာမှုတွေကို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ထံ လယ်သမားတွေဘက်က ရှေ့နေလိုက် တိုင်ကြားခဲ့တဲ့နောက် အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ပြစ်ဒဏ်စီရင်ခံခဲ့ရပြီးတဲ့နောက် အမှုနဲ့ ပတ်သက်လို့ အဆင့်ဆင့် အယူခံတွေ ဝင်ခဲ့ပေမဲ့လည်း ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး မူလပြစ်ဒဏ်တွေထက် လျှော့ပေါ့ပေးလိုက်တဲ့အတွက် ကိုဖိုးဖြူ ပြန်လည်လွတ်မြောက်လာမှာ ဖြစ်ပေမဲ့လည်း တကယ်တော့ ဥပဒေကြောင်းအရ မူလကတည်းက သူဟာ ပြစ်ဒဏ်မပေးထိုက်သူ တဦးလို့လည်း သူ့ရဲ့ ရှေ့နေဖြစ်တဲ့ ဦးမြင့်သွင်က ပြောပါတယ်။

“ဥပဒေအရ ပြောရရင် မချသင့်ဘူးခင်ဗျ။ ချလည်း မချထိုက်ပါဘူး။ သူ့မှတ်တမ်းထဲမှာ တွေ့တာ သူတို့ သူငယ်ချင်း ၇ ယောက်က ရှေ့နေ လူငယ်များအဖွဲ့ ဖွဲ့မယ်ဆိုပြီး မှတ်တမ်းလေး ရေးထားတာပါ။ အဲဒီမှတ်တမ်း ရေးထားတာကိုပဲ စွပ်စွဲတဲ့နေရာမှာ အသင်းအဖွဲ့ ဥပဒေပုဒ်မ ၃(ဂ) အရ မှတ်ပုံမတင်ဘဲ ဖွဲ့တယ်ဆိုပြီး စွပ်စွဲပါတယ်။ စွပ်စွဲပြီး ၅(ဂ) အရ နိုင်ငံတော် ယန္တရားကို အနှောင့်အယှက် ပြုတယ်ဆိုပြီး စွပ်စွဲတာပါ။

“တကယ်တမ်းကတော့ သူ သူငယ်ချင်းလေး ၇ ယောက်နဲ့ Law Farm လေး လုပ်ထားတာက အသင်းအဖွဲ့ ဥပဒေအရ မှတ်ပုံတင်စရာလည်း မလိုပါဘူး။ Law Farm အနေနဲ့ သူငယ်ချင်းတွေ စုစည်းပြီးတော့ လိုက်လို့ရပါတယ်။ တကယ်တမ်း ကိုဖိုးဖြူလိုက်တဲ့ အမှုတွေကလည်း အသင်းအဖွဲ့ အနေနဲ့ နာမည်ခံပြီး လိုက်တာမဟုတ်တဲ့အတွက် ကိုဖိုးဖြူဟာ စွပ်စွဲတဲ့ ဥပဒေနဲ့ မငြိစွန်းဘူးခင်ဗျ။ လွှတ်ကို လွှတ်ရမှာပါ။”

ကိုဖိုးဖြူရဲ့ ဥပဒေ အကျိုးဆောင်ဖြစ်တဲ့ ဦးမြင့်သွင် ပြောပြသွားတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးရှေ့နေ ကိုဖိုးဖြူ လိုက်ပါအကျိုးဆောင်ပေးခဲ့သူတွေ အပါအဝင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ အပြစ် ပေး ခံထားရတဲ့ အောင်လံမြို့က လယ်သမား ၁၁ ယောက်နဲ့ ကိုဖိုးဖြူတို့ရဲ့ အမှုနဲ့ ပတ်သက်လို့လည်း ILO ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကာရီ တာပီယိုလာ (Kari Tapiola) ဦးဆောင်တဲ့ အဖွဲ့က သူတို့ရဲ့ ဇန်နဝါရီလ ခရီးစဉ်အတွင်း မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ့နောက် အောင်လံမြို့က လယ်သမားတွေကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းက ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG