သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂ မြန်မာအတွက် လူသားချင်းစာနာမှု အထောက်အကူ ယူရို ၁၇ သန်းကျော် ပေး


မြန်မာနိုင်ငံအတွင်းက ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသတွေနဲ့ ထိုင်း၊ မြန်မာ နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေအတွက် EU ဥရောပသမဂ္ဂကနေ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးနေရာမှာ ၂၀၁၀ ခုနှစ် အတွက်တော့ အမေရိကန်ဒေါ်လာ ၂၃ သန်းခွဲလောက်နဲ့ ညီမျှတဲ့ ယူရို ၁၇.၂၃ သန်းကို ထောက်ပံ့ပေးသွားဖို့ ရှိနေပါတယ်။ ဘယ်လိုကဏ္ဍတွေကို အဓိက အကူအညီ ပေးသွားမလဲ ဆိုတာတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခု ဥရောပသမဂ္ဂက ချမှတ်ပေးတဲ့ ထောက်ပံ့ငွေ ယူရို ၁၇ သန်းကျော်ကျော်ထဲက ၉ သန်းကျော်ကို မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှု နည်းနေသေးတဲ့ ဒေသတွေ၊ အထူးသဖြင့်တော့ ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသား ဒေသတွေမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်။

ခရစ္စတိုဖာ ရယ်တီယန် (Christophe Reltien) ဟာ ECHO လို့ခေါ်တဲ့ ဥရောပနိုင်ငံများ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးက မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲတာဝန်ခံ ဖြစ်ပါတယ်။ သူက အခုပေးတဲ့ အကူအညီငွေ အများစုကို ကျန်းမာရေးနဲ့ အာဟာရဖွံ့ဖြိုးမှု လုပ်ငန်းတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ဒီထောက်ပံ့ငွေ အများစုကို ကျန်းမာရေးနဲ့ အာဟာရဖွံ့ဖြိုးမှု လုပ်ငန်းတွေမှာ အသုံးချသွားမှာ ဖြစ်ပါတယ်။ နောက် တိုင်းပြည်ထဲက တချို့ဒေသတွေမှာ ရေကောင်း ရေသန့် ရရှိရေးနဲ့ မိလ္လာကျင်းဆိုင်ရာ လုပ်ငန်းတွေ၊ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေမှာလည်း သုံးစွဲသွားမှာ ဖြစ်ပါတယ်။”

သူပြောသွားတဲ့ ကာကွယ်စောင့်ရှောက်ရေး ဆိုတဲ့အထဲမှာ လူ့အခွင့်အရေးနဲ့ တခြား နိုင်ငံရေး လုပ်ငန်းတွေတော့ မပါဘူးလို့ ခရစ္စတိုဖာ ရယ်တီယန်က ခွဲခြား ပြောသွားပါတယ်။ အဲဒီ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လုပ်ငန်းတွေကိုတော့ EU ရဲ့ တခြားရုံးခွဲတွေကနေ တဆင့် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဥရောပကော်မရှင်က မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေကိုတော့ ရန်ကုန်မှာရှိတဲ့ EU ECHO ရုံးက ကြီးကြပ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

EU အနေနဲ့ ဒီလုပ်ငန်းတွေကို အကောင်အထည် ဖော်ရာမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းအောက်က NGO တွေနဲ့ တိုက်ရိုက် ဆက်သွယ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တခြား မြန်မာနိုင်ငံအတွင်းက ဒေသခံ NGO တွေနဲ့တော့ တိုက်ရိုက်မဟုတ်ဘဲ တဆင့်သဘောမျိုး လုပ်ငန်းတွေကို ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ ပူးပေါင်း လုပ်ဆောင်ကြမယ့် NGO နဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ရှိပါတယ်။ သူတို့ကပဲ ဒီလုပ်ငန်းတွေကို အကောင်အထည် ဖော်ပေးကြမှာပါ။ ECHO ရုံးအနေနဲ့ တိုက်ရိုက် ပူးပေါင်း မလုပ်ဆောင်ပေမဲ့လည်း ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒေသခံ NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ ဌာနေ ဒေသခံ NGO တွေကို တတ်နိုင်သလောက် အသုံးပြုကြဖို့လည်း ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျနော်တို့ အမြဲတမ်း တိုက်တွန်းနေပါတယ်။”

ဒေသခံ NGO တွေထဲက ဘယ်အဖွဲ့အစည်းတွေကို အသုံးပြုမယ် ဆိုတာကိုတော့ အခုချိန်မှာ စိစစ်နေတုန်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အကူအညီတွေ ဘယ်နေရာ လိုအပ်တယ်၊ ဘယ်နေရာတွေကို အထောက်အပံ့တွေ ပေးသင့်တယ် ဆိုတာကိုတော့ သူကိုယ်တိုင် အပါအဝင် EU ကိုယ်စားလှယ်တွေ သွားရောက်လေ့လာပြီးမှ ဆုံးဖြတ်ချက်ချတာ ဖြစ်တယ်လို့ ခရစ္စတိုဖာ ရယ်တီယန်က ပြောပါတယ်။

“ဘယ်ဒေသကို ကူညီသင့်တယ် ဆိုတာက ကျနော်တို့ရဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ ကျနော်တို့ လုပ်ဖော် ကိုင်ဖက်တွေရဲ့ လေ့လာတွေ့ရှိချက်တွေ အပေါ်မှာ မူတည်ပါတယ်။ မှန်ပါတယ်၊ တချို့ဒေသတွေဟာ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြား တိုင်းရင်းသားဒေသ မဟုတ်တဲ့ နေရာတွေမှာလည်း ကျနော်တို့ အကူအညီတွေ ပေးနေပါတယ်။”

အခုထောက်ပံ့ငွေတွေထဲက ကျန်နေသေးတဲ့ ယူရို ၈ သန်းလောက်ကိုတော့ ထိုင်း၊ မြန်မာ နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကူညီမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ကူညီရာမှာလည်း မြန်မာနိုင်ငံအတွင်းမှာ ကူညီသလိုပဲ ကျန်းမာရေး စောင့်ရှောက်မှု၊ အစာ အာဟာရ ဖွံ့ဖြိုးမှု ရရှိရေး စတာတွေကို ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

EU ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့ အကူအညီတွေ ၁၉၉၉ ခုနှစ်လောက်ကစပြီး ပေးလာတာမှာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာတော့ EU ရဲ့ ECHO ရုံးခွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို လူသားချင်း စာနာတဲ့ ထောက်ပံ့ငွေတွေ နှစ်စဉ်ပေးလာတာမှာ မနှစ်ကလည်း အလားတူ ငွေကြေးပမာဏနဲ့ ညီတဲ့ အကူအညီတွေကို မြန်မာနိုင်ငံကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ECHO ဥရောပနိုင်ငံများ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးက မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ခရစ္စတိုဖာ ရယ်တီယန်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG