သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်သူလယ်သမား ကိုယ်စားပြု အဖွဲ့အစည်းတွေ လိုအပ် - NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး


ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အတွက် နိုင်ငံတော် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တောင်သူလယ်သမားတွေကို သဝဏ်လွှာ ပေးပို့ပြီး စစ်အစိုးရရဲ့ အင်တိုက်အားတိုက် ဆောင်ရွက်မှုတွေကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုတွေ ရှိနေတယ်လို့ တင်ပြခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ တောင်သူလယ်သမားတွေ အနေနဲ့ အခုအခါမှာ သူတို့ဘက်က ရပ်တည်ပေးနိုင်မယ့် အဖွဲ့အစည်းမျိုး မရှိတဲ့အတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တောင်သူလယ်သမားတွေဟာ မြန်မာနိုင်ငံအတွက် အဓိကကဏ္ဍကနေ ပါဝင်လှုပ်ရှားနေတာမို့ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပေမဲ့ လက်တွေ့မှာတော့ တကယ်ထိရောက်တဲ့ တိုးတက်မှုတွေ ရှိတာကို မတွေ့ရဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြင်ပါတယ်။ ဒါ့အပြင် ဒီကနေ့ ကျင်းပနေတဲ့ တောင်သူလယ်သမားနေ့ဟာ ဦးနေဝင်း လက်ထက်ကမှ စတင်ခဲ့တဲ့ နေ့တနေ့ဖြစ်ပြီး အဲဒီအချိန်ကတည်းက အခုအချိန်ထိ တောင်သူလယ်သမားတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ရေရှည်အကျိုးစီးပွားကို ချမှတ်နိုင်ခဲ့တာမျိုး မရှိဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ဒီတောင်သူလယ်သမားနေ့ ဖြစ်လာတာကလည်းပဲ ၁၉၆၂ ခုနှစ်တုန်းက ဦးနေဝင်းက စစ်တပ်နဲ့ အာဏာသိမ်းပြီးတဲ့နေ့ကို သတ်မှတ်ပြီးတော့ ဒါကို တောင်သူလယ်သမားနေ့လို့ ပြုလိုက်တာပါ။ ဟိုးအရင် ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းကတော့ တောင်သူလယ်သမားနေ့က နှစ်ဆန်း ၁ ရက်နေ့၊ ဇန်နဝါရီလဆန်း ၁ ရက်နေ့ပေါ့။ အဲဒါကို ပြောင်းပြီးတော့ မတ်လ ၂ ရက်နေ့ လုပ်တာပါ။

“တကယ်တမ်း ပြောရရင်တော့ ပြောကြတာ၊ ဆိုကြတာ၊ လုပ်ကြတာ၊ ကိုင်ကြတာတွေသာ ဖြစ်ခဲ့တာ၊ တောင်သူလယ်သမားနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် မဖြစ်ခဲ့ကြပါဘူး။ အခုလည်းပဲ တောင်သူလယ်သမားနေ့သာ ဆိုတယ်၊ တောင်သူလယ်သမားနဲ့ ပတ်သက်လို့ ရှိနေတဲ့ လက်ရှိအစိုးရ အနေနဲ့တော့ ဘာမှ ထူးထူးခြားခြားလုပ်တာ မရှိပါဘူး။”

တောင်သူလယ်သမားတွေ အနေနဲ့ အခုအခါမှာ သူတို့ဘက်က ရပ်တည်ပေးနိုင်မယ့် အဖွဲ့အစည်းမျိုး မရှိတဲ့အတွက် လယ်မြေ အသိမ်းခံရမှုတွေလို နစ်နာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ပြောပါတယ်။ NLD အဖွဲ့ အနေနဲ့ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းငယ်တွေ ဖွဲ့ပြီး ဆောင်ရွက်ပေးနေတာမျိုး ရှိတယ်လို့လည်း ပြောပါတယ်။

“အဖွဲ့ချုပ်အနေနဲ့ကတော့ CRPP ပေါ့ဗျာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုအဖွဲ့ပေါ့၊ တောင်သူလယ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်လိုသဘောထားရှိမယ် ဆိုတာကို ဟိုတုန်းက ထုတ်ပြန်ခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့ ဟိုတုန်းက လုပ်ကိုင်သလို အခုလည်းပဲ အဖွဲ့အစည်းတွေ ပြန်ပြီး ဖွဲ့ထားတဲ့အတိုင်း လယ်သမားတွေနဲ့ ပတ်သက်တဲ့ ကိစ္စအ၀၀ကို ပြန်လည်ပြီး လုပ်ကိုင်ပေးမယ်ဆိုတဲ့ သဘောထားတော့ ရှိပါတယ်။

“အခုအခါမှာတော့ တောင်သူလယ်သမားဘက်က ရပ်တည်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ မရှိတဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေဟာ တော်တော်လေး နစ်နာနေတဲ့၊ ခံစားနေရတဲ့ သဘောတော့ ရှိတာပေါ့ဗျာ။ တောင်သူလယ်သမားတွေက သူတို့ရဲ့ လယ်မြေကို ကိုယ်ပိုင် အာမခံပေးပြီး ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တဲ့ စနစ်မျိုး၊ ထိရောက်အောင် လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းမျိုး၊ အစိုးရမျိုး ဖြစ်လာရင်တော့ တောင်သူလယ်သမားတွေနဲ့ ပတ်သက်လို့ အကာအကွယ်၊ အစောင့်အရှောက် ရကြမှာပေါ့ဗျာ။”

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့အတွက် တောင်သူလယ်သမားတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ကြဖို့နဲ့ ပြည်ပ ကျောထောက်နောက်ခံနဲ့ နိုင်ငံတော် ဆူပူအောင် လုပ်မယ့်သူတွေကို ဖယ်ရှားဖို့အတွက် ပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် စစ်အစိုးရဘက်က အင်တိုက်အားတိုက် ဆောင်ရွက်မှုတွေကြောင့် ဆည်မြောင်း တာတမံ၊ မြေအောက်ရေနဲ့ ရေလှောင်ကန်တွေ အမြောက်အမြား ပေါ်ထွက်လာပြီး စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာတယ်လို့ တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့တော့ လက်တွေ့မှာ တောင်သူလယ်သမားတွေအတွက် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရဖို့က အဓိက အရေးကြီးတယ်လို့ မြင်ပါတယ်။

“လယ်ယာကိုင်းကျွန်း ချောင်းမြောင်း ဒါတွေလုပ်တာတွေကတော့ တိုင်းပြည်အတွက် အကျိုးပြုလုပ်ငန်းတွေ ဖြစ်တာပေါ့၊ ကျနော်တော့ အငြင်းမပွားပါဘူး။ သို့သော်လည်း လယ်သမားတွေနဲ့ ပတ်သက်လို့ သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့် ရနိုင်ဖို့က အရေးကြီးတယ်။ ကျနော်တို့ တပ်မှူးငယ် ဘဝတုန်းက မြန်မာနိုင်ငံတော်ကို ဘယ်လို ထူထောင်မလဲလို့ စဉ်းစားတဲ့အခါမှာ နိုင်ငံတချို့က လွတ်လပ်တာနဲ့ ပတ်သက်ပြီးတော့ အဓိက သိပ်ပြောပြီးတော့ ပြောတာလွတ်လပ်၊ နေတာလွတ်လပ်၊ စားတာလွတ်လပ်၊ သေတာလည်း လွတ်လပ်၊ ငတ်တာလည်း လွတ်လပ်၊ ဖြစ်ချင်သလိုဖြစ်ပြီး လွတ်လွတ်လပ်လပ်နေ ဆိုတဲ့သဘောမျိုးရှိတဲ့ နိုင်ငံမျိုးတွေလည်း ရှိတယ်တဲ့။

“နောက်နိုင်ငံတမျိုးကတော့ တိုင်းပြည်နဲ့ ပတ်သက်လို့ ဟိုဟာတွေ လုပ်ကိုင်ပေးတယ်၊ ဒီဟာတွေ လုပ်ကိုင်ပေးတယ်၊ ဟိုဟာ တည်ဆောက်ပေးတယ်၊ ဒီဟာ တည်ဆောက်ပေးတယ်၊ ပြောပါတယ်တဲ့။ ဒါပေမဲ့ အဲဒီထဲမှာရှိတဲ့ ပြည်သူလူထုတွေ အနေနဲ့တော့ တို့ကျွေးတာပဲ စားကြ၊ တို့ပေးတာပဲ ယူ၊ မင်းတို့ နေတာ အားလုံးတော့ အကာအရံထဲမှာ၊ အနှောင်အဖွဲ့ထဲမှာ ဟောဒီလိုနေကြ ဆိုတဲ့ နိုင်ငံတွေလည်း ရှိတယ်တဲ့။

“အဲဒီလိုရှိတဲ့ ကြားထဲမှာ ဘယ်လိုနိုင်ငံမျိုးကို တည်ထောင်မလဲဆိုတာ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးကတော့ အများစု စိတ်ချမ်းသာနိုင်မယ့် နိုင်ငံတခု ထူထောင်နိုင်ဖို့အတွက် လုံးပန်းကြပါစို့ ဆိုတာကိုတော့ ဒီလိုပဲ သြဝါဒ ရဖူးတယ်။ အခုအနေအထား အတိုင်းမှာတော့ ဘယ်လိုပုံစံနဲ့ ဆိုတာတော့လည်း နည်းနည်း ဆင်ခြင်သုံးသပ်ကြည့်ဖို့ လိုပါတယ်ဗျာ။

“ဘယ်သူကမှ ဒီနေ့ ရှေ့ဆက်ပြီး နိုင်ငံတော် ပူချင်အောင်၊ ဆူချင်အောင် မလုပ်ချင်ကြပါဘူး။ မလုပ်လည်း မလုပ်ပါဘူး။ ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုက ဒီလို ဆူတာ၊ ပူတာ၊ လှုံ့ဆော်တာတွေနဲ့ ပတ်သက်လို့ မူဝါဒ သဘောထားကို တည်ထောင်စဉ် ကာလကတည်းက မရှိပါဘူး။

“အခုကြည့်ပါ၊ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ၊ ကျနော်တို့ လမ်းမှာ အေးချမ်းသာယာစွာနဲ့ သွားရောက်ပြီးတော့ ပြည်သူလူထုကို စည်းရုံး လှုပ်ရှားနေတာကိုပင်လျှင် ကျနော်တို့ ခံရစေဦးတော့၊ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီအပေါ်မှာ ပြေလည်ရာ ပြေလည်ကြောင်း၊ သဟဇာတ ဖြစ်ရာဖြစ်ကြောင်း အများကြီး မူထားပြီးတော့ ပြောနေတာ ရှိပါတယ်။ ဒီလိုဟာမျိုး မရှိပါဘူးဆိုတဲ့ သဘောပဲ ကျနော်တို့က ရပ်တည်နေတာပါ။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG